Monday, November 25, 2013

မြန်မာနယ်စပ်တွင် စစ်အင်အားလေးသောင်းကျော် ချထားရန် အိနိ္ဒယစီစဉ်နေ

အောင်မင်း

ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ကုန်ကျမည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်လည်း ပါဝင်

အိနိ္ဒယ-မြန်မာနယ်စပ်တွင် အာသံ ရိုင်ဖယ်တပ်အစား အင်အား ၄၁,၀၀၀ ရှိ တပ်သားများနှင့် အစားထိုး ခြင်း၊ ကန်ဒေါ်လာသန်း ၈၀၀ ကျော်ကုန်ကျမည့် အခြေခံအဆောက်အုံများ တည်ဆောက်ခြင်းတို့ ပါဝင် သောအစီအစဉ်တစ်ရပ်အား အိနိ္ဒယအစိုးရမှ ယခုသီတင်းပတ်အတွင်း ဆွေးနွေးသွားမည်ဟု အိနိ္ဒယနိုင်ငံ အခြေစိုက် business-standard.com တွင် နိုဝင်ဘာ၂၄ ရက်တွင် ဖော်ပြထားသည်။

ကီလိုမီတာ ၁၆၄၀ ရှည်လျားသည့် နယ်စပ်တစ်လျှောက်တွင် စစ်သားများအား အစောင့်အကြပ်ချထား ခြင်းနှင့် စခန်းများဆောက်လုပ်ခြင်းတို့အတွက် လိုအပ်ချက်များအား နယ်ခြားစောင့်တပ်ဖွဲ့၏ အကြီးတန်း တာဝန်ရှိသူများက ပြည်ထဲရေးဝန်ကြီးဌာနသို့ မကြာမီ တင်ပြသွားလိမ့်မည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ကွင်းဆင်းလေ့လာသည့် အဖွဲ့တစ်ဖွဲ့သည် မြေမျက်နှာသွင်ပြင်၊ နယ်မြေအကျယ်အ၀န်း၊ သစ်တော အကျယ်အ၀န်းများအား မြေပုံဆွဲရန်အတွက် နယ်စပ်ဒေသများသို့ ရောက်ရှိနေပြီး ဖြစ်သည်။ နီးစပ်သည့် သတင်းများအဆိုအရ နယ်စပ်အစောင့်အကြပ်များ ချထားရန်အတွက် တပ်ရင်းပေါင်း ၄၁ ရင်းခန့် လိုအပ် လိမ့်မည်ဟု နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ခန့်မှန်းထားဟု business-standard.com က ရေးသားသည်။

ထို့အတူ နောင်လာမည့် ငါးနှစ်တွင် ၎င်းအစောင့်အကြပ်များအတွက် အခြေခံအဆောက်အအုံများ တည် ဆောက်ရန် အိနိ္ဒယရူပီ ကုဋေ ၅၀၀၀ (ကန်ဒေါ်လာ သန်း ၈၀၀ ကျော်) ကုန်ကျလိမ့်မည်ဟုလည်း ခန့် မှန်းထားသည်။

“နောက်ဆုံးအတည်ပြုချက်ကို အစိုးရက ယခုသီတင်းပတ်နှောင်းပိုင်းမှာ ပြုလုပ်သွားမှာပါ”ဟု စီမံချက် ရေးဆွဲနေသည့် အရာရှိတစ်ဦးကို ကိုးကား၍ business-standard.com က ဖေါ်ပြသည်။

အိန်္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ တင်သွင်းမည့် နောက်ဆုံးအဆိုပြုချက်ကို ဆုံးဖြတ်ချက် ချမှတ်ရာတွင် အာဏာအရှိဆုံးသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် လုံခြုံရေးဆိုင်ရာဝန်ကြီးများကော်မတီ (CCS) မှ လက်ခံစဉ်း စားသွားမည် ဖြစ်သည်။

လောလောဆယ်တွင် အိနိ္ဒယနိုင်ငံသည် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များကို ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် ချထားလျက်ရှိသည်။ ယခုအခါတွင် အာသံရိုင်ဖယ်တပ်မှ စစ်မှုထမ်းများအား အိနိ္ဒယ-မြန်မာနယ်စပ်ရှိ သူပုန်ရှင်းလင်းရေးထိုးစစ်များတွင် အသုံးပြုသွားမည်ဟုလည်း business-standard. com က ရေးသားထားသည်။

No comments:

Post a Comment