
တိုက်ပွဲတွေမစတင်ခင် နှစ်ရက်လောက်အလိုမှာ နယ်မြေခံ DKBA တပ်ဖွဲ့တွေကနေ ဒေသခံ ကရင်ရွာသားတွေ ကို ဘေးကင်းရာကိုထွက်ခွာသွားကြဖို့ ပြောလာတဲ့အခါမှာတော့ ကလေး တယောက်စီကိုပိုးပြီး တနိုင်စာအထုတ် အပိုးတွေကိုသယ်ပိုးထားတဲ့ မိသားစုတစုဟာ တဖွဲဖွဲ ရွာချနေတဲ့မိုးရေထဲကို ထွက်လာ ခဲ့ရပါတော့တယ်။
မြန်မာစစ်အစိုးရနှင့် တိုးတက်သောကရင်ဗုဓ္ဒဘာသာတပ်ဖွဲ့(DKBA) တို့ပူးပေါင်း၍ ကရင်အမျိုးသား အစည်းအ ရုံး (KNU) လက်အောက်ခံတပ်စခန်းများအား ယခုနှစ် ဧပြီလဆန်း ပိုင်းကစတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ကြောင့် ထောင်နဲ့ချီတဲ့ ကရင်ရွာသားတွေဟာ စစ်ပွဲနဲ့ဘေးကင်းရာ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင် လာခဲ့ရပါတယ်။
အခုလိုတိမ်းရှောင်လာခဲ့ကြတဲ့ရွာသားတွေထဲက ဖားအံခရိုင်၊ ပန်ကျုံမြို့နယ်၊ တာလယ် ၀မ့်မီကလန်းလို့ ခေါ်တဲ့ ကရင်ရွာလေးတရွာမှာ နေထိုင်ပြီး တောင်ယာအလုပ်ကို လုပ်ကိုင် စားသောက်နေတဲ့ ဦးဝင်းမောင် ကတော့ “ကျ နော်တို့တွေအခုလို ဒုက္ခရောက်နေရတာ ပြေးနေ ရတာတွေဟာ ကျနော်တို့ ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့အတွက်ကြောင့်ပေါ့။” လို့ သူ့ရဲ့ရင်ထဲကခံစားချက်ကို ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
ဦးဝင်းမောင်ဟာ သူတို့ဒေသတွေမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ မစိမ်းခဲ့ပါဘူး။ သူ့ရဲ့ဘ၀ သက်တမ်းတ လျှောက် မှာ အခုလိုစစ်ပွဲတွေကြောင့် ပြေးခဲ့ရတဲ့အကြိမ်တွေဟာလည်း မနည်းတော့ပါဘူး။ တိုက်ပွဲတွေ ဖြစ်တဲ့အခါ သူ့ရဲ့ရပ်ရွာကို ပြစ်ခွာပြီးသွားပုန်းနေလိုက်၊ တိုက်ပွဲတွေ ငြိမ်သွားတဲ့အခါ ရွာကိုပြန်လာနေလိုက်နဲ့ အခုလိုပဲ ရုန်းကန်လာခဲ့တာ သူ့အသက် ၄၀ ကျော်လို့ ၅၀ နီးပါးရှိခဲ့ပါပြီ။
သူ့ရဲ့ချွေးနဲ့ ရင်းပြီးလုပ်ကိုင်ထားတဲ့ လယ်ယာတွေနဲ့ တောင်ယာစိုက်ခင်းတွေအများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလယ်ယာစိုက်ခင်းတွေဟာ သူ့ကိုယ်ပိုင်ပစ္စည်းတွေအဖြစ် တခါမှ မရှိခဲ့ပါဘူး။ တိုက်ပွဲတွေ ဖြစ်လာလိုက် နယ်စပ်ကိုပြေးလိုက် ပြန်လာလိုက်နဲ့ လုံးခြာလည် နေတဲ့ဘ၀မှာ သူ့ရဲ့အနာဂါတ်ကို မမျော်မှန်းရဲလောက်အောင် ဖြစ်နေတယ်ဆိုတဲ့အကြောင်း“ကိုယ်ထူထောင်လို့ရတဲ့အချိန်မှာ အခုလိုထပ်ပြေးရမယ်ဆိုပြန်တော့ နောက် တနေ့ကျရင် ဘယ်လိုပုံစံနဲ့ဖြစ်မလဲ” လို့ သူတို့ရဲ့ မတည်ငြိမ်တဲ့ ဘ၀တွေအကြောင်းကို စိတ်ပျက်အားလျော့ စွာ ငြီးတွားရင်းပြောပြ သွားခဲ့ပါတယ်။
ကရင်အမျိုးသားအရေးကို ဆောင်ရွက်လိုသော်လည်း ကိုယ့်လူမျိုးအချင်းချင်း ပြန်တိုက်ရတဲ့ အလုပ်ကို မလုပ်နိုင် တော့ကြောင်း ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှာ ၆နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး (KNU) ထံလက်နက် ချခဲ့သူ တပ်ကြပ်ကြီး စောဒူးကူးက “ကျနော် စစ်သားမလုပ်ချင်တော့ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ တို့ကရင် အချင်းချင်းပဲ ပြန်တိုက်ရတဲ့အခါ ကျတော့ လုပ်လည်း ဘာမှအကျိုးရှိလာ မှာ မဟုတ်ဘူး။ ဒါကြောင့် အရပ်သားအနေနဲ့ပဲ ပြန်နေချင်တယ်” ဟု KIC ကရင် သတင်းစဉ်ကို ပြောပြခဲ့ပါတယ်။ (ကရင်သတင်းစဉ်မှ ကူးယူဖော်ပြသည်။)
ဝမ့်မီကလန်း၊ ပုတ်ပေါ်လေး၊ ဒနွဲ့ပူ၊ မယ်လအားခီး၊ မယ်လအားထာ၊ ဂျီဟိုးခီး၊ နယ်ကဲ၊ ကေ့ဟိုးကလိုးနဲ့ ကေ့မိုးခီး စတဲ့ ကျေးရွာတွေက ရွာသား ၂၀၀၀ ကျော်နဲ့ အိမ်ထောင်စုပေါင်း ၃၂၅ အိမ်ထောင်ဟာ တိုက် ပွဲတွေကြောင့် မိမိတို့ရဲ့ ရပ်ရွာတွေကိုစွန့်ခွာထွက်ပြေးလာကြပြီး ယခုလောလောဆယ် ထိုင်းမြန်မာနယ်စပ် “နို့ဖိုး” ကျေးရွာမှာ ယာယီဒုက္ခသည်စခန်းဖွင့်ပြီး နေထိုင်လျှက် ရှိကြတယ်လို့ စခန်းတာဝန်ခံ ကပြော ပါတယ်။
အလားတူ ဒုက္ခသည်များ ယာယီနားခိုနိုင်ရန်အတွက် အသစ်ဖွင့်လှစ်ထားတဲ့ “အူးတူးထ” ဒုက္ခသည်စခန်းသို့ လွန်ခဲ့တဲ့ဇွန်လကတည်းက အဆိုပါကျေးရွာများမှ ထွက်ပြေးလာသူ ဒုက္ခသည်ပေါင်း ၁၉၈၈ ယောက်နဲ့ အိမ် ထောင်စုပေါင်း ၃၀၄ စုတို့ရောက်ရှိလာခဲ့တယ်လို့ “အူးတူးထ” စခန်းတာဝန်ခံ ကူ့နူးက ပြောပါ တယ်။
တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသတွေနဲ့နီးတဲ့ ကျေးရွာတွေက ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး ပုန်းရှောင်ဖို့လွယ်ကူသော်လည်း နယ်စပ်နဲ့ဝေးပြီး အတွင်းပိုင်း ဒေသတွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ရွာ သားအများအပြား ကျန်ရှိနေသေးတယ်လို့လဲ သိရပါတယ်။
အခုအချိန်မှာ အတွင်းပိုင်းဒေသတွေမှာရှိတဲ့ ရွာသားတွေဟာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း တွေဆီကို ထွက် လာချင်ကြပေမယ့် စစ်အစိုးရနဲ့ DKBA ပူးပေါင်းတပ်တွေက ပိတ်ပင်ထားကြောင်း“အခုက ဗုံး တွေကပေါက် ပြီးတော့ ဗုံးလိုက်ထောင်တယ်ဆိုပြီး ရွာသားတွေ အကုန်လုံး ပစ်သတ်မယ်ပေါ့။ လမ်းမှာအတွေ့မခံရဲ ဘူး။ နောက်ပြီးတော့ သွားသွားလာလာလည်း သွားလို့မရတော့ဘူး။ လမ်းအကုန်ပိတ်ထားပြီ။” လို့ အူးတူးထ စခန်းကိုမကြာခင်ကရောက်ရှိ လာတဲ့ ရွာသားတဦးက ပြောပြပါတယ်။
၂၀၀၆ ခုနှစ်အစောပိုင်းကာလတွေက တောင်ငူနဲ့ ညောင်လေးပင်ခရိုင်အတွင်း စစ်အစိုးရက စစ်ဆင်ရေးတွေပြု လုပ်ခဲ့သလို ၂၀၀၈ ခုနှစ် ဧပြီလကလည်း ညောင်လေးပင်နဲ့ ဖာပွန်ခရိုင် အတွင်းမှာ ထိုးစစ်တွေကိုပြန်လည်ပြု လုပ်ခဲ့လို့ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဒုက္ခရောက် ကြရတယ်လို့ ကရင်ပြည်နယ် အိုးအိမ်မဲ့ဒုက္ခသည်များ ကူ ညီဆောင်ရွက်ပေးနေတဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ (Committee for Internally Displaced Karen People) အဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်အစိုးရနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တို့ ကေအဲန်ယူတပ်မဟာ (၇) နယ်မြေအား ထိုးစစ် ဆင်နွဲစဉ်က မိုင်းနင်း မိ၍ ခြေတဖက်ပြတ်သွားရသူ အသက် (၂၀)အရွယ် ဒီကေဘီအေ တပ်သားတဦးကတော့ “ကရင်အချင်းချင်း မတိုက်ချင်ပေမဲ့ အခုလိုဖြစ်တော့ စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ အရင်ဘ၀က ၀ဋ် ကြွေးရှိလို့ ဒီလိုဖြစ်တာလို့ပဲ မှတ်လိုက်ပါတယ်” ဟု စိတ်မသက်မသာဖြင့် ရင်ဖွင့်သွားကြောင်း KIC ကရင် သတင်းစဉ်ကို ပြောပြခဲ့ပါတယ်။ (ကရင်သတင်းစဉ်မှ ကူးယူဖော်ပြသည်။)

လောလောဆယ် စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးလာကြတဲ့ အရပ်သားတွေထဲမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ ပါဝင်နေတာကြောင့် သူတို့ရဲ့ပညာ သင်ကြားရေးအတွက် NGO တွေရဲ့အကူအညီ ကိုယူပြီး ယာယီစာသင် ကျောင်းလေးတွေကို သက်ဆိုင်ရာ ဒုက္ခသည်စခန်းတွေမှာ ဖွင့်လှစ်နိုင်ဖို့ စခန်း ကော် မတီတွေ က ကြိုးစားနေကြပါတယ်။
ဒါပေမယ့်လည်း ထိုင်းအာဏာပိုင်တွေက စာသင်ကျောင်းဆောက်ခွင့်ကို ပိတ်ပင်ထားတဲ့ အတွက် ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေကြရတယ်လို့ အူးတူးထ စခန်းကော်မတီတဦးက “အခုဟာက ကျောင်းသားလေးတွေက စိတ်လေနေပြီ။ သူတို့တွေ စာမတတ်မှာကို ကျနော်တို့က စိုးရိမ်နေရတယ်။ သူတို့တွေစာမမေ့သွားအောင် ကျနော်တို့က သင်ပေးမယ်ပေါ့။ အဲလိုပြောပြီးခွင့်တောင်းတာ လည်းမရ ဘူး။” လို့ ငြီးညူရင်း ပြောပြခဲ့ပါတယ်။
နို့ဖိုးဒုက္ခသည်စခန်းမှာရှိတဲ့ ကျောင်းဆရာတယောက်ကတော့ သူ့ကျောင်းသားလေးတွေရဲ့ “ဆရာ ဘယ်လိုလဲ စာမသင်ရသေးဘူးလား” ဆိုတဲ့မေးခွန်းကို ကြားရတဲ့အခါတိုင်း သူ့ရင်ထဲမှာ အောင့်ပြီးတက်လာတယ်လို့ပြော ပြပါတယ်။
ဒါပေမယ့် အခက်အခဲတွေ ဘယ်လောက်ပဲရှိပါစေ သူ့ရဲ့ကလေးတွေကို စာသင်ခွင့်ရအောင်တော့ သူအတတ် နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောပြခဲ့ပါတယ်။
၂၀၀၆ ခုနှစ် အစောပိုင်းက ထိုးစစ်တွေမှာ စစ်အစိုးရတပ်တွေဟာ တောင်ငူခရိုင်မှာ ရွာပေါင်း ၅၄ ရွာ၊ ညောင် လေးပင်ခရိုင်အတွင်းမှာ ရွာပေါင်း ၁၀၀ နဲ့ ဖာပွန်ခရိုင်က ရွာပေါင်း ၁၀ ရွာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ စစ်အစိုးရတပ်တွေ ဖျက်ဆီးခဲ့တဲ့ ရွာပေါင်း ၂၈၀၀ ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ အဆိုးဆုံး အစိုးရအဖြစ် အသိမှတ်ပြုခံရကြောင်း ၂၀၀၆ ခုနှစ် မေလ ၃ ရက်နေ့ထုတ် ကရင်အမျိုးသမီး အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
No comments:
Post a Comment