
ရန်ကုန်မြို့၌ ပုံနှိပ်ပြီး စာအုပ်များကို ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ နေပြည်တော်ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးသို့ ပေးပို့ရမည်ဟု နေပြည်တော်ရှိ ၀န်ကြီးဌာနတခုမှ အရာရှိတဦးက ပြောသည်။
တချို့ဝန်ကြီးဌာနများသည် ပုံနှိပ်ခြင်းကိစ္စရပ်များကို သင်္ကြန်မတိုင်မီရက်များကတည်းက ကြိုတင်စီစဉ်ခဲ့ကြပြီး ၀န်ကြီးဌာနတချို့မှာ မူ ယခုရက်ပိုင်းမှစ၍ စီစဉ်နေကြကြောင်း သိရသည်။
နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြပြီးဖြစ်သည့် အဆိုပါမိန့်ခွန်းများကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပုံနှိပ်ဖြန့်ဝေသည့်မူအတိုင်းမဟုတ်ဘဲ ၀န်ကြီး ဌာန အသီးသီးက ကိုယ့်အစီအစဉ်နှင့်ကိုယ် ရိုက်နှိပ်နေကြကြောင်းလည်း သိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန စသည်တို့သည် ကိုယ့်ဌာန အစီအစဉ်နှင့်ကိုယ် ပုံနှိပ် ဖြန့်ဝေရန် စီစဉ်နေကြခြင်းဖြစ်သည်။
၈ လက်မ x ၅ . ၅ လက်မ အရွယ်အစားရှိ စာမျက်နှာ ၅၀ ကျော်ပါ ၎င်းမိန့်ခွန်း စာအုပ်ကို ကတ်ထူဖုံး၊ ရောင်စုံ မျက်နှာဖုံးနှင့် ရိုက်နှိပ်ကြ မည် ဖြစ်သကဲ့သို့ တချို့ ဌာနများက ကွန်ပျူတာ စာစီ၊ မိတ္တူကူး၊ စာအုပ်ချုပ်၍ ဖြန့်ဝေရန် စီစဉ်လျက်ရှိသည်။
ရောင်စုံ မျက်နှာဖုံးနှင့် ပုံနှိပ်မည့် ဌာနများသည် မူရင်းအရောင်များ သတ်မှတ်ပါရှိသော နိုင်ငံတော်တံဆိပ် ရရှိရန် နိုင်ငံပိုင် သတင်း စာ တိုက်များသို့ ဆက်သွယ်အကူအညီ တောင်းခံနေသကဲ့သို့ တချို့ကလည်း အဖြူ/အမည်း နိုင်ငံတော်တံဆိပ်နှင့်ပင် ရိုက်နှိပ်ရန် စီစဉ်နေသည်ဟု သိရသည်။
အဆိုပါ စာအုပ်တွင် ၂၀၁၁ ခု မတ်လ ၃၀ ရက်က ပြည်ထောင်စု လွှတ်တော်တွင် သမ္မတပြောကြားသည့် မိန့်ခွန်း ၊ မတ်လ ၃၁ ရက် တွင် သမ္မတက ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များသို့ ပြောကြားသည့် မိန့်ခွန်း၊ ဧပြီ ၆ ရက်တွင် အစိုးရ အဖွဲ့ဝင် ၀န်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ ဒုတိယ ၀န်ကြီးများအား အမှာစကား ပြောကြားသည့်မိန့်ခွန်း စသည့် မိန့်ခွန်း ၃ ရပ် ပါဝင်သည်။
ယင်း သမ္မတ မိန့်ခွန်းများအား အစိုးရ၀န်ထမ်းများအနေဖြင့် လှောင်ပြောင်သရော်ခြင်း မပြုလုပ်ပါကြောင်း ၀န်ခံလက်မှတ်ရေးထိုး ရသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောသည်။
No comments:
Post a Comment