
ဦးသိန်းစိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာမီ သွားရောက်လည်ပတ်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်အား ကိုးကား၍ သတင်းစာက ရေးသားထားခြင်းဖြစ်ပြီး မည်သည့်ရက်တွင် လာရောက်မည်ဆိုသည်ကို မသိရ သေးပေ။
ဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသစ်၏ လေတပ်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ဧပြီလ ၂၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေရာ ၎င်းသည် သမ္မတသစ် ဦးသိန်းစိန်မသွားမီ အကြိုခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်တချို့က ဆိုသည်။
သမ္မတသစ် ဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၇ ရက်၊ ၈ ရက်နေ့များတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်း အဝေး (The 18th Asean Summit) သို့လည်း တက်ရောက်မည့် အစီအစဉ်ရှိသည်။
မြန်မာ့လေတပ် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လေတပ်ဦးစီးချုပ် SM Ziaur Rahman နှင့် မနေ့ကတွေ့ဆုံ၍ နှစ်နိုင်ငံ စစ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း Dhaka အခြေစိုက် မီဒီယာများက ရေးသား ထားကြသည်။
“စစ်တပ်ကိုယ်စားလှယ် အနေနဲ့လာတာဆိုတော့ အဓိက ဆွေးနွေးတာက စစ်ရေးကိစ္စပဲ ဖြစ်မှာပါ။ စီးပွားရေးကိစ္စ၊ နိုင်ငံရေး ကိစ္စတွေကတော့ သူက အစိုးရအဖွဲ့ မဟုတ်တဲ့အတွက် ဆွေးနွေးမယ့် အနေအထားမတွေ့ရဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် နိရိဉ္စရာ သတင်းဌာန၏ အယ်ဒီတာ ဦးခိုင်မြတ်ကျော်က ဧရာဝတီကို ပြောသည်။
မြန်မာလေတပ်ဦးစီးချုပ်သည် ဘင်္ဂလားဒေ့ရှ်လေတပ် ဦးစီးချုပ်နှင့် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ အငြင်းပွားနေသည့် ရေပိုင်နက်ပြဿနာ၊ နယ်စပ်အကြမ်းဖက်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးမည်ဟု သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ ကြည်းတပ်ဦးစီးချုပ်၊ ရေတပ်-ဒုဦးစီးချုပ် တို့နှင့်ယနေ့ တွေ့ဆုံမည် ဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ၆ ရက်ကြာမြင့်မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသ၌ နယ်နိမိတ်အငြင်းပွားမှုများ မကြာခဏဖြစ်ပွားလေ့ရှိ၍ နှစ်နိုင်ငံစလုံး၏ စစ်အင်အားတိုးချဲ့ရေး ကိစ္စများကို နယ်စပ်ဒေသများ၌ အပြန်အလှန်လုပ်ဆောင်နေကြပြီး မောင်းတောနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်း၌ လေတပ်စစ်စခန်းသစ် တခုကို ဧပြီ ၃ ရက်နေ့၌ ဖွင့်လှစ်ခဲ့သည်။
ထိုအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကိုယ်တိုင် တက်ရောက်ဖွင့် လှစ်ပေးခဲ့ပြီး “တိုင်းပြည်ရဲ့ လေပြင်ကိုသာမက ရေပြင်ကိုပါ ကာကွယ်ဖို့ လေတပ်ကို ကမ္ဘာ့အဆင့်မီ ဖွဲ့စည်းသွားမယ်” ဟု ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများတွင် ရေးသားထားသည်။
ပိုင်နက် အငြင်းပွားနေသော နှစ်နိုင်ငံပြဿနာကို ကမ္ဘာ့ကုလသမဂ္ဂက ဖြေရှင်းပေးရန် နှစ်နိုင်ငံစလုံးက တင်ပြထားခြင်းအား ယခုနှစ်အတွင်း အပြီးသတ် ဆုံးဖြတ်ပေးသွားရန် ရှိသည်ဟု သိရသည်။
နှစ်နိုင်ငံအကြား တည်ရှိသော ရေပြင်တွင် သဘာဝဓာတ်ငွေ့သိုက် အများအပြား တွေ့ရှိပြီး နောက်ပိုင်းတွင် ထိုရေပြင်အား သူပိုင်ကိုယ်ပိုင် အငြင်းပွားခဲ့သည့်အပြင် ၂၀၀၈ ခုနှစ်အတွင်း ရေတပ် စစ်သင်္ဘောများ စေလွှတ်၍ စစ်ရေး တင်းမာမှုများ ရှိခဲ့သည်။
ဘူးသီးတောင်၊ မောင်းတောဒေသ၌ အခြေစိုက်ထားသော မြန်မာစစ်တပ်သည် နှစ်နိုင်ငံအကြား ရေပြင်၌ တည်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် အုန်းကျွန်းအမည်ရှိ ကျွန်း၏ အချက် အလက်၊ သမိုင်း အထောက်အထားများ ရရှိနိုင်ရန် သက်ကြီး ရခိုင်ပုဂ္ဂိုလ်များထံ မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
နအဖ စစ်အစိုးရ၏ ဒုတိယ အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံ အရေးကိစ္စများကိုဆွေးနွေး ဖြေရှင်းခဲ့ပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင် တဦးအဖြစ် သွားရောက်ခြင်းဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်ဒေသ၌ ရေပိုင်နက်ပြဿနာ၊ စစ်ရေးပြဿနာ၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာမှု စသည့် အရေးများ ဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၌ မကြာမီရက်ပိုင်းက ဘာသာရေးအဓိ ကရုဏ်း ဖြစ်ပွားခဲ့ရာ ဒေသခံ ရခိုင်၊ သက်၊ မရမာ စသည့် ဗုဒ္ဓဘာသာဝင် ၃၀ ခန့် သေဆုံးခဲ့သည်။
No comments:
Post a Comment