အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ငွေတောင်းခံခြင်းများပြုလုပ်သည်ကို သက်သေအထောက်အထားဖြင့် တိုင်ကြားလာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားမည်ဟု အမှတ်(၃)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ (မန္တလေး)မှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကံသိန်းကပြောသည်။
"ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ငွေတောင်းတာတွေ့ရင် ဓာတ်ပုံရိုက်ပြီး Viber ကနေပြီးတော့ တိုင်ကြားနိုင်ပါတယ်။တိုင်ကြားတဲ့အပေါ် စိစစ်ပြီးအရေးယူသွားမယ်။" ဟု ဒုရဲမှူးကြီး ကံသိန်း က ပြောသည်။
မန္တလေးမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးရာတွင် ငွေကြေးတစ်စုံတစ်ရာ ရယူဖြေရှင်းမှု ရှိသည်ဟု ကြားသိရပြီး ထိုသို့ ရှိခဲ့ပါက ၀၉၂၆၅၅၁၂၂၄၃ သို့ သက်သေအထောက်အထားများ နှင့် အတူ Viber ဖြင့် ပေးပို့တိုင်ကြားနိုင်သည်ဟု သိရသည်။
ယင်းသို့ စည်းကမ်းမဲ့ယာဉ်များအား ဖမ်းဆီးမှုအစား ငွေတောင်းယူမှုများ ရှိနေကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့မှုအပေါ် " အဲဒီလိုတက်လာတာတွေကိုလည်း ဟုတ်မဟုတ် စိစစ်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်ပေါ့။ အခုနောက်ပိုင်းတော့ ငွေယူတာမရှိပါဘူး။"ဟု ဒုရဲမှူးကြီး ကံသိန်းကပြောသည်။
ယာဉ်မောင်းနှင်သူများအနေဖြင့် အိမ်ကထွက်သည့်နှင့် ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ ယာဉ်မောင်းလိုင်စင် စသဖြင့် ပါမပါစစ်ဆေးရမည်ဖြစ်ပြီး စည်းကမ်းတကျ မောင်းနှင်သွားလာလျှင် ဖမ်းဆီးစစ်ဆေးရန်မလိုသလို ယာဉ်ကြောရှုပ်ထွေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းသွားမည်ဟု ဒုရဲမှူးကြီး ကံသိန်းကဆိုသည်။
"အရင်ကတော့ အမှုအရေအတွက်အရ လုပ်ခဲ့တာတွေရှိတယ်။ ငွေယူပြီး ဘောင်ချာမဖြတ်တာတွေလည်း ရှိပါတယ်။အခုကတော့ အရင်လိုညှိနှိုင်းပေးလို့မရတော့ပါဘူး။ စည်းကမ်းနဲ့မညီညွှတ်ရင် အရေးယူပါတယ်။ လုပ်ဆောင်ချက်တွေက အများပြည်သူကို စိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး။ ပွင့်လင်းမြင်သာလုပ်နေပါတယ်။"ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ကိုကျော်စိုးဦးက "မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နေပြီဆိုရင် ပြည်သူကလည်း လိုက်နာမှာပါ။ တစ်ချို့ကတော့ စည်းကမ်းပျက်တယ်ကွာ ဘာဖြစ်လဲ ဖမ်းရင်ပိုက်ဆံပေးလိုက်မယ်ဆိုတဲ့ အတွေးတွေနဲ့ သူတွေလည်းရှိတယ်။ ယာဉ်ထိန်းကလည်း ငွေပေးရင်လွှတ်ပေးတာတွေရှိတယ်။ နားလည်းမှုနဲ့ လုပ်ခဲ့ကြတယ်။ အခုလို တိုင်လို့ရပြီဆိုတော့ နှစ်ဘက်စလုံး ကောင်းသွားမယ်လို့မြင်တယ်။ ယာဉ်ထိန်းကလည်း တကယ်ဖမ်းမယ်။ ပြည်သူကလည်း တကယ်လိုက်နာမယ်ဆို အားလုံးကောင်းသွားမှာပါ။ ကြိုဆိုပါတယ်။"ဟု ပြောသည်။
မန္တလေးမြို့ရှိ ယာဉ်သွားလာမှု ရှုတ်ထွေးသောနေရာများတွင် ဧရိယာများသတ်မှတ်ကာ တစ်ဖွဲ့လျှင် တပ်ဖွဲ့ဝင် ၂၀ ဦးဖြင့် စည်းကမ်းမလိုက်နာသောယာဉ်များကို စစ်ဆေးအရေးယူမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
No comments:
Post a Comment