နော်နိုရင်း
အမျိုးသမီးတွေအပေါ် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့ ဒီကနေ့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ဖဲကြိုးဖြူနေ့ (ခေါ်) နိုင်ငံတကာ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေရဲ့ဘ၀ လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစွာ နေ့စဉ်ကျော်ဖြတ်လာခဲ့ရတာရာစုဝက်ကျော်ရှိခဲ့ပြီး လတ်တလော ကချင်နဲ့ ရှမ်းဒေသတွေမှာ အစိုးရတပ်က ပြင်းထန်တဲ့ထိုးစစ်ဆင်နေတာဟာ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ထွက်ပြေးပုန်းရှောင်နေရပြီး အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေရသလို ကျန်းမာရေးစောင့်ရှောက်မှုတွေ လည်းမရရှိဘူးလို့ဆိုပါတယ်။
ဒါကြောင့် တက်လာမယ့် အစိုးရအပေါ် မျှော်လင့်ထားတယ်လို့လည်းအမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မွန်းနေလီက ပြောပါတယ်။
“ကျမတို့ကတော့ မျှော်လင့်ချက် အများကြီးထားပါတယ်။ အခုတက်လာမယ့် အစိုးရသစ်ပေါ်မှာပေါ့နော်။ ခေါင်းဆောင်ကလည်း အမျိုးသမီးဖြစ်နေတဲ့အပေါ်မှာ အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို နားလည်ပေးပြီးတော့ ဒီအမျိုးသမီးတွေ ခံစားနေရတဲ့ အကြမ်းဖက်မှု အထူးသဖြင့် ဒီတိုင်းရင်းသားဒေသမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပျက်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တခြားအကြမ်းဖက်မှုဆိုင်ရာ ကိစ္စတွေကို ပပျောက်သွားနိုင်အောင် တစုံတရာ လုပ်ဆောင်ပေးမယ်လို့ ကျမတို့ အထူးမျှော်လင့်ပါတယ်။”
အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ တောင်ကြီး၊ စစ်တွေ၊ ထားဝယ်၊ တမူး အစရှိတဲ့ မြို့တွေမှာလည်း ကျင်းပခဲ့ကြပါ။
တနင်္သာရီတိုင်း ထားဝယ်မြို့ ဇမ္ဗူရစ်ခန်းမမှာ ကျင်းပတဲ့ ဒီအခမ်းအနားနဲ့ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ်က မယ်စုစုဆွေက“ဖဲကြိုးဖြူတွေတပ်ဆင်တဲ့ အဓိပ္ပာယ်ကတော့ ကိုယ်ကိုယ်တိုင်ကလည်း အကြမ်းမဖက်ပါဘူး။ သူများကိုလည်း အကြမ်းဖက်ဖို့ကို အားမပေးဘူး။ သူများအကြမ်းဖက်တာ တွေ့နေရင်လည်း ရေငုံနှုတ်ပိတ်မနေပါဘူးဆိုတဲ့ ကတိက၀တ်ပေးတဲ့ အနေနဲ့ပေါ့နော် ဒီကနေ့ကနေစပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျမတို့က ၁၆ ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးနဲ့ လိင်ကိုအခြေပြုတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စကားဝိုင်းတွေလုပ်ဆောင်တာ၊ ဆိုင်းဘုတ်ထောင်ပြီး အသိပညာပေးတဲ့ အနေအထားစတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်တာဖြစ်တယ်။”လို့ပြောပါတယ်။
ရန်ကုန် မင်္ဂလာဒုံမြို့နယ်မှာ အမျိုးသမီးတွေက လူစည်ကားရာ နေရာတွေမှာ ငြိမ်းချမ်းရေး တည်ဆောက်ကြပါစို့ဆိုတဲ့ ပိုစတာနဲ့ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး စတစ်ကာတွေ လိုက်လံဖြန့်ဝေခဲ့တယ်လို့ ဖြန့်ဝေသူတဦးဖြစ်တဲ့ မချိုချိုက ပြောပါတယ်။
“ပို့စ်ကတ်ဆိုတာ တခုက ၂၁ ပင်လုံပေါ့နော်။ ငြိမ်းချမ်းရေး တည်ဆောက်ကြပါစို့ ဆိုတာလေ။ တိုင်းရင်းသားတွေ လက်တွဲထားတဲ့ပုံ ဝေတယ်။ နောက်တခုက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးမှသည် ပြည်သူတရပ်လုံး လွတ်မြောက်ရေးဆီသို့ ဆိုတဲ့ စတစ်ကာတွေ ကပ်တယ်။ ကျမတို့ လူစည်ကားတဲ့နေရာနဲ့ အဓိကက ကျောင်းတွေကို ဦးစားပေးပြီးတော့ ဝေတာလေ။”
မင်္ဂလာဒုံမြို့နယ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ စစ်သားတွေရဲ့ ဇနီးသည်တွေလည်း ပါဝင်ဆွေးနွေးကြတယ်လို့ မချိုချိုက ပြောပါတယ်။
သန်လျင်မြို့နယ်မှာလည်း ပိုစတာနဲ့ ဖဲကြိုးဖြူ ဖြန့်ဝေကာ စကားဝိုင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်လှုပ်ရှားသူ မဝင်းဝင်းမူက ပြောပါတယ်။
“ပြည်သူလူထုတွေ ငြိမ်းချမ်းဖို့ဆိုတာက ပြည်သူလူထုထဲမှာလည်း အမျိုးသမီးတွေက အများစုဖြစ်တယ်လေ။ စစ်ဖြစ်နေတဲ့ ဒေသအတွင်းက အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝ။ နောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ခံနေရတဲ့ တိုင်းရင်းသူ အမျိုးသမီးတွေ၊ နောက် မြန်မာပြည်တွင်းထဲမှာ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ပညာသင်ခွင့်၊ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုတွေ မရရှိတဲ့ အမျိုးသမီးတွေအားလုံး အဆင်ပြေသွားစေဖို့၊ ငြိမ်းချမ်းသွားစေဖို့အတွက် ဖဲကြိုးဖြူတွေ ကျမတို့ ဝေငှပြီးတော့ ဆုတောင်းပွဲလည်း လုပ်ကြတာပါ။”
အလားတူ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်မှာလည်း အလားတူ လှုပ်ရှားဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖဲကြိုးဖြူနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို အရင်နှစ်တွေကလည်း မြန်မာပြည်တွင်းမှာ ပြုလုပ်ခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ဒီနှစ်မှာတော့ ပိုပြီး လွတ်လပ်ပေါ်လွင်အောင် လှုပ်ရှားလို့ရတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၈၃ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အမှတ် ၅၃/၁၃၄ အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ်” ဆုံးဖြတ်ချက်ချ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment