မဇ္ဈိမ
ဆေးခြောက်လက်ဝယ် တွေ့ရှိမှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ကျခံနေရသူ သရုပ်ဆောင် ရဲတိုက်ကို လွှတ်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်း လက်မှတ်ထိုးလျက် စက်တင်ဘာ ၁၅ ရက်တွင် သမ္မတထံ တင်ပြ တောင်းဆိုထားသည်။
“သရုပ်ဆောင် ရဲတိုက်မှာ စိတ်ထားကောင်းမွန်ပြီး အနုပညာကို မြတ်နိုးခုံမင်သူ အများအကျိုးအတွက် ပရဟိတလုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်နေသူ လူငယ်တစ်ဦး၏ အနာဂတ်အတွက် သမ္မတကြီးအနေဖြင့် ထောက်ထား ငဲ့ညာစွာဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အခါ ထည့်သွင်းစဉ်းစားပေးပါရန်” ဟု သမ္မတထံ လိပ်မူသည့် စာတွင်ပါရှိသည်။
ရဲတိုက်ကို လွှတ်ပေးရန် မတ်လ ကတည်းက တင်ပြတောင်းဆိုရန် စီစဉ်ခဲ့သော်လည်း ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ကိုပြင်ဆင်ပေးရန် တောင်းဆိုမှုများနှင့် တိုက်ဆိုင်နေခြင်းကြောင့် ဆိုင်းငံ့ထားခဲ့ရသည်ဟု ဒါရိုက်တာ ရီဇော်က မဇ္ဈိမကို ပြောသည်။
လက်မှတ်ရေးထိုး တောင်းဆိုထားသည့် အနုပညာရှင်များတွင် ဇင်ဝိုင်း၊ ဝေဋ္ဌုကျော်၊ မင်းမော်ကွန်း၊ မြေတီဦး၊ နေတိုး၊ မြင့်မြတ်၊ သူထူးစံ၊ နေအောင်၊ ရန်အောင်၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ အိန္နြာကျော်ဇင်၊ သက်မွန်မြင့်၊ ၀တ်မှုန်ရွှေရည်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ ဒါရိုက်တာ ၀ိုင်း၊ မင်းထင်ကိုကိုကြီး၊ ၀င်းထွန်းထွန်း၊ ပန်းချီစိုးမိုး၊ မောင်မောင်ဦး(စနိုးဝှိုက်) စသည့် အထင်ကရ သရုပ်ဆောင်များနှင့် ဒါရိုက်တာများ ပါဝင်သည်။
ရဲတိုက်ကို ၂၀၁၄ ခုနှစ် ဧပြီလ ၇ ရက်က ပဲခူးတိုင်း ကျောက်တံခါး မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင် ရဲတိုက်သည် ၂၀၁၃ ခုနှဏ် ဇူလိုင်လအတွင်း ပဲခူးတိုင်း ကျောက်တံခါး မြို့အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် ကျောက်တံခါး မြို့မရဲစခန်းမှ မူးယစ်ဆေးဝါး သုံးစွဲရန် လက်ဝယ်ထားရှိမှုဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ကျောက်တံခါး မြို့နယ် တရားရုံးက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။
သူသည် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်က ရန်ကုန်တိုင်း ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းအတွင်း ဆန္ဒဖေါ်ထုတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်မှု၊ ကြံစည်ပြုမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၉၅/(က)ဖြင့် အမှုဖွင့် ခံခဲ့ရသေးသည်။
No comments:
Post a Comment