အေးနိုင်
ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ မွတ်စလင်ဘာသာရေး စာသင်ကျောင်းတ ခုဟာ ရပ်ကွက်တွင်းမှာ ဗလီအဖြစ် ပြောင်းလဲမှုအခြေအနေတွေ တွေ့ရတယ် ဆိုပြီး လူစုလူဝေးနဲ့ ကန့်ကွက်မှုဖြစ်ပွားခဲ့ပြီးနောက် အဲဒီအဆောက်အဦ ကို အစိုးရက ချိပ်ပိတ်လိုက်ပါတယ်။
ရန်ကုန်တိုင်း သာကေတမြို့နယ် မာန်ပြေရပ်ကွက် ၁၈ လမ်းနဲ့ ၁၉ လမ်းအကြားမှာ ပေ ၂၀ ပေ၊ ၆၀ လောက်အကျယ် အဆောက်အဦ ဆောက်နေဆဲဖြစ်ပြီး အဲ ဒီအဆောက်အဦဟာ ဗလီနဲ့တူတဲ့အတွက်ကြောင့် ရပ်ကွက်တွင်းမှာ မရှိသင့်ဘူးဆိုပြီး ဖျက်ဖို့ ၁၈ ရက်နေ့က လူစုလူဝေးနဲ့ တောင်းဆိုခဲ့ကြပါတယ်။
ဒါကြောင့် သက်ဆိုင်ရာက အဲဒီအဆောက်အဦကို အခုအခါ ချိပ်ပိတ်ထားလိုက် ပြီလို့ သွားကြည့်သူတဦးက ပြောပါတယ်။
“ရပ်ကွက်တွေမှာရှိနေတဲ့ ဗလီပုံစံမျိုးလုပ်တော့လေ။ ရေဆေးကန်၊ ခြေထောက်ဆေးကန်တို့ အဲဒါတွေကအစ လုပ်လိုက်တော့ ပြည်သူတွေ က သိသွားပြီး ကန့်ကွက်တာ။ လောလောဆယ် ၂၀ ရက်နေ့က ချိပ်ပိတ် လိုက်တယ်။ ညက အမိန့်ထုတ်ထားတယ်၊ ရဲကားတွေဘာတွေ ချထားတယ်။ ဆူရင် လမ်းပေါ်ထွက်ရင် အကုန်ဆွဲဖမ်းမယ်ဆိုပြီး ပိတ်ထားလို့ ညကတော့ ဘာသံမှမ ကြားရဘူး။”
မွတ်စလင်စာသင်ကျောင်းတခုကနေ ဗလီတခုပုံစံ ဆောင်ရွက်ပြီး ခွင့်ပြုမိန့်ထက် ၅ ပေ ပိုပြီးဆောက်ထားတာတွေကို ထောက်ပြီး ဒီလ ၁၈ ရက်နေ့မှာ လူစုလူဝေးနဲ့ အဆောက်အဦကို ဖျက်ပေးဖို့ တောင်းဆို ဆန္ဒပြကြတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာက ဝင်ရောက်ထိန်းသိမ်းပြီး ခေါင်မိုးပိုင်းကို ဖျက်ပေးခဲ့ပေမယ့် လူစုလူဝေးက တိုင်တွေကိုပါ ဖျက်ပေးရမယ်လို့ တောင်းဆိုကြ တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အဲလိုအခြေအနေ ဖြစ်နေတဲ့နေရာကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ သွားရောက်ကြည့်ရှု မေးမြန်းခဲ့ပါတယ်။
၁၉ ရက်နေ့က တွေ့ရှိချက်အခြေအနေကို ကိုကိုကြီးက “ဆန္ဒပြသူတွေဘက်ကစွပ်စွဲတာကတော့ဒါဟာအထပ်မြင့်ဗလီအဆောက်အအုံဆောက် ဖို့အတွက် ထပ်ပြီး တဆင့်တဆင့်ပြီး ကြိုးစားလာတယ်။ အဲတော့ တာဝန်ရှိသူတွေက ဒါကို ဘယ်လိုခွင့်ပြုခဲ့သလဲ။ ခွင့်ပြုတဲ့ပမာဏ ထက် ကျော် ဆောက်တယ်ဆိုရင်လည်း ဒါဟာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဒါတွေကို စုံစမ်းစစ်ဆေးဖို့လိုတယ်လို့ ကျနော်တို့ကတော့ ရှင်းပြပြီး အတတ်နိုင် ဆုံး ထိန်းသိမ်းဖို့ ကြိုးစားတယ်။ တဖက်ကလည်း ဒီလိုအငြင်းပွားနေချိန်မှာ အဆောက်အဦကို ချိပ်ပိတ်ထားဖို့ တာဝန်ရှိသူတွေကို တောင်းဆို တယ်။ နောက်နေ့ ကျနော်သွားတဲ့အချိန်မှာတော့ သွပ်ပြားနဲ့ ရိုက်ပိတ်ပြီး ချိပ်ပိတ်ထားလိုက်တယ်” လို့ ပြောပါတယ်။
ဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအဖြစ် မွတ်စလင်တချို့ရဲ့ ဆိုင်ငယ်တချို့ဖျက်ဆီးခံရမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဝဏ္ဏရွှေက ဒီအဖြစ်အပျက်ဟာ မြို့သစ်တွေမှာ အာဏာပိုင်တွေက ဗလီ ဆောက်လုပ်ခွင့် မပြုတဲ့အတွက် ရှုပ်ထွေးမှုဖြစ်ရတာလို့ ပြောပါတယ်။
“မြို့သစ်တွေမှာ ကျနော်တို့ကို ဗလီဆိုပြီး သတ်မှတ်နေရာပေးထားတာမရှိဘူး။ မသတ်မှတ်ပေးထားတော့ အိမ်တွေမှာရော ဘာသာရေးစာသင်ကျောင်းတွေမှာရော ကြုံသလို ဝတ်ပြုကြရတယ်။ အဲလို သတ်မှတ်မပေးထားလို့ ဒီလိုရှုပ်ထွေးမှုဖြစ်တာ။”
ဒီလို အခင်းဖြစ်ပွားခဲ့ပြီးတဲ့နောက် ရပ်ကွက်တွင်းက မွတ်စလင်တချို့ရဲ့ ကွမ်းယာဆိုင် နဲ့ ဖုန်းဆိုင်တချို့ ဖျက်ဆီးခံခဲ့ရပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရောက်ရှိတဲ့ မျက်မြင်အဆိုအရ ဒီဆန္ဒပြမှုဟာ သမားရိုးကျ ဆန္ဒပြုတာတွေရှိသလို ဖန်တီးမှုရဲ့အစအနတွေလည်း တွေ့ရတယ်လို့ ပြောပါတယ်။
“ဒီကြားထဲ ဘာတွေရှိလဲဆိုတော့ ဒီလူတွေက ကားနဲ့လာတယ်၊ နောက် ၃-၄ ယောက် ဆင်းလာပြီး တုတ်တွေဘာတွေကိုင်ပြီး လူစုလူဝေးထဲ ဝင်လာပြီး ဘာဖြစ်တယ် ညာ ဖြစ်တယ် ပြောပြီး ကားကနေ ဝီစီလှမ်း မှုတ်လိုက်တာ့ အဲ ဆင်းလာတဲ့ ၃-၄ယောက်ကနေ ဟာ ချဟေ့ ချဟေ့ ဆိုပြီး ပြေးဘာညာနဲ့ပြောတယ်။ သူတို့ ၃-၄ ယောက်ပဲ၊ ကျန်တဲ့လူတွေက ငြိမ်နေတော့ ကားပေါ်တက်ပြီး ပြန်သွားရော။”
No comments:
Post a Comment