Tuesday, September 20, 2016

ရေပေါ်ဆီနိုင်ငံရေး နှင့် ပြည်သူ့နိုင်ငံရေး

စောကပိ


မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ လုပ်ထုံး လုပ်နည်းဆိုင်ရာ အနည်းငယ်မျှ ကွဲလွဲမှုဟု ယူဆရသော ဖြစ်ရပ်တခုမှာ ရေပေါ်ဆီနိုင်ငံရေးက တဘက်နှင့် အခြား တဘက်တွင် ပြည်သူနိုင်ငံရေးမှ လက်တွေ့တွင် မတူညီသော နိုင်ငံရေးအတွေးအခေါ် ယူဆချက်နှစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ညီလာခံတခုလုံးကို တည်းဖြတ်ခြင်း မပြုဘဲ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ နိုင်ငံရေးနှင့် တိုင်းရင်းသား နောက်ခံအမျိုးမျိုးမှ လူပုဂ္ဂိုလ် ၇၂ ဦးတို့က နိုင်ငံအတွက် ၎င်းတို့၏ တွေးခေါ်မှုများနှင့် မျှော်လင့်ချက်များကို တင်ပြခဲ့ကြသည်။ ထို လူပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီပေါင်းစုံကို သာမက စစ်တပ်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ကိုယ်စားပြုကြသည်။ တင်ပြဆွေးမှုတခုလျှင် အချိန် ၁၀ မိနစ်စီ ခွင့်ပြုခဲ့သည်။

ထိုအစီအစဉ်ကို ကြိုတင်ပြင်ဆင် သဘောတူခဲ့ခြင်းရှိ၊ မရှိမှာ ပဟေဠိဖြစ်နေဆဲပင် ဖြစ်သည်။ မည်သူက တိုက်ရိုက် ထုတ်လွှင့်ခွင့်ပေးခဲ့သနည်း ဟူသော ကိစ္စမှာလည်း ခန့်မှန်းပြောဆိုရသော အနေအထားတွင်သာ ရှိသည်။

အထူးသဖြင့် ရေပေါ်ဆီနိုင်ငံရေးကို လက်ခံသောသူများ ပါဝင်သော အချို့က ထိုညီလာခံတခုလုံးကို အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက် ထုတ်လွှင့်ခြင်းသည် ပြဿနာသေတ္တာ Pandora’s box ကို ဖွင့်လိုက်ခြင်း ဖြစ်သည်ဟု မြင်ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များကို ညီလာခံ တက်ရောက်နေသော စစ်အရာရှိများ၏ ရှေ့တွင် လွတ်လပ်စွာ ပြောစေရုံ သာမက တနိုင်ငံလုံးသို့ ထုတ်လွှင့်ပြီးနောက် အခြေအနေ ထိန်းချုပ်မရ ဖြစ်သွားမည်ကို သူတို့စိုးရိမ်ကြသည်။

ဤသို့ စိုးရိမ်ပူပန်မှုများမှာ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ပဋိပက္ခများကို ရေပေါ်ဆီများက တံခါးပိတ် ဖြေရှင်းသင့်သည်ဟူသော အမြင်တွင် အခြေခံကြသည်။ ညီလာခံ၏ အစီအစဉ်ကို ပဋိပက္ခဖြေရှင်းရေး ပါရဂူများက ဂရုတစိုက် စီစဉ်ခဲ့သင့်ပြီး သာမန် နိုင်ငံသားများကမူ သတင်းစာရှင်းလင်းပွဲများမှ ထုတ်ပြန်သော သတင်း အချက်အလက်များ ရရှိသင့်ကြောင်း ၎င်းတို့ကယူဆသည်။

၎င်းတို့က တိုင်းရင်းသားများ၏ နိုင်ငံရေး တောင်းဆိုချက်များဖြင့် မြန်မာ့တပ်မတော်ကို စိုးရိမ်စိတ် မဖြစ်ပွားစေသင့်ကြောင်း၊ မြန်မာစစ်တပ်သည် တိုင်းရင်းသားများ၏ နိုင်ငံရေးအာဘော်ကို စိတ်မဝင်စားပါ ဟူသော အနှစ်သာရ အကင်းမဲ့ဆုံး စကားဖြင့် ငြင်းခုန်ပြီး မကြာခဏဆိုသလို သတင်းအချက်အလက် လုံခြုံရေး ရှုထောင့်မှ ဆွေးနွေးကြသည်။

အခြားသော အတွေးအခေါ်အုပ်စုမှာမူ နိုင်ငံ၏အခြေအနေ ပြည်သူများက ဆောင်ရွက်သော ပြည်သူ့နိုင်ငံရေးနှင့် ပိုမိုကိုက်ညီသည်။ ဤအယူအဆမှာ နိုင်ငံ၏ အကျပ်အတည်းဒုက္ခများကို ကျွန်ုပ်တို့အားလုံး ရိုးသား ပွင့်လင်းစွာ ဖြေရှင်းရမည်ဆိုလျှင် ကျွန်ုပ်တို့အားလုံသည် တူညီသော စာမျက်နှာတွင် ရှိနေပြီး ပန်းတိုင်ကို တူညီစွာ နားလည်သဘောတူရမည်။ ပြဿနာများကို စုပေါင်းရှာဖွေ၍ အတိမ်အနက်နှင့် အတိုင်းအတာကို အသိအမှတ်ပြုခြင်း ဟူ၍ဖြစ်သည်။ မည်သူမျှ ငွေကျည်ဆံ သို့မဟုတ် ပြဿနာကို လွယ်ကူလျင်မြန်စွာ ဖြေရှင်းနည်း ရှိသကဲ့သို့ ဟန်ဆောင်မနေသင့်ပေ။

ဤအမြင်တွင် နှစ်ပရိစ္ဆေဒ ကြာမြင့်နေသော နိုင်ငံ၏ နိုင်ငံရေး ပြဿနာများအတွက် အဖြေများသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား သဟဇာတဖြစ်မှု ကင်းမဲ့ခြင်းကြောင့် ဒုက္ခခံစားနေရသော ပြည်သူများထံမှ တိုက်ရိုက် လာသင့်သည်ဟု ယူဆသည်။

ဤအမြင်နှင့် ကိုက်ညီသော ပြည်သူများ (စာရေးသူ၏ အမြင်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) သည် အစဦးမှပင် မှန်ကန်သော အပြင်အဆင်နှင့် သဘောထားရှိရန် လွန်စွာအရေးပါသည်ကို သိရှိကြသည်။ ဤသမိုင်းဝင်ညီလာခံနှင့် ပတ်သက်၍ လူထုသို့ ပွင့်လင်းမြင်သာခြင်းဖြင့်သာ လိုအပ်သော ယုံကြည်မှုကို ရနိုင်သည်ဟု ၎င်းတို့ နားလည်ထားပုံရသည်။

ဒုတိယအုပ်စု၏ အမြင်သည် နောက်ဆုံးတွင် အနိုင်ရခဲ့ပုံရသည်။ ၂၁ ရာစုပင်လုံညီလာခံကို ၄ ရက်စလုံး အပြည့်အဝ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ပန်ဒိုရာ၏ ပြဿနာသေတ္တာကိုလည်း ဖွင့်ခဲ့ပြီးဖြစ်သည်။ သို့သော် နိုင်ငံ၏ နိုင်ငံရေးနှင့် စိတ်ဓာတ်ရေးရာ အခြေအနေများကို မှန်ကန်စွာ နားလည်ပြီး အများလက်ခံနိုင်သော အဖြေကိုရှာဖွေရန် ကြိုးစားပါက ထိုသို့လုပ်ဆောင်ခြင်းသည် လိုအပ်သော လုပ်ဆောင်မှု မဟုတ်ပါလော။

No comments: