Friday, October 2, 2015

နိုင်ငံရေးအကျဉ်းသားတွေ မလွတ်ရင် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသွားမည်ဟုဆို


မဘသအဖွဲ့ နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချနေ

ထက်နိုင်ဇော်


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဦးသိန်းစိန် အစိုးရ လက်ထက်၌ ပြဋ္ဌာန်းနိုင်ခဲ့သည့် မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်မှုကို မဘသ၏ နိုင်ငံရေး အောင်ပွဲအဖြစ် အခမ်းအနားများ၊ စီတန်းလှည့်လည်မှုများ တနိုင်ငံလုံးတွင် ကျင်းပပြုလုပ်လျက် ရှိပြီး အင်အား ပြသနေသည်။

ဦးသိန်းစိန် ပြဋ္ဌာန်းပေးခဲ့သည့် မျိုးစောင့်ဥပဒေများ တနိုင်ငံလုံးတွင် ထောက်ခံမှု အင်တိုက်အားတိုက် ပြုလုပ်နေခြင်း သည် လက်ရှိအစိုးရ၏ ဒုတိယ သက်တမ်းအတွက် မဲဆွယ်ပေးနေခြင်းလား ဟု မေးခွန်း ထုတ်လာကြသည်။

တိုင်းပြည်၏ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရဟု တရားဝင်ပြဋ္ဌာန်းထားသည်။

“မေးခွန်း ထုတ်စရာကောင်းတဲ့ အခြေအနေပေးတာကိုက မကောင်းဘူး။ တရားဥပဒေ စိုးမိုးရေး လို့ ပြောရင် ဒါတွေကို ကြည့် မနေသင့်ဘူး လို့ပြောရင် တိုင်မယ့်လူ မရှိလို အရေး မယူတာပါလို့ ပြောလိမ့်မယ်။ တိုင်မယ့်လူ မရှိလို့ လုံးလုံး အရေး မယူဘူး ဆိုတဲ့ ဖြစ်ရပ်မျိုး ကျမတို့ နိုင်ငံမှာ မရှိခဲ့ပါဘူး။ ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ တိုင်မယ့်လူ မရှိဘဲ တက်တက် ကြွကြွ အရေးယူခဲ့တာတွေ ရှိတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်းတဦးဖြစ်သူ စာရေး ဆရာမ မသီတာ (စမ်းချောင်း) က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် မန္တလေးမြို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ သည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ ဟုတ်မဟုတ် မဘသအဖွဲ့က စုံစမ်းလျက်ရှိပြီး မဘသ ဦးဆောင် ဆရာတော် ဦးဝီရသူက တိုင်းပြည်နှင့် ဗုဒ္ဓဘာသာကို ကာကွယ်မည့် အမျိုးကို စောင့်ရှောက်မည့်သူများကို ရွေးချယ်ရန် စက်တင် ဘာလ ၁၆ ရက်နေ့က တိုက်တွန်းလိုက်သည်။

တနိုင်ငံလုံးတွင်လည်း ပုံစံမျိုးစုံဖြင့် ပါတီတခုခု ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးဦးကို ဖြစ်စေ မဲထည့်ရန် မဘသက စည်းရုံးလျက် ရှိသည်။

ဆရာတော် ဦးဝီရသူက “ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက် ယုံကြည်စိတ်ချ အားကိုးရတဲ့ ဘယ်သူကို မဆို ပါတီအကြီးကြီးကပဲ ဖြစ်ဖြစ်၊ ပါတီသေးသေးလေးကပဲ ဖြစ်ဖြစ် တသီး ပုဂ္ဂလပဲ ဖြစ်ဖြစ် ရွေးချယ်ကြဖို့ တိုက်တွန်းတာ ပါ” ဟု ဧရာဝတီသို့ မိန့်သည်။

မဘသအဖွဲ့ဟု လူသိများသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ရေးဆွဲခဲ့သော ဥပဒေကြမ်း ၄ ခုကို လွှတ်တော်က အတည်ပြု ပေးခဲ့ပြီး ဥပဒေများ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဥပဒေသစ်များက အမျိုးသမီးများနှင့် မြန်မာနိုင်ငံ၏ လူနည်းစု မွတ်ဆလင်များအား ဆန့်ကျင်ခွဲခြားမှုများကို တရားဝင် ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောကြသည်။

မဘသ အဖွဲ့က ရွေးကောက်ပွဲများတွင် ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်မည့် အရိပ်လက္ခဏာ ပြသခြင်း မရှိသော်လည်း ၎င်းတို့၏ ဥပဒေ ၄ ခုကို ဆန့်ကျင်သည့် ကိုယ်စားလှယ်လောင်း များကို ပြည်သူသိအောင် ထုတ်ပြန် သတိပေးသွား မည်ဟု ကြေညာထားသည်။ အဆိုပါ ကိုယ်စားလှယ်လောင်းများ ထဲ၌ လာမည့် ရွေးကောက်ပွဲတွင် ရှေးရိုးစွဲသမားများ၊ စစ်ဘက်အရာရှိဟောင်းများနှင့် ရင်ဆိုင်ရမည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့ ပါဝင်နေသည်။

မဘသ ထောက်ခံသူ တဦးဖြစ်သူ စာရေးဆရာ မောင်သွေးချွန်က “တကယ်လို့ NLD နိုင်သွားလို့ ရှိရင် NLD သည် ဘင်္ဂလီတွေ ဘက်က ရပ်တည်ခဲ့တဲ့ အစဉ်အလာတွေ ရှိတယ်။ သူ တကယ်လို့ အာဏာရ သွားရင် ဘင်္ဂလီတွေကို နိုင်ငံသား လုပ်ပေးမယ်။ ဒါမှမဟုတ် ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပစ်မယ် ဆိုရင် ဗုဒ္ဓဘာသာနဲ့ ရခိုင်ပြည် အတွက်က အာမခံချက် ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာနိုင်ငံတွင် ဩဇာကြီးမားသော ဘုန်းတော်ကြီးများသည် ရာစုနှစ် တဝက်နီးပါးမျှ ကြာမြင့်သည့် စစ်အုပ်ချုပ် ရေးကာလ အတွင်း၌ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှု အမြောက်အမြားကို ဦးဆောင်ခဲ့ကြ သူများ ဖြစ်သည်။ သို့သော်လည်း အရပ်သား အမည်ခံ ပြုပြင်ပြောင်းလဲရေး အစိုးရ အာဏာရရှိ လာခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အချို့ ဘုန်းတော်ကြီးများက အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို ဝါးမြိုနေပြီး တိုင်းပြည်ကို အင်အားနည်းအောင် ပြုလုပ်နေကြောင်း ဟောပြောမှုများ စတင်ပြုလုပ်လာကြသည်။


ယခုအခါတွင် နိုင်ငံတလွှား၌ ရုံးခွဲ ၂၅၀ ရှိနေ ပြီဖြစ်သည့် မဘသသည် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် NLD ကို မဲမပေးရန်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရ ဆက်လက် အုပ်ချုပ်ရန် ဆန္ဒရှိကြောင်း တိုက်ရိုက် တမျိုး၊ သွယ်ဝိုက်ပြီး တဖုံ၊ ဗြောင် ပြောဆို စည်းရုံးလာခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို မဘသက တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် လိုက်လံဝေငှလျက် ရှိကြောင်း NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက မီဒီယာများသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့ကဲ့သို့ မဘသက NLD ကို လိုက်လံ နှောင့်ယှက် နေချိန်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် မျိုးစောင့် ဥပဒေအောင်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရနှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) တို့က ထောက်ပံ့ကူညီ လိုက်သည့်အခါ မဘသ၏ လမ်းကြောင်းကို မီးမောင်းထိုး ပြနေတော့သည်။

မိုးသု (မန္တလေး) အမည်ဖြင့် ဘာသာရေး ဆောင်းပါးများ ရေးသားနေသည့် မန္တလေးမြို့မှ ဆရာတော် အရှင်ခေမာနန္ဒက နိုင်ငံရေးတွင် မဘသ ပါဝင်ပတ်သက်နေခြင်းမှာ သာသနာတော်အတွက် မကောင်းဘဲ အာဏာရှင် စစ်အစိုးရကို သက်ဆိုးရှည်အောင် ပံ့ပိုးပေးသလို ဖြစ်နေကြောင်း ဧရာဝတီသို့ မိန့်သည်။

“လုပ်ရပ်တွေ ကလည်း ဝိနည်းနဲ့ မညီဘူး။ မျိုးစောင့်ဥပဒေ ဆိုတာတွေကလည်း အယောင်ပြပြီး အာဏာရှင်ကို သက်ဆိုး ရှည်သထက် ရှည်အောင် ပံ့ပိုးပေးနေတာ။ အရင်က ဖြစ်ရပ်တွေကို ကြည့်ရင်လည်း မဘသနဲ့ အာဏာရှင်တွေနဲ့ ပေါင်းပြီး ဘာသာရေးကို အသုံးချပြီး ကိုယ်ကျိုးစီးပွား အတွက် လုပ်နေကြတာပဲ။ ဒါယကာ၊ ဒါယိကာမတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ အာဏာရှင်တွေကို ပံ့ပိုးထောက်ပံ့ နေတာတွေကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု အရှင်ခေမာနန္ဒက မိန့်သည်။

မဘသ အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးမည့် သူများကို အမတ်လောင်းရွေးချယ်ခိုင်းခြင်း အပါအဝင် နိုင်ငံရေးတွင် ပါဝင် ဆက်စပ်ရခြင်းမှာ တိုင်းပြည်တွင် အမျိုးဘာသာ သာသနာ ပျောက်ပျက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ခြင်းသည် နိုင်ငံရေးပါတီများ အလုပ်ဖြစ်သော်လည်း နိုင်ငံရေးပါတီများမှာ အားကိုးမရသဖြင့် မဘသက ဝင်ရောက်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မဘသ ထောက်ခံသူများက ပြောသည်။

၂၀၁၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် မဘသ ညီလာခံ၏ အခြေခံမူများတွင် အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေးကို ကတိပေးသည့် သူကို မဲပေးသင့်ကြောင်း၊ အမျိုး ဘာသာသာသနာ ဆန့်ကျင် သူများကို မဲ မပေးသင့်ကြောင်း ဆိုသည့်သဘောထားရှိကြောင်း၊ ယင်းမှာ မဘသ(ဗဟို) ၏ သဘောထားဖြစ် ကြောင်း ဆိုသည်။

မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်းတခု အဖြစ် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ် ပူပန်မိကြောင်း ရန်ကုန်မြို့အခြေစိုက် သံရုံး ၉ ခုက ပူးတွဲ ကြေညာချက် တခုကို စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးတွင် မဘသက ရွေးကောက်ပွဲ အကြောင်း ပြု၍ တိုက်ရိုက်ပါဝင် ပတ်သက်လာမှုကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ကြေညာချက် ထုတ် ပြန်ခြင်းလည်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝန်းက သုံးသပ်သည်။

သို့သော် မြန်မာအစိုးရကမူ သံရုံးများ၏ ထုတ်ပြန်ချက်ကို လုံးဝလက်မခံဘဲ တဖက်သတ် သုံးသပ်ချက်ဟု ဆိုကာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် ပယ်ချခဲ့ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးမှာ ထိုထုတ်ပြန် ချက်ကို စိတ်ဆိုးလျက် ရှိသည်။

ဧရာဝတီက နိုင်ငံရေးတွင် ဘာသာရေး ရောထွေးလာမှု အခြေအနေများနှင့် ပတ်သက်၍ အစိုးရ၏ သဘောထားကို အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဦးဇော်ဌေးက သီးခြား မှတ်ချက် မပေးလိုကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကိုသာ ကိုးကားရန် ပြောဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတကာ ဒီမိုကရေစီနေ့ သဝဏ်လွှာကို ကိုးကား၍ “မြန်မာနိုင်ငံသည် ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံ ရှိသည့် လူမျိုးများစွာ နေထိုင်သော နိုင်ငံဖြစ်သည့် အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ၏ သဟဇာတ ဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို ထိခိုက်နစ်နာစေသည့် ကိစ္စရပ်များ မပေါ်ပေါက် စေရန် နိုင်ငံရေး ပါတီများနှင့် မဲဆန္ဒရှင် ပြည်သူအားလုံး ရှောင်ရှားရန် လိုအပ် ကြောင်း” ဟု ဖော်ပြခဲ့သည်။

မဘသနှင့် နိုင်ငံရေးဇာတ်ခုံ

လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့သော မဘသအဖွဲ့သည် ၉၆၉ လှုပ်ရှားမှုမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မဘသ အဖွဲ့ ပေါ်ပေါက်လာပြီး မကြာမီတွင် အငြင်းပွားဖွယ်ရာ များဖြင့် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေတို့မှာ မဘသ အဖွဲ့၏ ဦးဆောင် တွန်းအားပေး မှုဖြင့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြဋ္ဌာန်းနိုင်ခဲ့သည်။

ဘဏ်လုပ်ငန်း၊ သတ္တုတွင်းနှင့် ပိုင်ဆိုင်မှု ဥပဒေများ နှောင့်နှေးနေသော်လည်း မဘသအဖွဲ့က ကျောထောက် နောက်ခံ ပြုထားသည့် မျိုးစောင့်ဥပဒေများကို လွှတ်တော်က မြန်မြန်ဆန်ဆန် ဆွေးနွေးအတည်ပြုပေးခဲ့သည်။

ဥပဒေအရ အချို့အမျိုးသမီးများသည် ၃ နှစ်မှ တခါ ကိုယ်ဝန်ဆောင်ခွင့် ရရှိမည် ဖြစ်သည်။ အခြား ဥပဒေ တခုအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အမျိုးသားနှင့် လက်ထပ်ရန် အတွက် သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုချက် ရရှိရန်လိုအပ်သည်။

မဘသ ထောက်ခံသူများကမူ မျိုးစောင့်ဥပဒေ ၄ ခုသည် အစ္စလာမ်ဘာသာ၏ အန္တရာယ်ကို ကာကွယ်ရန် ပြဋ္ဌာန်း လိုက်ရခြင်းဟု ဧရာဝတီသို့ ပွင့်ပွင့် လင်းလင်းပြောသည်။ မောင်သွေးချွန်က “ကျနော်တို့က မွတ်စလင် တွေနဲ့ ပြဿနာ မဖြစ်ချင်လို့ ဥပဒေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတာ။ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ချင်ဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက လူနည်းစု အခွင့်အရေးကို လေးစားကာကွယ်ရန် လိုအပ်ကြောင်း ပြောဆိုပြီး အဆိုပါ ဥပဒေများကို ဆန့်ကျင်ခဲ့ကြသည့်နောက်ပိုင်း မွတ်စလင် အားပေးသည်ဟု ပစ်မှတ်ထား တိုက်ခိုက်ခံလာရ သည်။

အစိုးရနှင့် လွှတ်တော်က မွတ်စလင်များ အပေါ် ရည်ရွယ်သော မဘသ၏ မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးသည် သာမက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ပြည်တွင်းနေ မွတ်စလင်များ နိုင်ငံရေး ကိုယ်စားပြုခွင့်ကို ပိတ်ပင်တင်းကြပ်ခဲ့သည်။

ကော်မရှင်က မွတ်စလင် ကိုယ်စားလှယ်လောင်း အများအပြားကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် မညီဟု ဆိုကာ ပယ်ချခဲ့သည်။ အကြောင်းပြချက်မှာ မွတ်စလင် ကိုယ်စားလှယ်လောင်းများ၏ မိဘတို့မှာ ၎င်းတို့ မွေးဖွားခဲ့စဉ်က မြန်မာနိုင်ငံသား မဖြစ်သေး ဆိုသည့် အကြောင်းပြချက်နှင့် ဖြစ်သည်။

ပါတီ၏ မွတ်စလင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သောကြောင့် ပါတီ ဖျက်သိမ်းရကိန်း ကြုံနေသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးကျော်မင်းက “ကော်မရှင်က ဒီလူတွေရဲ့ နေရာတွေ နာမည်တွေကို ကြည့်ပြီး ပယ်လိုက်တာပဲ။ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ လူမျိုးရေးခွဲခြားမှုပဲ။ လူမျိုးတိုင်းက ကိုယ်စားပြုခွင့် ရှိရမယ်။ ပိတ်ပင်တာမျိုး မရှိရဘူး။ အခု ကျနော်တို့ လူမျိုးစုကို ကျနော်တို့ ကိုယ်စား ပြုခွင့် မရအောင် စီမံနေတဲ့ ပုံစံပဲ ဖြစ်တယ်” ဟု ပြောသည်။

ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးမှုမှာ ခေတ် အဆက်ဆက်တွင် ရှိခဲ့သော်လည်း ဘာသာရေးကို အသုံးချပြီး နိုင်ငံအစိုးရများ အပေါ် အာဏာ သက်ရောက်ရန် ကြိုးစားသည့်အခါ မငြိမ်းချမ်းသည့် ကိစ္စများ ဖြစ်ပေါ်လာကြောင်း၊ အကောင်းဆုံး ဥပမာမှာ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရန် ကြိုးစားရာမှ တဆင့် မီးခိုး ကြွက်လျှောက် ပြဿနာများစွာ ရှိနေကြောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောသည်။

၎င်းက “ဒီမှာ အခုဖြစ်နေတာက ဘာသာခြားတွေ မဟုတ်ဘဲနဲ့ လူမျိုးအချင်းချင်း ကြားထဲမှာ နိုင်ငံရေး အရ ကွဲပြားတာကို ဘာသာရေးနဲ့ အသုံးချနေတာ။ အခုလို နိုင်ငံရေး ပါတီတခုကိုတော့ မဲပေးပါ။ ဒီတခုကိုတော့ မဲမပေးပါနဲ့။ အဲလို လှုံ့ဆော်လာရင် Middle East မှာဖြစ်နေတဲ့ ပုံစံမျိုး လိုက်သလို ဖြစ်သွားမှာ ကျမတို့ ကြောက်ရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ Globalization ခေတ်တွင် ကိုယ့်လူမျိုး ကိုယ့်ဘာသာဟု ကြွေးကြော်နေမည့်အစား အားလုံးကို လက်ကမ်း ကြိုဆို၍ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင်မည် ဆိုသည့် နိုင်ငံရေးစနစ်မျိုးသည်သာ ဘာသာကွဲများနှင့် လူမျိုးစုံ နိုင်ငံသားများ ရှိနေသော မြန်မာနိုင်ငံနှင့် သင့်လျော်သည်ဟု ယူဆသူများလည်း ရှိနေသည်။

ဗြိတိသျှ ကိုလိုနီလက်မှ လွတ်မြောက်ပြီးစ ပါလီမန် ဒီမိုကရေစီခေတ်တွင် ဝန်ကြီးချုပ် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်း သတ်မှတ်လိုက်သည့်အခါ ကချင်လက်နက်ကိုင် ပုန်ကန်မှု ပေါ်ပေါက်လာရ သည်ဟု တရားလွှတ်တော် ရှေ့နေတဦးလည်း ဖြစ်သူ ဦးသိန်းသန်းဦးက ထောက်ပြသည်။

“ဘာသာဆိုတာ ဘာသာတိုင်းက လေးစားစရာကြီးပဲ။ ကိုယ့်ဘာသာမှ ကောင်းတယ်။ သူများ ဘာသာ မကောင်းဘူး ဆိုတာ ဒါ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး” ဟု ပြောသည်။ ။

ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်သွားမည်


သဘာဝဘေးခံစားရသော်လည်း ကမ္ဘာလှည့်ခရီးသည် ၄ဒသမ ၅သန်း မျှော်မှန်း

ဦးလွင်

မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ခံစားရသော်လည်း ၂၀၁၅ခုနှစ် ခရီးသွားရာသီတွင် ကမ္ဘာလှည့် ခရီးသည် (၄.၅)သန်း လက်ခံရရှိရန် မျှော်မှန်းထားကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်နိုင်သည့် အန္တရာယ်များကို ပူးတွဲလုပ်ဆောင်ခြင်းဖြင့် လျော့ချနိုင်ရန် ဖိတ်ခေါ်ကြောင်း ဒုတိယသမ္မတဦး ဥာဏ်ထွန်းကပြောကြားသည်။

၎င်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်ကို လိုက်လျောညီထွေ ဖြစ်စေမည့် ခရီးသွားလုပ်ငန်း အစီအမံများကို ဖန်းတီးရေးတွင် အာရုံစိုက်၍ ဆောင်ရွက်ရန် ကိစ္စသည် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ ထပ်တိုး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းလည်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ယဉ်ကျေးမှုအမွေးအနှစ်ဒေသများကို ကာကွယ်နိုင်မယ့် သင့်လျော်တဲ့ အန္တရာယ်ကျရောက်မှု စီမံခန့်ခွဲ ရေးဆိုင်ရာလမ်းညွှန်ချက်များ ချမှတ်သင့်ပါတယ်။ ဘေးအန္တရာယ် ကျရောက်နိုင်ခြေဆိုသည်မှာ ယဉ်ကျေးမှုဒေသတစ်ခု အနေဖြင့် ကျရောက်မည့်အန္တရာယ်အပေါ် ခံနိုင်ရည်စွမ်းမရှိမှုပင်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရေးကြီးဖြစ်စဉ် ပြန်လည်ထူထောင်ရေးကာလအတွင်း ခရီးသွားလုပ်ငန်းပွင့်လင်းရာသီ နှင့် တိုက်ဆိုင်နေကြောင်း ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကမ္ဘာ့လှည့်ခရီးသည် (၃.၀၈)သန်းလာရောက်ခဲ့ ကြောင်းနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော်လည်း ကမ္ဘာ့လှည့်ခရီး သည် (၄.၅)သန်းလက်ခံရရှိမည်ဟု မျှော်မှန်းထားကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာ့လှည့်ခရီးသွားများအတွက် E visa နှင့် Visa on Arrival စနစ်ကို အကောက်အထည်ဖော်ခြင်းဖြင့် ဗီဇာလိုအပ်ချက်ဖြေလျော့မှုကို ဆက်လက်ဆောင် ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာလေဆိပ်မှ ဝင်ရောက်သည့် ခရီးသွားများအတွက် Entry Visa ကင်းလွှတ်ခွင့် ရရေးအတွက် ၂၀၁၅ ဇူလိုင် (၂၈)ရက်နေ့တွင် သဘောတူလက်မှတ် ရေးထိုးထားကြောင်း သိရသသည်။

မကွေးတိုင်းတွင် ထူးခြားတိမ်တိုက်ဖြစ်ပေါ် မိုးသက်လေပြင်းများကျရောက်

နော်နိုရင်း


မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၃၀ ရက်နေ့ညနေက ကောင်းကင်ယံမှာ ထူးခြားတဲ့ တိမ်အစုအဝေးတွေဖြစ်ပွားခဲ့ပြီးနောက် ညပိုင်းမှာ မကွေးမြို့မှာ လေပြင်းမုန်တိုင်း တွေတိုက်ခတ်သွားတယ်။

မနေ့ည ၉ နာရီ လောက်လောက်စပြီး ညသန်းခေါင်အချိန်လောက်အထိ လေပြင်းတွေတိုက်ခဲ့လို့ မကွေးမြို့မှာ သစ်ပင်တွေလဲပြီး လျှက်စစ်မီးတွေ ပြတ်တောက်သွားခဲ့ တယ်လို့ မြို့ခံတဦးဖြစ်တဲ့ ကိုလွင်မောင်ထက်က ပြောပါတယ်။

“သစ်ပင်တွေလဲတာတွေ၊ မြို့တော်ခန်းမရှေ့ ထရန်စဖော်မာ လျှပ်စစ်မီးတိုင်တွေ လဲတာရှိတယ်။ ညက လေပြင်းတိုက်တာကတော့ တော်တော်များတယ်။ ဖြစ်တာလမ်းကြိုလမ်းကြားထဲမှာဖြစ် တယ်လေ။ စည်ပင်အဖွဲ့တွေတော့ ရှင်းနေကြတာတွေ့တယ်။ ဘောလုံးကွင်းနားက သစ်ပင်တွေ လဲနေတာတော့ လှမ်းမြင်နေရတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။”

မနေ့ညနေ ၅ နာရီလောက်ကနေ ညအထိ တောင်တွင်းကြီးမှာ ထူးခြားတဲ့ မိုးတိမ်တွေဖြစ်ပွားခဲ့ တာနဲ့ပတ်သက်ပြီးတော့လည်း မြို့ခံ ကိုအောင်ကျော်ကျော်က “မြင်လိုက်တဲ့အချိန်မှာလေ နည်းနည်းတော့ ထူးဆန်းတယ်ပေါ့နော်။ ညနေဆည်းဆာအချိန်ဆိုတော့လေ တိမ် အရောင်တွေက အရမ်းတောက်ပြီးလှနေတော့ လူတွေအကုန်လုံးကလည်းမြင်တာပေါ့နော်။ အသက်ကြီးတဲ့လူတွေ ပြောပြတဲ့စကားအရ ဒီလိုဖြစ်ပြီးရင် ငလျင်ဆိုတာလှုပ်တယ်ပေါ့။ ကျနော်တို့ဖက်မှာလည်း ငလျင်ဆိုတာ ခဏခဏ အရင်က လှုပ်ခဲ့ဖူးတယ်လေ။ အဲဒါကြောင့် လူတွေတော်တော်များများ ညအထိ ရွစိရွစိဖြစ်နေကြတာ။ အိပ်မရဘူးဖြစ်နေကြတာ။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒ ဦးစီးဌာန အထက်မြန်မာပြည် ညွန်ကြားရေးမှူး ဦးကေကျာ်လွင်ဦးကတော့ ဒီလိုမိုးတိမ်တောင်တွေဟာ အားကောင်းတဲ့ မိုးတိမ်တောင် အမျိုးအစားဖြစ်ပြီး မိုးထစ်ချုန်းရွာတာ၊ မိုးသက်လေပြင်းတိုက်ခိုက်တာ မိုးသီးကြွေကျတာတွေ ဖြစ်တတ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အားကောင်းတဲ့ မိုးတိမ်တောင်အမျိုးအစားမှာဆိုလို့ရှိရင် ဒီလိုမိုးတိမ် တောင်တွေက ပုံပန်းသဏ္ဍာန်တူပါတယ်။ ပိုပြီးတော့ အားကောင်းတဲ့မိုးတိမ်တောင်တွေက အရွယ်အစား ပုံပန်း သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။ ဒီထဲက မိုးတိမ်တောင်အမျိုးအစား တခုဖြစ်တယ်ပေါ့နော်။ အားကောင်းတဲ့ မိုးတိမ်တောင်ကြီး တွေဖြစ်တယ်။ ဒါကြောင့်မို့ သက်တမ်းလေးငါးနာရီ လောက်ကြာတဲ့ မိုးတိမ်တောင်ကြောင့်မို့လို့ မိုးထစ်ချုန်းရွာတာ မိုးသက်လေပြင်းတိုက်ခိုက်တာ၊ မိုးသီးကြွေကျတာ၊ အရမ်းအားကောင်းတဲ့မိုးသီးကြွေကျတာ အဲလိုမျိုးဖြစ်တတ်တယ်ပေါ့နော်။ တခြားဒိပြင်ဆိုးဝါးတဲ့ဟာမျိုးကြီး ဖြစ်ပေါ်နိုင်ဖို့တော့မရှိပါဘူး။ သူက သက်တမ်းကာလတခုပဲ ရှိတဲ့မိုးတိမ်တောင် အားကောင်းတဲ့ မိုးတိမ်တောင် တခုပါပဲ”

မကွေးမြို့မှာ လေပြင်းမုန်တိုင်းတွေတိုက်ခတ်သွားတဲ့အတွက် လူတွေထိခိုက်ဒဏ်ရာရတယ်ဆို တဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။

ယနေ့ မြန်မာ့ရေးရာသတင်းများ October,2nd,2015

( 30 )၂၀၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်လျှောက်လွှာများ စတင်ရောင်းချ

( 29 )Burmese-Only Jade Sale Pegged for December

( 28 )ပျော်ဘွယ် မြို့သစ်ရပ်ကွက် ရေကြီး

( 27 )NLD seek to mend rift with Wirathu

( 26 )ပုဂံတွင် သံဃာတော်များ ဆွမ်းဆန်စိမ်း အလှူခံ

( 25 )Burmese Investigators Urge Public to Monitor Koh Tao Trial

( 24 )စစ်ဘက် သတင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ မီဒီယာ တောင်းဆို

( 23 )Man Killed, Woman Gang-Raped in Capital:

( 22 )NCA ကို လက်ခံတဲ့ အဖွဲ့ ၈ဖွဲ့နဲ့ ကနဦး စတင်မည်

( 21 )Ethnic Armed Groups Take Stock After Ceasefire Rift

( 20 )ရန်ကုန် ရဲအင်အား ၅၀ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲ လုံခြုံရေး အသုံးပြုမည်

( 19 )Business needs effective security systems

( 18 )၂၀၁၅ နိုင်ငံခြား ခရီးသွား ၄သန်းကျော် မြန်မာ မျှော်မှန်း

( 17 )Thai-Burma border trade booms

( 16 )မနောကွင်းကို သော့ခတ်ပိတ်ထား

( 15 )EU Deploys Initial Team of Election Observers

( 14 )ဒေါ်အောင်ဆန်းစုကြည် ပြောကြား ချက် စောင့်ကြည့်လေ့လာမယ် လို့ ဒေါက်တာတူးဂျာ ပြောကြား

( 13 )Mon Leader Slams Divisions Over Ceasefire Signing

( 12 )တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD ကို ဖျက်သိမ်း

( 11 )Cross-border trade in Mae Sot up by 12.3%

( 10 )နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ထောင်တွင်းအစာငတ်ခံ ဆန္ဒပြမယ်လို့ ကိုအောင်မှိုင်းဆန်း ပြော

( 9 )Kachin militia yields to allow political campaigning

( 8 )တောင်ဥက္ကလာမြို့နယ်မှာ မဲဆန္ဒရှင်စာရင်း ကိုးသောင်းနီးပါး ပိုနေ

( 7 )In Burma, Hell in a Very Small Place

( 6 )ရွေးကောက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ရဲချုပ်ညွှန်ကြား

( 5 )Female candidates defy prejudice to contest election

( 4 )မြန်မာ ယူ ၁၉ ဘရူနိုင်းကို ၄ ဂိုးပြတ်အနိုင်ရ

( 3 )EU deploys election observation mission to Myanmar

( 2 )မဲပေးခွင့်ရှိသူ ၃၃ သန်းခွဲခန့် ရှိကြောင်း ရွေးကောက်ပွဲကော်မ ရှင်ပြောကြား

( 1 )Despite Record Numbers, Women Candidates Still Face Hurdles in Male-Heavy Election

Thursday, October 1, 2015

ရွှေ့ပြောင်းအလုပ်သမားတွေ ဧည့်စာရင်းနဲ့နေသူတွေ မဲပေးခွင့် အခြေအနေ


NLDပါတီကို တိုက်ခိုက်နေတာမဟုတ်လို့ ဦးဝီရသူ မိန့်ကြား

မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ NLDပါတီနှင့် အမြင်သဘောထားအချို့ တူညီသည်ဟု မျိုးစောင့်ဥပေဒပြဌာန်းရေး ဦးဆောင်လှုပ်ရှားခဲ့သူ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။

“လွှတ်တော်ထဲကို ပြည်သူ့ကိုယ်စားလှယ်တွေ များများရောက်အောင်လုပ်ပါ ဒကာကြီး၊ ဦးဇင်းတို့က NLDကို ဝေဖန်ထောက်ပြတာသာ ဖြစ်တယ်၊ NLDကို တိုက်ခိုက်တာမဟုတ်ဘူး” ဟု စက်တင်ဘာ ၃၀တွင် မန္တလေးသို့ ရောက်ရှိနေသော NLDပါတီ၏ ဗဟိုအောင်နိုင်ရေး ဥက္ကဌ ဦးတင်ဦးနှင့် တွေ့ဆုံစဉ် ဦးဝီရသူက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကော်ပွဲ ဝင်ပြိုင်စရာမလိုဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ရာခိုင်နှုန်း ရောက်ရှိနေခြင်းမှာလည်း သင့်တော်မှုမရှိဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။ “တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်နေတာကိုလည်းပဲ ဦးဇင်းတို့အနေနဲ့ ဘုရားတရားတော်နဲ့ မညီဘူးလို့ ဟောကြာခဲ့တယ်။ တပ်မတော်သားကိုယ်စားလှယ်တွေ ဒီမှာအမြဲနေတာ မသင့်တော်ဘူးလို့ ဦးဇင်းတို့က ဝေဖန်ထောက်ပြခဲ့တယ်။ အဲ့တော့ တပ်မတော်သားကိုယ်စားလှယ်နဲ့ ပတ်သက်လို့ ဦးဇင်းတို့ အမြင်တူပါတယ်” ဟု ဦးဝီရသူက မိန့်သည်။

သို့သော် နိုင်ငံခြားသား ခင်ပွန်းနှင့် သားသမီးများရှိသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော် အခြေခံဥပဒေပုဒ်မ ၅၉(စ)ကိုမူ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးအတွက်ကြောင့် ကာကွယ်ထားခြင်းဖြစ်သည်ဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။

“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ဒါတွေရေးဆွဲတယ်ဆိုပြီးဖြစ်တော့ ဦးဇင်းတို့က ၅၉(စ)ကို ကာကွယ်တယ်။ ဒီက ၅၉(စ)ကို ပြုပြင်မယ်ဆိုတော့ အဲ့ဒီမှာ ဦးဇင်းတို့ကပဲ အစိုးရလက်ကိုင်တုတ်လို့၊ ကြံ့ဖွတ်လော်ဘီတို့၊ စစ်အလေးမတို့ ဖြစ်ကုန်တာပေါ့” ဟု ဦးဝီရသူက မိန့်သည်။ ဦးဝီရသူ၏ ထိုသို့ မိန့်ကြားမှုအပေါ် NLDပါတီ၏ နာယကလည်းဖြစ်သူ ဦးတင်ဦးက တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။ သံဃာတော်အချို့ဦးဆောင်သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)မှ ဦးဝီရသူသည် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေလေးခုကို လွှတ်တော်တွင်း ပြဌာန်းပေးရန် ဦးဆောင်ခဲ့သူဖြစ်ပြီး အဆိုပါဥပဒေများမှာလည်း လွှတ်တော်တွင်းပြဌာန်းပြီး ဖြစ်သည်။ မျိုးစောင့်ဥပဒေများ ပြဌာန်းနိုင်မှုအပေါ် နိုင်ငံအဝှမ်းတွင် အောင်ပွဲများ ပြုလုပ်ကာ မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် NLDပါတီကို မဲမပေးရန် အဆိုပါ အောင်ပွဲများတွင် ဦးဝီရသူ၏ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ဟောပြောလျက်ရှိနေသည်။ ယင်းအခြေအနေများအပေါ် NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်က “အင်န်အယ်လ်ဒီပါတီက ဘာသာရေးဆိုင်ရာဥပဒေတွေကို မထောက်ခံလို့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်အချို့က သူတို့ကို ယုံကြည်သူတွေကို သြဇာလွှမ်းဖို့ကြိုးစားပြီး အင်န်အယ်လ်ဒီကိုမဲမပေးဖို့ လုပ်တဲ့ ဖြစ်စဉ်အချို့ ရှိပါတယ်။ သူတို့ရဲ့ ဟောပြောမှုတွေဟာ အခြေခံဥပဒေနဲ့ လုံးလုံးဆန့်ကျင်နေတယ်” ဟု စက်တင်ဘာ ၂၅ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲနှင့် ကျင့်ဝတ်ဆိုင်ရာညီလာခံတွင် ပြောဆိုထားသည်။ -

ရွေးကောက်ပွဲအပေါ် အားလုံး ပါဝင်နိုင်ရေး သေချာ လုပ်ဆောင်သင့်


မြန်မာတွင် တရားမျှတမှုအတွက် ကျပ်သန်း သုံးသောင်း ဥရောပသမဂ္ဂ ထောက်ပံ့

ပိုင်စိုး


မြန်မာနိုင်ငံက ဆင်းရဲသူတွေ၊ အန္တရာယ် ကျရောက်လွယ်တဲ့ အုပ်စုတွေနဲ့ အသိအမှတ်ပြုမခံရတဲ့ လူနည်းစုတွေ တရားမျှတမှုကို လက်လှမ်းမီစေဖို့ My Justice ဆိုတဲ့ အစီအစဉ်တစ်ခုကို စတင်နေပြီလို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

တိုင်းနဲ့ပြည်နယ် ၆ ခုမှာ လုပ်ဆောင်သွားမှာဖြစ်ပြီး လောလောဆယ် ရန်ကုန်နဲ့ မော်လမြိုင်မှာ ရှေ့ပြေး သုတေသနတွေ စလုပ်နေပါတယ်။

ဒီအစဉ်ဟာ လူထုအခြေပြု ပညာပေးရေး လုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ပြီး ပြဿနာတွေကို ဒေသခံတွေကိုယ်တိုင် ဦးဆောင်ဖြေရှင်းတဲ့ နည်းလမ်းတွေကို ပျိုးထောင်ပေးသွားမယ်လို့ အစီအစဉ်ကို ဦးဆောင်သူ မစ္စတာ ပီတာ ဗိုင်နာ (Peter Viner) က ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ တရာဥပဒေ မစိုးမိုးတာနဲ့ အဂတိလိုက်စားတာမှာ ထိပ်ဆုံးနေရာတွေကို ရောက်နေတာပါ။

“ကျနော်တို့က ငွေကြေးတွေကို ပညာပေးနည်းလမ်းတွေမှာ သုံးမှာဖြစ်တဲ့အတွက် ဒီငွေတွေဟာ အဂတိလိုက်စားတာထဲကို ရောက်သွားမှာ မဟုတ်ပါဘူး။ လူတွေကို ပြဿနာတွေဖြစ်လာရင် ရုံးရောက်၊ ဂတ်ရောက် မဖြစ်ခင် ညှိနှိုင်းဖြေရှင်းတဲ့နည်းကို သင်ပေးသွားမှာပါလို့” မစ္စတာ ပီတာ ဗိုင်နာ (Peter Viner) က ဒီဗွီဘီကို ပြောပါတယ်။

လေးနှစ်ကြာမြင့်မယ့် အဲဒီအစီအစဉ်ကို ဥရောပသမဂ္ဂက ယူရို သန်း ၂၀ (မြန်မာငွေ ကျပ်သန်းပေါင်း သုံးသန်း ) ထောက်ပံ့ပြီး ဗြိတိသျှကောင်စီက စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ခွေးလေခွေးလွင့် ကောင်ရေ တစ်သိန်းနှစ်သောင်းကျော် ရှိလာနိုင်


အပစ်ရပ်ရေး အဆင့်မြင့် ညှိနှိုင်း ကိုယ်စားလှယ်အဖွဲ့ (SD)ကို ဖျက်သိမ်း

ဖနိဒါ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်(SD) ကို စက်တင်ဘာ ၃၀ရက်တွင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA ) ကို လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့သည် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သဖြင့် SD အဖွဲ့က ပျက်ပယ်သွားခြင်း ဖြစ်သည်။ “အက်စ်ဒီကို တာဝန်ပေးတာကတော့ အန်စီအေ အတည်ပြုမူကြမ်းကို အစိုးရနဲ့ဆက်လက် ညှိနှိုင်းပြီးတော့ သဘောတူညီမှု ရရှိတဲ့အထိ ဆွေးနွေဖို့ တာဝန်ပေးထားပါတယ်။ အက်စ်ဒီရဲ့ တာဝန်က ညီလာခံက တာဝန်ပေးတဲ့ အတိုင်း အခန်း ၇ ခန်း အပိုဒ် ၃၃ ပါတဲ့ အန်စီအေကို လုပ်ပြီးပြီလို့ ညီလာခံက မှတ်ယူပါတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ အက်စ်ဒီ အနေနဲ့ ဒီတာဝန်ကို ဖြစ်ဖြစ်မြောက်မြောက် ပြီးပြီလို့ မှတ်ယူတဲ့အတွက် ဒီကနေ့က စပြီး အက်စ်ဒီကို ပြန်ပြီး ရုပ်သိမ်းတာ ဖြစ်ပါတယ်”ဟု SD ဒုတိယ ခေါင်းဆောင် ပူးဇင်ကျုံးက သတင်းထောက်များကို ပြောသည်။ အစိုးရနှင့် ၉ ကြိမ်မြောက်ဆွေးနွေးပြီး သြဂတ်လ ၇ ရက်တွင် အန်စီစီတီတွင် ပါဝင်သော အချက်များကို အစိုးရနှင့် ဆွေးနွေးနိုင်ခဲ့သော်လည်း အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးဆိုသော အချက် ကျန်နေခြင်း ဖြစ်သည်။

ထို့ပြင် ထိပ်သီးခေါင်းဆောင် ၅ ဦးနှင့်အက်စ်ဒီ ခေါင်းဆောင် ၃ ဦးတို့ကလည်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ၍ ညှိနှိုင်းခဲ့သော်လည်း ညှိနှိုင်းမရခဲ့ကြောင်း သူက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်က အစိုးရနှင့် NCCT တို့ ၁၇ လကြာ ဆွေးနွေး၍ သဘောတူညီမှု ရရှိလာသော အန်စီအေကို အချက် ၁၅ ချက်ပါ မူကြမ်းကို ပြန်လည် ပြင်ဆင်ရန်အတွက် လော်ခီးလာ ညီလာခံက အစိုးရနှင့် ဆက်လက် ညှိနှိုင်းရန် တာဝန်ပေးထားခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကမူ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ နှစ်ဖက် လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများရေးဆွဲရေး (code of conduct)၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး စသည့် တာဝန်ပေးထားသဖြင့် ဆက်လက် ရှိနေမည် ဖြစ်ကြောင်း ပူးဇင်ကျုံးက ပြောသည်။

သို့သော် အစိုးရနှင့် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ရရှိလာမှု အပေါ် မည်သို့ ဆက်လက် ရပ်တည်ရန်ကိုမူ လာမည့် ထိပ်သီးအစည်းအဝေးတွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။ ထို့ပြင် အန်စီအေ လက်မှတ်ထိုးမည့် အဖွဲ့များနှင့် မထိုးသည့် အဖွဲ့များအကြား နှစ်ဖွဲ့ ကွဲသွားခြင်း မဟုတ်ဘဲ နည်းနာပိုင်းအရ ကွဲပြားခြင်းသာ ဖြစ်ပြီး ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းများကလည်း အစိုးရနှင့် ဆက်သွယ်ဆွေးနွေး၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။ တူညီသည့် ပန်းတိုင်တစ်ခုကို မတူညီသည့် ချဉ်းကပ်မှုမျိုးဖြစ်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်၍ စုပေါင်း နေထိုင်ကြမည် ဟူသောအချက်က တူညီကြောင်း KIO မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က သတင်းထောက်များကို ပြောသည်။

“တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချဉ်းကပ်တဲ့ ပုံစံကွာခြားမှာပါ။ အခု လက်မှတ်ထိုးတဲ့အဖွဲ့က လက်မှတ်ထိုးပြီးတော့ ကျနော်တို့အားလုံးရဲ့ တူညီတဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ဆွေးနွေးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နောက် ကျနော်တို့ ကျန်ခဲ့တဲ့ အဖွဲ့တွေက အားလုံးမပါရင် ဆွေးနွေးမှုမှာ အင်အားမရှိဘူးဆိုတဲ့ ခံယူချက်နဲ့ ဖြစ်ပါတယ်” သူက ပြောသည်။ ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက်၍ “ဒီအချိန်မှာ အန်စီစီတီကို ဆက်ပြီး တာဝန်ပေးမယ်ဆိုရင် ဒီအရင် ကွန်ဖရန့်ရဲ့ မူတွေကို ဒီလက်မှတ်ထိုးတဲ့အဖွဲ့က လိုက်နာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီကိစ္စ သီးခြားပြန်လည် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်ကြမှာ ဘယ်လိုဆက်ဆောင်ရွက်မလဲ။ ဘယ်သူတွေက တာဝန်ယူမလဲ၊ သီးခြားအဖွဲ့တွေ ပေါ်လာမလားဆိုတာ ရှင်းရှင်းလင်းလင်း သိရမှာပါ” သူက ဆက်လက် ပြောဆိုသည်။ လက်ရှိ အန်စီအေကို တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး လက်မှတ်ရေးထိုးခြင်း ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မျော်မှန်းထားသည့် အန်စီအေသို့ မရောက်ကြောင်း သူက ပြောသည်။ သို့သော် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားရန် ဟူသော ဘုံသဘောတူညီချက် ရရှိရန် အသတ်နိုင်ဆုံး စုစည်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

KIO တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၊ ၁၂၊၂၇ နယ်မြေများတွင် အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် စစ်ရေးအရ ဖိအားပေးခြင်းလား သို့မဟုတ် အမှန်တကယ် ချေမှုန်းရေး လုပ်ဆောင်နေခြင်းလားဆိုသည်ကို KIO ဗဟိုတွင် သုံးသပ်နေပြီး ယခင်ကဲ့သို့ စစ်ရေးအရ ဖိအားပေးခြင်းကြောင့် NCA လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း အစည်းအဝေးတိုင်းတွင် အကြိမ်ကြိမ် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောသည်။ ထို့ပြင် အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေးကို လက်မခံနှင့် အဆင့်ခွဲ၍ လုပ်ဆောင်နေမှုသည် အဓိက အခက်အခဲ ရှိနေပြီး မွန်ပြည်သစ်ပါတီအနေဖြင့် ကျန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ရေး၊ နိုင်ငံရေး အာမခံချက် မပေးခြင်းနှင့် အားလုံး မပါဝင်သဖြင့် လက်မှတ် မထိုးရခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ၏ ဥက္ကဌ နိုင်ထောမွန်က သတင်းထောက်များကို ပြောသည်။

“အခက်အခဲတော့ ရှိတာပေါ့။ အစိုးရရဲ့ အစီအစဉ်အတိုင်း တချို့သွားရမယ်ဆိုတော့ အားလုံးပါဝင်ရေးမူကို သေချာမစုတ်ကိုင်တဲ့ အနေအထား ဖြစ်လာတော့ ကျနော်တို့ အချင်းချင်း ပြဿနာတော့ ရှိတာပေါ့။ လူထုယုံကြည်မှု လျော့ရင်လည်း လျော့မယ်”ဟု သူက ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လမ်းခွဲခြင်း မဟုတ်ဘဲ မူလက ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရရှိရန် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျာ၏ ထိပ်သီးအစည်းအဝေးတွင် ချဉ်းကပ်မှုနည်းနာပေါင်းစုံဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အခန်းကဏ္ဍ အသီးသီးမှ ဆက်လက် တိုက်ပွဲဝင်သွားကြမည် ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးအပြီး ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေး၊ စစ်ရေး အခြေအနေအမျိုးမျိုးကြောင့် အန်စီအေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း အတူတကွပါဝင်ရေးကို ထိပ်သီးခေါင်းဆောင်များ ဆက်လက် ကြိုးပမ်းသွားကြရန် နားလည်မှုတည်ဆောက်နိုင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

တတိယနေ့ အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာ ဆွေးနွေး၊ မေးမြန်း၊ အတည်ပြုခြင်း၊ အန်စီအေ လက်မှတ် ရေးထိုးမည့် အဆင်သင့်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ (EAOs) င့် လက်မှတ် မထိုးသေးသည့် အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေခြင်း များ ဆွေးနွေးခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ အခန်းကဏ္ဍကို ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်း၊ Joint Peace Fund နှင့် EAOs အကြား ချိတ်ဆက်လုပ်ဆောင်ရေးကိစ္စများ ဆွေးနွေးခဲ့ခြင်း ဖြစ်သည် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်ထိ သုံးရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ် ၇၁ ဦးနှင့် မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB)နှင်ပ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ လေ့လာသူ ၆ ဦး တက်ရောက်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပေါ် အနုပညာသည်တို့အမြင်


မွန်ပြည်သစ်ပါတီ NCA လက်မှတ်မရေးထိုးပါက နိုင်ငံရေးဆွေးနွေးပွဲတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟုဆို

ဝံသမွန်

မွန်ပြည်သစ်ပါတီ NCA လက်မှတ်မရေးထိုးပါက နိုင်ငံရေးဆွေးနွေးပွဲ၌ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်ပရေးရာဌာနကြီးတာဝန်ခံ နိုင်အေးမွန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုရင်လေး ကျောင်းတိုက်သို့ ရောက်ရှိလာသော ဦးအောင်မင်း ဦးဆောင်သည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အေးမွန်၊ နိုင်တလညီ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗိန်ခိုင်းတို့ တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

“မွန်ပြည်သစ်ပါတီကိုလည်း NCA စာချုပ် လက်မှတ်ရေးထိုးစေချင်တယ်၊ NCA လက်မှတ်ရေးထိုးရင်အခွင့်အလမ်းတွေရမယ်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရမယ်၊ အကယ်၍ လက်မှတ်မထိုးဘူးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ရှိပေမယ့်လည်း လေ့လာသူအဆင့်ပဲရမယ်လို့ ဦးအောင်မင်းက ရှင်းပြခဲ့တယ်”ဟု နိုင်အေးမွန်က ပြောသည်။

အလားတူ စက်တင်ဘာ ၂၆ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ မြို့လယ်ဘုန်းတော်ကြီးကျောင်း၌ဝန်ကြီးဦးအောင်မင်းနှင့် မွန်ပြည်ပါတီဥက္ကဌ နိုင်ထောမွန် တွေ့ဆုံစဉ် အထက်ပါအတိုင်း ထပ်မံပြောကြားခဲ့ဟုလည်း နိုင်အေးမွန်က ဆက်ပြောသည်။

NCA လက်မှတ်ထိုးရန် KNU ,DKBA, KNU / KNLA-PC , RCSS, PNLO, ADSDF, ALP, CNF တို့ ၈ ဖွဲ့ သဘောတူညီထားသည်ဟုလည်း အထင်ကရ မွန်ဘုန်းတော်ကြီးဆရာတော်များရှေ့မှောက်တွင် မွန်ပြည်သစ်ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း ယင်းဆွေးနွေးပွဲတက်ရောက်နားထောင်သူများထံမှ သိရသည်။

နိုင်အေးမွန်က “နောက်တစ်ခုက ဒီအဖွဲ့ ၈ ဖွဲ့နဲ့အတူ NCAလက်မှတ်မထိုးချင်သေးဘူး၊ အချိန်ထပ်ယူဦးမယ် ဆွေးနွေးအုံးမယ်၊ အဆင်ပြေမှထိုးမယ်ဆိုရင်လည်း အစိုးရဘက်က အောက်တိုဘာ ၁၅ ရက်နေ့အထိ အချိန်ပေးမယ် လို့ပြောသွားပါတယ်” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး အတူတကွပါဝင်စေလိုကြောင်း၊ တစ်ဖွဲ့နှစ်ဖွဲ့ကျန်ရစ်ခဲ့မည်ဆိုပါက ပြည်တွင်းစစ်မီးပြန်လည်တောက်လောင်မည်ကိုစိုးရိမ်ကြောင်း၊ အခြေအနေအကြောင်းကြောင်းကြောင့် NCA တွင်ပါဝင်ခွင့်မရှိသေးသော အဖွဲ့အစည်းများအတွက် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးအာမခံချက်များကို အစိုးရတာဝန်ခံပေးပါက လက်ရှိကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထိပ်သီးညီလာခံတွင် NCA လက်မှတ်ရေးကိစ္စ ဆွေးနွေးဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့မှ ထိပ်သီးခါင်းဆောင်များသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စက်တင်ဘာ ၂၈ မှစတင်၍ ၃ ရက်ကြာ ကျင်းပနေဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မနောကွင်းမှာ ဟောပြောခွင့်ပြုမပြု မဆုံးဖြတ်ရသေး


တောင်တွင်းကြီးက ထူးဆန်းတိမ် မုန်တိုင်း တစ်ခုရဲ့ ရှေ့ပြေး လက္ခဏာလို့ ဒေါက်တာ ထွန်းလွင်ဆို

မဇ္ဈိမ

တောင်တွင်းကြီးမြို့ပေါ်တွင် အဆုတ်လိုက် ပုံသဏ္ဍာန်ရှိသည့် ပုံမှန်မဟုတ်သော တိမ်များ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ဖြစ်ပေါ်နေရာ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ထံသို့ ဒေသခံများက ဓာတ်ပုံများ ပေးပို့ မေးမြန်းရာတွင် မုန်တိုင်း သို့မဟုတ် လွန်ကဲရာသီဥတု၏ လက္ခဏာဟု ခန့်မှန်းထားသည်။

“အရေးကြီးတဲ့ အချက်တစ်ခုကတော့ Mammatus တိမ်တွေဟာ များသောအားဖြင့် မုန်တိုင်းတစ်လုံး ဒါမှမဟုတ် လွန်ကဲရာသီဥတု ဖြစ်စဉ်တစ်ခုတို့ရဲ့ ရှေ့ပြေးဖြစ်နေတတ်ခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။ “ဒါဟာ အားကောင်းတဲ့ မိုးကြိုးမုန်တိုင်း (သို့လေပြင်း တိုက်ခတ်မှု(သို့) လေဆင်နှာမောင်း လေပြင်တစ်ခုရဲ့ ရှေ့ပြေး ဖြစ်တတ်ပါတယ်။

အဆိုပါ တိမ်အနီးပတ်ဝန်းကျင်မှာ ပြင်ထန်တဲ့ အထက် အောက်လေရွဲ့စောင်းမှု (Vertical Wind Shear) ရှိတတ်တာကြောင့် လေယာဉ်များအနေနဲ့ ဝေးရာကို အထူး ရှောင်ရှားသွားရလေ့ ရှိပါတယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။ တောင်တွင်းကြီးတွင် ဖြစ်ပေါ်ခဲ့သည့် အဆိုပါတိမ်သည် ငလျင်တိမ် အမျိုးအစားတိမ်ဖြစ်နိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသော်လည်း “Earthquake cloud ထက် Mammatus Cloud ဖြစ်ဖို့ ပိုသေချာနိုင်ပါတယ်” ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

Earthquake cloud အမျိုးအစားတိမ်များ ၁၉၉၆ ခုနှစ် သြဂုတ်လ ၁၄ ရက်တွင် ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ပြီးနောက် အင်အား ၄.၄ ရှိသည့် ငလျင် လှုပ်ခတ်ခဲ့သည်ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ဒေါက်တာထွန်းလွင် အဆိုပါထူးဆန်းတိမ်များနှင့် ပတ်သက်၍ သူကိုယ်တိုင်ရေး ဆောင်းပါး တစ်ပုဒ်ကိုလည်း သူ၏ အင်တာနက် လူမှုကွန်ယက်တွင် ပြန်လည် ဖေါ်ပြထားပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က အီရန်နိုင်ငံတွင် တွေ့ရှိခဲ့ဖူးပြီး ဒီဇင်ဘာ ၂၆ ရက်တွင် အင်အား ၆.၈ ရှိ ငလျင် လှုပ်ခတ်ခဲ့သည်ဟု ဆိုထားသည်။

အဆိုပါ တွေ့ရှိချက်ကို Shou အမည်ရ ငလျင် ပညာရှင်က တွေ့ရှိခဲ့ပြီး “Shou ဟာ မြေငလျင်တိမ်တွေနဲ့ မြေငလျင်ကြိုတင် ခန့်မှန်းရေးတွေကို ဆက်တိုက်ပြုလုပ် ခဲ့ရာမှာ လက်ရှိအချိန်အထိ အကြိမ်ပေါင်း(၅၀) ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ Shou တင်ထားတဲ့ စံချိန်ကတော့ (၃၆)ကြိမ်မှန်ကန်ခဲ့တာကို တွေ့ရပါတယ်” ဟု ဦးထွန်းလွင်က သူ၏ ဆောင်းပါးတွင် ရေးသားထားသည်။

ငလျင် တိမ်နှင့် သာမန် သဘာဝတိမ် ကွဲပြားမှုကို ဦးထွန်းလွင်က ဆက်လက် ဖေါ်ပြရာတွင် “မြေငလျင်တိမ်တွေနဲ့ မိုးလေ၀သတိမ်တွေဟာ ရေငွေ့နဲ့ တည်ဆောက်တာချင်းတူကြပေမယ့် ၀ိသေသချင်းကွာကြပါတယ်။ အထူးသဖြင့် ပုံပန်းသဏ္ဍာန်နဲ့ အမြင့်တွေဖြစ်ပါတယ်။ မြေငလျင်တိမ်ရဲ့ ၀ိသေသတွေကတော့ မြေငလျင်တိမ်တွေဟာ ရုတ်တရက် ပေါ်လာတတ်ပါတယ်။ နေရာမရွေ့လျားကြဘဲ မြေငလျင်ကြော အနီးမှာဘဲ အသေစွဲနေလေ့ရှိပါတယ်။ ထူးခြားတဲ့ ပုံသဏ္ဍန်လည်း ရှိတတ်ကြပါတယ်။ ဥပမာအားဖြင့် မျဉ်းကြောင်း တစ်ခုပုံမျိုး၊ မြွေတစ်ကောင် ပုံမျိုး၊ မျဉ်းပြိုင်များရဲ့ပုံမျိုး၊ လှိုင်းတစ်စုရဲ့ပုံမျိုး၊ ငှက်မွေးတစ်ခုရဲ့ ပုံသဏ္ဍန်မျိုးနဲ့ အငွေ့များဖြာထွက်နေတဲ ပုံသဏ္ဍာန်မျိုး စသဖြင့်(၆)မျိုး ရှိတတ်ကြပါတယ်” ဟုဆိုထားသည်။

တပ်မတော် နဲ့သတင်းမီဒီယာကြား ပိုမိုပွင့်လင်းလာစေဖို့ လိုအပ်နေသေး


ကျောက်မဲမြို့နယ်တွင်း ပစ်ခတ်မှု ရွာသားများ ထိခိုက်ဒဏ်ရာရ

နန်းမြနဒီ


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင်းမှာ အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့က ပစ်ခတ်မှုကြောင့် လက်နက်စ ထိမှန်တဲ့ ရွာသူတဦး ဆေးရုံ ရောက်လာတယ်လို့ ကျောက်မဲပြည်သူ့ဆေးရုံ တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၄၀ အချိန်မှာ လက်နက်ထိ ဒဏ်ရာနဲ့ အမျိုးသမီးတဦး ဆေးရုံကို ရောက်လာပါတယ်။ ခေါင်းမှာ တချက်၊ ဘယ်ဘက် နောက်ကျောမှာ တချက်နဲ့ ပေါင်မှာ တချက် စုစုပေါင်း ၃ နေရာပါ။ မနေ့ညက ခွဲစိပ်ကုသဆောင်မှာ ထားပြီး ဒီဆေးရုံမှာ ဦးခေါင်းနဲ့ပတ်သက်ပြီး ကုသတဲ့ ဆရာဝန်မရှိတဲ့အတွက် ဒီနေ့မနက်တော့ မန္တလေးဆေးရုံကြီးကို လွှဲပေးလိုက်ပါတယ်။”

ဒဏ်ရာရ အမျိုးသမီးအမည်မှာ ဒေါ်အေးဥ၊ အသက်က ၅၅ နှစ်ဖြစ်ပြီး ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကလောဝိုင်းရွာမှာ နေထိုင်တယ်လို့ ဆေးရုံက ပြောပါတယ်။

ကျောက်မဲဒေသခံ တဦးကတော့ မနေ့က ပစ်ခတ်မှုမှာ ရွာသား ၃ ဦး ဒဏ်ရာရ သွားတယ်လို့ ပြောပါတယ်။

ဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုချက်မရသေးပါဘူး။

ကျောက်မဲမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ကြားမိပေမယ့် အစီရင်ခံစာတက်မလာတာကြောင့် အချက်အလက် ဘာမှမသိရဘူးလို့ ဖြေကြားသွားပါတယ်။

တီအန်အယ်လ်အေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာနားမှာ တအာင်းတပ်ရင်း ၇၁၇/ ၉၈၇ နဲ့ မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားပြီး အစိုးရတပ်ဘက်က ၂ ဦး ကျဆုံးတယ်လို့ ဖော်ပြသွားပါတယ်။ ရွာသားများ ထိခိုက်ဒဏ်ရာရမှုမှာတော့ တာဝန်ခံပြောကြားမယ့်သူ မရှိပါဘူး။

အစိုးရတပ်နဲ့ အမြဲလို ပစ်ခတ်မှုဖြစ်ပွားနေတဲ့ တီအန်အယ်လ်အေဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှသာ လက်မှတ်ရေးထိုးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မဲစာရင်း မှားယွင်းနေမှု စိုးရိမ်ဖွယ်မရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ပြော


နောက်တက်လာမယ့် အစိုးရ မျိုးစောင့်ဥပဒေကို မပြင်နိုင်ရန် အောင်ပွဲခံ အင်အားပြနေဟု ဦးဝီရသူဆို

မဇ္ဈိမ

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် တွင် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြဋ္ဌာန်းနိုင်ခဲ့တဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်မှုကို မဘသရဲ့ နိုင်ငံရေး အောင်ပွဲအဖြစ် အခမ်းအနားတွေ၊ စီတန်းလှည့်လည်မှုတွေနဲ့အတူ တနိုင်ငံလုံးတွင် ကျင်းပ ပြုလုပ်လျက် ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် မန္တလေးမြို့မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ ဟုတ်မဟုတ် မဘသအဖွဲ့က စုံစမ်း လျက် ရှိပြီး မဘသ ဦးဆောင် ဆရာတော် ဦးဝီရသူက တိုင်းပြည်နှင့် ဗုဒ္ဓဘာသာကို ကာကွယ်မယ့် အမျိုးကို စောင့်ရှောက်မယ့်သူတွေကို ရွေးချယ်ရန် စက်တင် ဘာလ ၁၆ ရက်နေ့က တိုက်တွန်း ထားပါတယ်။

ဦးသိန်းစိန် ပြဋ္ဌာန်းပေးခဲ့တဲ့ မျိုးစောင့်ဥပဒေများ တနိုင်ငံလုံးတွင် ထောက်ခံမှု အင်တိုက်အားတိုက် ပြုလုပ်နေခြင်းဟာ လက်ရှိအစိုးရရဲ့ ဒုတိယ သက်တမ်းအတွက် မဲဆွယ်ပေးနေခြင်းလားလို့ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ မစိုးရိမ် တိုက်သစ်ဆရာတော် မဘသ က ဦးဝီရသူက ဦးသိန်းစိန်ကို အာဏာ တည်မြဲဖို့ ဒီအခမ်းနားတွေ ကျင်းပနေတာမဟုတ်ပါဘူးတဲ့ နောက်အစိုးရတက်လာရင် မျိုးစောင့်ဥပဒေ ကို ရန်ရှာနိုင်တယ်ဆိုတဲ့ အသံတွေလည်းထွက်လာလို့ အင်အားပြတာတွေ လုပ်ခဲ့တာပါလို့ မိန့်ပါတယ်။

ဦးဝီရသူက။ ။ မဲဆွယ်တဲ့ကာလနဲ့ တိုက်ဆိုင်ပြီးတော့မှ ဒီဥပဒေကို အဆုံးသတ်ပေးလိုက်တယ် ဆိုပြီးတော့ ဝေဖန်တယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလမှာမှ ဒီအောင်ပွဲတွေကို တမင်သက်သက် အောင်ပွဲခံတယ်လို့ ဝေဖန်နေတာတွေ ရှိပါတယ်။ ကန့်ကွက်တဲ့သူ ရှိခဲ့လို့သာ ဒီဥပဒေ က ဒီအချိန်ရောက်မှ အောင်မြင်သွားတာပါ။ တကယ်လို့ ကန့်ကွက်ခဲ့သူမရှိလို့ ချောချောမောမော အောင်မြင်သွားရင် ဒီအချိန်ထိ မရောက်ပါဘူး။

နောက်တစ်ချက်ကတော့ မဘသ ဗဟိုအစည်းအဝေးမှာ တစ်ရက်တည်း တစ်ပြိုင်နက်ထဲ မန္တလေးနဲ့ ရန်ကုန်မှာလုပ်ဖို့ ရည်ရွယ်တာပါ။ သို့သော်လည်း လက်မှတ် ကောက်ပေးထားတဲ့ လူတွေက မန္တလေးနဲ့ ရန်ကုန်တင်မကဘူး။ အထက်ဗမာပြည်ကော အောက်ဗမာ ပြည်ကော စုံနေတာဆိုတော့ သူတို့တွေ လက်မှတ်တစ်ခုရဖို့က အင်မတန်ခက်ခဲပါတယ်။ လက်မှတ်ကောက်ပေးထားတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သက်ညှာပြီးတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုတဲ့ မြို့ကြီးတွေမှာပဲ ဖြစ်ဖြစ် သို့မဟုတ် သင့်တော်တဲ့မြို့တွေ မှာပဲ ဖြစ်ဖြစ် အောင်ပွဲ ကျင်းပကြဖို့ သတ်မှတ်လိုက်တာပါ။

နောက်တစ်ချက်က သမ္မတ ဦးသိန်းစိန်ကို ထောက်ခံဖို့ ဒီအစိုးရ ဆက်လက်ပြီးတော့ အာဏာ တည်မြဲဖို့ ဒီအခမ်းနားတွေ ကျင်းပနေတာမဟုတ်ပါဘူး။ နောက်တစ်ချက်က နောက်အစိုးရ တက်လာရင် မျိုးစောင့်ဥပဒေကို ရန်ရှာနိုင်တယ်ဆိုတဲ့ အသံတွေလည်း ထွက်လာသလို အဲဒီလို ရန်ရှာမယ့် အဖွဲ့အစည်းတွေကလည်း အသံတွေ ကြားလာရတယ်။ အဲဒီအတွက် အင်အားပြတဲ့အနေနဲ့ အမျိုးစောင့် ဥပဒေကို မထိပါးရဲအောင် ကြီးကြီးကျယ်ကျယ် လုပ်နေရခြင်း ဖြစ်ပါတယ်။

NLDက ကမာရွတ်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးလင်းနိုင်မြင့် ကတော့ ဘယ်ပါတီပဲဖြစ်ဖြစ် တရား ဥပဒေ ကိုချိုးဖောက်ရင် အဲဒီသူရဲ့တာဝန်သာဖြစ်တယ်။ တကယ်လို့ တဖွဲ့ဖွဲ့ တယောက်ယောက်က သွားပြီး တားဆီး ပိတ်ပင်တယ်ဆိုရင်တော့ ဒီဥစ္စာက တည်ဆဲဥပဒေတွေကို ချိုးဖောက်တာဖြစ်သွားပြီလို့ ဆိုပါတယ်။

ဦးလင်းနိုင်မြင့်။ ။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ (၅၈)မှာလည်း ဘာသာရေးကို အကြောင်းပြပြီး တော့ မဲဆွယ်လို့မရဘူးလို့ ဖော်ပြထားတယ်။ ပြီးတဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဘာသာတစ်ခုခုကို အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ပြီးတော့ ဆောင်ရွက်ခွင့် မရှိဘူးလို့ ဖော်ပြထားတယ်။ တစ်ချို့ နေရာတွေမှာ ကျွန်တော်ဖတ်လိုက်ရတာ ကြားလိုက်ရတာ အမျိုးဘာသာ သာသနာ ဆိုတဲ့အဖွဲ့က တစ်ချို့လူတွေက အဲထဲမှာ ပါတဲ့ တစ်ချို့လူတွေက အဲဒါကို ချိုးဖောက်နေတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါကတော့ ဥပဒေကို ချိုးဖောက်တာကတော့ ချိုးဖောက်တဲ့ လူရဲ့တာဝန်သာဖြစ်တယ်လို့ ကျွန်တော် ကတော့ မြင်မိတယ်။ ဝေဖန်တာတို့ ထောက်ပြတာတို့ အကြံပြုတာတို့ကတော့ ဒီမိုကရေစီစနစ်သွားပြီ ဆိုရင် ကြုံရမှာပဲလေ။ အဲပေမယ့် အဲအပေါ်မှာတော့ ဝေဖန်လို့ရတယ်။ ထောက်ပြလို့ရတယ်။ အကြံပြုလို့ရတယ်။ ဒါပေမယ့် အဲအပေါ်မှာ တားဆီး ပိတ်ပင်လို့မရဘူး။ တကယ်လို့ တားဆီးပိတ်ပင် သွားပြီဆိုရင်တော့ ဒီဥစ္စာက တည်ဆဲ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်သွားပြီ။

မဘသအဖွဲ့က ရွေးကောက်ပွဲမှာ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်မယ့် အရိပ်လက္ခဏာ ပြသတာမရှိပေမယ့် သူတို့ရဲ့ ဥပဒေ ၄ ခုကို ဆန့်ကျင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူသိအောင် ထုတ်ပြန် သတိ ပေးသွား မယ်လို့ ကြေညာထားပါတယ်။ အဲဒီ ကိုယ်စားလှယ်လောင်း တွေထဲမှာ လာမယ့် ရွေးကောက်ပွဲမှာ ရှေးရိုးစွဲသမားများ၊ စစ်ဘက်အရာရှိ ဟောင်းများနဲ့ ရင်ဆိုင်ရမည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့ ပါဝင်နေပါတယ်။

အရှင်ဝီရသူကတော့ နောက်အစိုးရတက် လာရင် ဒီမျိုးစောင့်ဥပဒေကို ပြန်ပြင်မယ်လို့ ကန့်ကွက်ခဲ့တဲ့ သူတွေပါလာခဲ့ရင် အင်အားပြတဲ့အနေနဲ့ လုပ်ရတာဖြစ်တယ်လို့ မိန့်ပါတယ်။

အရှင်ဝီရသူ။ ။အခြေခံဥပအဒေ ပြင်တာသာ ရာခိုင်နှုန်း တော်တော်များများရမှ ထောက်ခံမဲ များများရ မှ ပြင်လို့ရတာကို အမျိုးစောင့်ဥပဒေလို ဥပဒေ အသေးအဖွဲလေးတွေ ပြင်တဲ့ကိစ္စကျတော့ ၅၁ ရာခိုင်နှုန်း ရရင်ပြင်လို့ရတယ်။ ဒါကြောင့် လွှတ်တော်ထဲ ငါတို့ရောက်သွားရင် ဒီမျိုးစောင့်ဥပဒေကို ပြန်ပြင်မယ်လို့ ကန့်ကွက်ခဲ့တဲ့ အမတ်တွေရဲ့ ပြောတဲ့ စကားတွေရှိတယ်။ နောက် သူတို့ရဲ့ အသိုင်းအ၀ိုင်းထဲကလည်း ဒီသတင်းတွေ ထွက်လာတယ်။ ဒါတွေကို ရဟန်းရှင်လူ ပြည်သူတွေက တော်တော် စိုးရိမ်ကြတယ်။ စိုးရိမ်ကြလို့ ဒါကို အင်အားပြတဲ့အနေနဲ့ အောင်ပွဲခံတာပါ။

ရွေးကောက်ပွဲမတိုင်မီ အခုလိုမဲဆွယ်တဲ့ ကာလမျိုးမှာ လက်ရှိအာဏာရ ပါတီနဲ့ အတိုက်အခံပါတီကြီးတို့ ကတော့ ထောင်ပြီးသား ပါတီဆိုင်းဘုတ်နေရာမှာ နောက်ထောင်တဲ့ ပါတီဆိုင်းဘုတ်ကရှေ့ကကွယ်နေ တာမျိုးတွေ၊ မဲဆွယ်ကြစဉ် ပါတီဝင်အချင်းချင်း အချင်းများကြတာမျိုးတွေတော့ နေရာတချို့မှာဖြစ်ခဲ့ ပါတယ် ဦးလင်းနိုင်မြင့်ကတော့ ရွေးကောက်ပွဲကာလမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပါတီတွေ ပူးပေါင်းပြီး ထိမ်းနိုင်မယ်ထင်ပါတယ်တဲ့။

ဦးလင်းနိုင်မြင့်။ ။ရွေးကောက်ပွဲကာလမှာ ရန်ကုန်၊မန္တလေးနဲ့ မြို့ကြီးတွေမှာ ဒီလို ပဋိပေက္ခမျိုး ဖြစ်လာဖို့တော့ ကျွန်တော်တော့မထင်မိဘူး။ နယ်တွေမှာ ဆိုရင်တော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပါတီတွေနဲ့တော့ အဲလို မဖြစ်အောင်ပူးပေါင်းပြီး ဆောင်ရွက်နေတာရှိတယ်။ သက်ဆောင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေကလည်း အဲလို ပဋိပေက္ခတွေ မဖြစ်အောင်လို့ ကြိုတင်ပြီး ဖြစ်ပွားတဲ့ကိစ္စတွေ ဖြစ်လာနိုင်ခြေရှိတဲ့အဖွဲ့တွေကိုလည်း ခေါ်ယူပြီးသတိပေးတာတို့၊ အကြောင်းကြားတာတို့ ရှိတယ်။ အဲဒါကြောင့် ကြီးကြီးမားမား ဖြစ်မယ်လို့တော့ ကျွန်တော်တော့ မထင်မိဘူး။

မဘသ ကအရှင်ဝီရသူကတော့ ပါတီကြီးနှစ်ခုလုံးက ပုံအပ်လို့ မရတဲ့ အခြေအနေပါတဲ့

အရှင်ဝီရသူ။ ။သူတို့တစ်တွေ မဲဆွဲစည်းရုံးတဲ့ ကိစ္စနဲ့တော့ သိပ်ပြီးတော့ အထူးအထွေ မလေ့လာမိ ပါဘူး။ ပါတီတိုင်း ပါတီတိုင်း မဲဆွဲစည်းရုံး နေကြတာကို ဦးဇင်းတို့က တွေ့မြင်နေရတော့ ထူးပြီးတော့ ပြောစရာဂာ မရှိပါဘူး။ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌကြီးက ဘာမှကို လုပ်မပြနိုင်ခဲ့ဘူးနော်။ အဲတော့ သူတို့ ကြွေးကြော်တဲ့အတိုင်း ဖြစ်လာပါ့မလားဆိုတာကြီးက ပြောစရာ ဖြစ်သွားတာပေါ့။

နောက်တစ်ခု က ဦးဇင်းတို့ မန္တလေးကို လာတုန်းက သူလွှတ်တော်ထဲ ရောက်သွားရင် မန္တလေးအတွက် ပထမဦးဆုံး အဆိုပြုပေးပါ့မယ် ဆိုပြီးတော့ ကတိပေးခဲ့တယ်။ သို့သော်လည်းပဲ မန္တလေး သံဃာထုက တောင်းဆိုတဲ့ အမျိုးစောင့် ဥပဒေကျတော့ ပါတီလုံးကျွတ်ကို ကန့်ကွက်ခဲ့တာ ပေါ့နော်။ ဦးဇင်းတို့ ပြောချင်တာကတော့ ပါတီကြီးနှစ်ခုရှိတယ်။ နှစ်ခုတည်းက တစ်ခုခုကို ပုံအပ်လို့တော့ မရနိုင်တဲ့အခြေနေမျိုးမှာ ရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပါတီသေးသေးလေးတွေထဲက အရည်အချင်းပြည့်ဝတဲ့ စိစစ်ပြီးရွေးထုတ်မှသာ အနာဂတ် နိုင်ငံရေးက တည်ငြိမ်ဖြောင့်ဖြူးနိုင်မယ်လို့ ဦးဇင်းကတော့ အကြံပြုချင်တာပေါ့။

မဘသ ကအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို မဘသက တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် လိုက်လံ ဝေငှလျက် ရှိကြောင်း NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက မီဒီယာများသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့တဲ့အပေါ်မဘသက အရှင်ဝီရသူက

အရှင်ဝီရသူ။ ။နောက်နောင်မှာ မဘသ လိုဂိုကို အသုံးပြုပြီးတော့ ဒီလို နိုင်ငံရေး အသုံးချတာမျိုး မလုပ်ဖို့ ဦးဇင်းတို့ ကြေညာချက်လည်း ထုတ်ထားတယ်။ နောက်ပိုင်းမှာတော့ ဒီဟာကို မိတ္တူ ပွားပြီးတော့ ဟိုနေရာအခမ်းအနားမှာ ဖြန့်ဝေလိုက် ဒီနေရာမှာ ဖြန့်ဝေလိုက်နဲ့ နိုင်ငံရေးကို အသုံးချနေ တာတွေ့ရပါတယ်။ အမျိုးစောင့်ဥပဒေကို တစ်ယောက်စ နှစ်ယောက်စက ကန့်ကွက်ခဲ့တာ မဟုတ်ပဲနဲ့ ပါတီလုံးကျွတ် ကန့်ကွက်ခဲ့တဲ့အတွက် သံဃာငယ်လေးတွေရင်ထဲမှာ ကြိတ်မနိုင်ခဲမရ ခံစားရတယ် ပေါ့နော်။ အဲလို ပေါက်ကွဲတယ်လို့လည်း ဦးဇင်းတို့ ယူဆတာပေါ့နော်

ပုဂံသားတွေပြောကြတဲ့ ပုဂံအကြောင်း ရုပ်သံမှတ်တမ်း အပိုင်း ၂


အစိုးရဝန်ထမ်းသင်ကြားမှုကြောင့် အရှေ့ဒေါနနယ်ခံများ ဒေသတွင်းပညာရေးအတွက် စိုးရိမ်နေ

ကေအိုင်စီ


ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ၊ ဒေါနအရှေ့ဘက်ခြမ်းရှိ စာသင်ကျောင်းများတွင် အစိုးရ ပညာရေး ၀န်ထမ်းများ ဝင်ရောက်တာဝန်ထမ်းဆောင်မှုများလာသဖြင့် သင်ကြားမှုနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများရှိလာကာ ဒေသ တွင်းပညာရေးအတွက် စိုးရိမ်လာရသည်ဟု “သေ့ဘောဘိုးတောနော့ အထက်တန်းကျောင်း”တွင် ယမန်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲ၌ ဒေသခံလူထုနှင့် ကရင်ပညာရေးဋ္ဌာန(KED)က ပြောဆိုလိုက်သည်။

“ကျနော်တို့ရွာမှာ မူလတန်းကျောင်းရှိပါတယ်။ ဒီနှစ် ကျောင်းအုပ်က အစိုးရကခန့်တဲ့ ကျောင်းအုပ်ပါ။ သူက တစ်လဆိုရင် မြို့ကို တစ်ခေါက်၊ နှစ်ခေါက် ပုံမှန် ပြန်ဆင်းတော့ ကျနော်တို့ကျောင်းအတွက် အဆင်မပြေမှုတွေ ဖြစ်လာရတယ်”ဟု တွေ့ဆုံပွဲ တက်ရောက်သည့် ဝါ့မီထာ့ကျေးရွာ ကျောင်းကော်မတီဝင်တစ်ဦးဖြစ်သူ စောဆန်းညွှန့်က ကေအိုင်စီသို့ ပြောသည်။

အရှေ့ဒေါနဒေသတွင် လက်ရှိ စာသင်ကျောင်း ၃၂ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် ယခင်နှစ်များအတွင်း KED မှ ပြဋ္ဌာန်း ထားသည့် သင်ရိုးညွှန်းတမ်းဖြင့်သာ သင်ကြားခဲ့သော်လည်း ၂၀၁၂ခုနှစ်မှစ၍ အစိုးရကျောင်းပညာရေး ဝင်ရောက်လာကာ ယခု ဆိုလျှင် ဝေါ်လေ၊ စုကလိ၊ လယ်ခေါ့၊ ဝါ့မီထာ့၊ သဝေါသော စသည့် စာသင်ကျောင်းများတွင် အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများ ခန့်အပ်ကာ သင်ကြားလာခြင်းဖြစ်သည်။

ကော့ကရိတ်မြို့နယ် KED မှ ဦးဆောင်ပြုလုပ်သည့် အဆိုပါပညာရေးဆိုင်ရာ တွေ့ဆုံပွဲတွင် အရှေ့ဒေါနနယ်မြေမှ ကျောင်းများရှိ ကျောင်းကော်မတီများ၊ ကျောင်းဆရာ၊ ဆရာများနှင့် နယ်မြေခံ ကေအဲန်ယူ အရပ်ဘက်တာဝန်ရှိသူများ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ) တာဝန်ရှိသူများ စုစုပေါင်း ၄ဝဦးခန့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ကရင်ဒေသအတွင်း ကျောင်းများ၌ ပညာရေးနှင့်ပတ်သက်၍ နဂိုမူလ အခြေအနေ၊ အစိုးရပညာရေး ဝင်ရောက် လာပြီးနောက်ပိုင်းအခြေအနေ၊ KED ၏ ပညာရေးဆိုင်ရာ မူဝါဒချပြခြင်းနှင့် အရှေ့ဒေါနဒေသတွင် ပညာရေးကို မည်သို့ ရှေ့ဆက် ဆောင်ရွက်သင့်ကြောင်းများကို ဆွေးနွေးခဲ့ကြပြီး ပညာရေးဖြင့် နယ်မြေစိုးမိုးမှုသဖွယ် ဖြစ်လာမည်ကို စိုးရိမ်ကြသည်။

ကော့ကရိတ်မြို့နယ် KED အတွင်းရေးမှူး စောလှဂေက “အခုလို အစိုးရ ကျောင်းဆရာတွေများလာတာ ကျနော်တို့နေရာကို လာ ချဲ့သလို ဖြစ်နေသလား တွေးစရာဖြစ်တယ်။ စာလာသင်တဲ့ကျောင်းတွေကိုလည်း သူတို့လူကိုပဲ ကျောင်းအုပ်ခန့်တယ်။ ဒီအခြေ အနေကို ကေအဲန်ယူဋ္ဌာနချုပ်ကို ကျနော်တို့တင်ပြဖို့ ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

တွေ့ဆုံပွဲတွင် ပညာရေးအပေါ် ကေအဲန်ယူ၏ ရပ်တည်ချက်များနှင့် လုပ်ဆောင်သွားရမည့်အရာများ ထုတ်ပြန်စာတစ်စောင်ကို လည်း ရှင်းလင်းခဲ့ကြောင်း၊ အပစ်ရပ်ကာလ၌ ကရင်ဒေသအတွင်း ပညာရေးကိစ္စအပေါ် အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့ (NGO)တို့၏ ဝင်ရောက်စွက်ဖက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။

အရှေ့ဒေါနဒေသရှိ စာသင်ကျောင်းများသည် မောခီး၊ စုကလိနှင့် နို့ဖိုး စသည့်ကျေးရွာအုပ်စုများတွင် တည်ရှိပြီး ၎င်းကျောင်းများ အနက် အချို့ကို အစိုးရနှင့် ကေအဲန်ယူတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်မရေးထိုးသည့် ၂၀၁၂ခုနှစ်မှာပင် အစိုးရမှ ပြဋ္ဌာန်းသော ကျောင်းပညာရေးသင်ရိုးညွှန်းတမ်း သင်ကြားလာသလို အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ခန့်အပ်မှု လည်း များပြားလာခဲ့သည်။

ပါတီမိတ်ခြင်း(အမျိုးသားတိုးတက်ရေးပါတီ)


လိပ်ကျွန်း လူသတ်မှုတွင် ထိုင်းတင်ပြသည့် သက်သေနှင့် အင်္ဂလန်မှုခင်းဆရာဝန် ထွက်ဆိုချက်တို့ ကွဲလွဲနေ

ဟိန်းကိုစိုး

လိပ်ကျွန်းအမှုတွင် တရားလိုအဖြစ် စွဲချက်တင်ထားသည့် ထိုင်းရဲတပ်ဖွဲ့၏သက်သေနှင့် အင်္ဂလန်မှုခင်း ဆရာဝန်၏ တရားခွင်ထွက်ဆိုချက်တို့ ကွဲလွဲနေသည်ဟု လိပ်ကျွန်းအမှုကို ကူညီဆောင်ရွက်နေသူ ရှေ့နေဦးအောင်မျိုးသန့်က စက်တင်ဘာ ၃၀ရက်တွင် မဇ္ဈိမကိုပြောသည်။

သေဆုံးသူ အင်္ဂလန်နိုင်ငံမှ ဟန်နာ၏ရုပ်အလောင်းကို အင်္ဂလန်နိုင်ငံတွင် ထပ်မံစစ်ဆေးရသည့် မှုခင်းဆရာဝန်ကယ်ရီက ၄င်း စစ်ဆေးတွေ့ရှိမှုကို ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် ဟန်ဒီဟောမှ တစ်ဆင့် တရားရုံးတရားခွင်တွင် တယ်လီဖုန်းမှတစ်ဆင့် ထွက်ဆိုခဲ့ခြင်းဟု ဆိုသည်။

"ဟန်နာအင်္ဂါနဲ့ စအိုကြားမှာ မတရားကျင့်လို့ အနာဖြစ်တယ်လို့ ထိုင်းရဲက တင်ခဲ့တာ။ အမှန်အဲဒီနေရာမှာ အနာမရှိခဲ့ဘူးလို့၊ ကယ်ရီက ဖုန်းကတစ်ဆင့် ပြန်ဖြေခဲ့တယ်။ အဲဒီဟာကလည်း ကွဲလွဲမှုပဲ၊ ထိုင်းရဲက သေဒဏ် ချနိုင်တဲ့အမှုကို တင်ပြတဲ့ သက်သေက သေချာစိစစ်ထားတာ မဟုတ်ဘူးဆိုတာကို ပေါ်လွင်တယ်" ဟု ဦးအောင်မျိုးသန့်ကပြောသည်။

ကော့စမွေခရိုင် တရားရုံးက ထိုင်းရဲဖက်မှ တင်ပြသည့်သက်သေများကို စက်တင်ဘာ ၁၉ရက်မှ ၂၄ရက်အထိ စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၀ရက် တရားခံဟုယူဆထားသူ ဇော်လင်းထွန်းနှင့် ဝေဖြိုးတို့ကို ထပ်မံစစ်ဆေး မည်ဖြစ်သည်။

လိပ်ကျွန်းအမှုအတွက် မြန်မာနိုင်ငံဖက်က ဆောင်ရွက်သည့်အဖွဲ့က ကော့စမွေ တရားရုံးသို့ သက်သေ ၃၁ဦးထိ တင်ပြထားပြီး ထိုင်းရဲတပ်ဖွဲ့ဖက်က ၆၅ဦးနှင့် အခြားကျူးလွန်သည်ဟု ယူဆရသည့်နေရာမှ တွေ့ရှိရသည့် ပစ္စည်း သက်သေများကို တင်ပြထားသည်။ မြန်မာအဖွဲ့မှ တင်ပြထားသည့် သက်သေ ၃၁ဦးမှ ၁၄ဦးထိ စစ်ဆေးပြီးကာ၊ ထိုင်းဖက်မှ သက်သေ ၆၅ဦးမှ ၃၅ဦးကို စစ်ဆေးပြီးဖြစ်သည်။

လိပ်ကျွန်းအမှုမှ စွပ်စွဲခံရသူ မြန်မာနှစ်ဦးအရေးကို မြန်မာသံရုံး ၀န်ထမ်းအချို့နှင့် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေသည့် MAT Myanmar Association in Thailand အဖွဲ့ဝင်တို့ ပူးပေါင်းကာ ဆောင်ရွက်ပေး နေပြီး စတင်ဆောင်ရွက်ချိန်မှ လက်ရှိအချိန်ထိ အမှုကုန်ကျစားရိတ် ဘတ် ၂သန်းခန့်မှန်းကုန်ကျနေပြီဟု MAT အဖွဲ့ဝင် ဦးအောင်မျိုးသန့်မှသိရသည်။

အမှု ကုန်ကျစားရိတ်များကို လွှတ်တော်မှလှူဒါန်းသည့် ဒေါ်လာ ၁၇၀၀၀ (သိန်း ၁၇၀)၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အမေရိကန်ဒေါ်လာ ၅၀၀၀ တို့မှသုံးစွဲခြင်းဖြစ်ပြီး၊ လိုအပ်သည့်ငွေကြေးတို့ကို သံရုံးနှင့် MAT အဖွဲ့မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသူများက စိုက်ထုတ်သုံးစွဲသည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်က အမှုရင်ဆိုင်ရာတွင် အသုံးပြုရန် လှူဒါန်းသည့် သိန်း ၃၀၀ကို အမှုရင်ဆိုင်ရာသို့ သိန်း ၁၇၀ အသုံးပြုပြီး ကျန်ရှိသည်များကို ဇော်လင်းထွန်းနှင့် ဝေဖြိုးတို့၏ မိဘများ သွားလာစားရိတ်၊ ဆေးကုသ စားရိတ်များတွင်သုံးစွဲသည်ဟု သံရုံးအဖွဲ့မှ သိရသည်။

တရားမျှတမှု ပိုရလာစေဖို့အတွက် ကျပ်သန်းပေါင်း သုံးသောင်းတန် အစီအစဉ်တခု စတင်