Monday, September 28, 2015

တရားသူကြီးခရီးသွားနေ၍ မဲဆွယ်စည်းရုံးရေး နှောင့်ယှက်သူအား တရားမစွဲနိုင်သေး

ဟိန်းကိုစိုး

တရားသူကြီးခရီးသွားနေသဖြင့် မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်သည်ဟု ယူဆထားသူအား တရားမစွဲနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါက်တာဝင်းအောင်က စက်တင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

"မနေ့က အခင်းဖြစ်တဲ့နေရာခေါ်ပြီး ရဲကမှတ်တမ်းယူတယ်။ တရားစွဲဖို့ကိုကျတော့ တရားသူကြီးခရီးသွားလို့ တရားစွဲလို့ မရသေးဘူးပြောတယ်။ မဲဆွယ်စည်းရုံးရေး အပြန်ကားကိုတားပြီး ညစ်ညစ်ညမ်းညမ်း လုပ်ပြတာ။ ကားတန်းမှာက အမျိုးသမီးတွေလည်းပါတယ်။ အမှုကို ၂၂ ရက်နေ့က ရဲကအမှုလက်ခံပြီး ဖွင့်ပေးတယ်။" ဟု ၄င်းကပြောကြားသည်။

NLD အမတ်လောင်းများ ခင်ဦးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးမှအပြန် စက်တင်ဘာ ၂၀ရက် ညနေ ၆နာရီခွဲအချိန် ရွာသန်းကျေးရွာသို့အဖြတ်တွင် အမျိုးသားတစ်ဦးက စည်းရုံးရေးယာဉ်တန်းကိုတားကာ ၄င်းနှင့် တစ်ခြားအပေါင်းအပါ အမျိုးသားတစ်ဦးတို့က ညစ်ညမ်းသည့်အပြုအမှု၊ ပုဆိုးလှန် ကပြခြင်းတို့ဖြင့် နှောက်ယှက်ခဲ့သည်ဟု ဒေါက်တာဝင်းအောင် က ဆိုသည်။ ယင်းဖြစ်စဉ်ကို ဒေါက်တာဝင်းအောင်က ရဲစခန်းသို့ ၂၀ ရက်နေ့ကပင် တိုင်ကြားအမှုဖွင့်ခဲ့သော်လည်း အခြားအကြောင်း အရာများ ဆောင်ရွက်နေခြင်းကြောင့် စက်တင်ဘာ ၂၂ ၌သာ အမှုလက်ခံပေးခဲ့ သည်ဟု ခင်ဦးမြို့နယ် NLD မှ သိရသည်။

ခင်ဦးရဲစခန်းက ယင်းဖြစ်စဉ် ကျူးလွန်သူဟု ယူဆရသူ ဦးမင်းထွန်းဦးနှင့် မောင်မျိုးတို့ကို စစ်ဆေးမှုများပြုလုပ်နေပြီး ၄င်းတို့နှစ်ဦးအား ပြစ်မှုဆိုင်ရာဥပဒေနံပါတ် (ပ) ၂၃၃/၂၀၁၅ ညစ်ညမ်းစွာ ဆဲရေးခြင်း ၊ပြုလုပ်မှုကို အားပေးခြင်း ပုဒ်မ ၂၉၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ခင်ဦးမြို့မရဲစခန်း တာဝန်မှူးက မဇ္ဈိအား ပြန်လည်ဖြေကြားသည်။ ခင်ဦးမြို့နယ်တွင် NLD မှ ဒေါက်တာဝင်းအောင် (ပြည်သူ့လွှတ်တော်)၊ ဒေါ်သင်းသင်းကြူ (စစ်ကိုင်းတိုင်း လွှတ်တော် မဲဆန္ဒနယ် ၁) နှင့် ဦးကျော်မင်းထွန်း (စစ်ကိုင်းတိုင်း လွှတ်တော်မဲဆန္ဒနယ် ၂) တို့အပြင် ပြည်ခိုင်ဖြိုးမှ ဦးအောင်မျိုးငြိမ်း (ပြည်သူ့လွှတ်တော်)၊ ဒေါက်တာအောင်သန်း၊ ဦးထွန်းမြင့်တို့အပါအ၀င် ပါတီ ၅ခုမှ အမတ်လောင်း ၁၃ ဦးထိ ၀င်ရောက်ကြမည်ဖြစ်သည်။ -

No comments: