ABC
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ် စားလှယ်အဖွဲ့တို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ဒီဆွေးနွေးမှုကိုအားရကြောင်း နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အကြိုညှိနှိုင်းပြင်ဆင်တဲ့ဆွေး နွေးပွဲတွေကို ၂လအတွင်း ထပ်မံကျင်းပဖို့ သဘောတူညီလိုက်တဲ့အကြောင်း နှစ်ဘက်အဖွဲ့တွေကကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။
ဒီကြေညာချက်ထဲမှာ အကြိုပြင်ဆင်ရေးကာလနဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တလျောက်မှာ UNFC အဖွဲ့အ စည်း များရဲ့နယ်မြေများအတွင်း လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံ စိုက်ပျိုးရေး မွေးမြူရေး ကဏ္ဍတွေမှာ ပြည်တွင်းနဲ့ နိုင်ငံတကာက ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ ကြတယ်လို့ ကြေညာချက်မှာ တွေ့ရပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ UNFC အဖွဲ့တို့ဟာ ၂၀၁၂ခုမှာ အလွတ်သဘော တကြိမ်တွေ့ဆုံခဲ့ပြီးနောက် ပထမဆုံးအကြိမ် တွေဆုံဆွေးနွေး ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး အစည်းအဝေးကိုတက်ရောက် ခဲ့ တဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က အခု လိုပြောပါတယ်။
အဓိကတော့ နိုင်ငံရေးကိစ္စတွေပါ၊ အမျိုးသားတန်းတူးရေးနဲ့ ဥပဒေကြောင်းကိစ္စတွေ နောက်တခါ နိုင်ငံရဲ့ အနာဂတ်အတွက်ကို ဘယ်လိုပြင် ဆင်ကြမလဲဆိုတဲ့ဟာမျိုးကို ဆွေးနွေးသွားတာတွေ့ရပါတယ်၊ နောက်တခါ နိုင်ငံ ရေးဆွေးနွေးပွဲတွေစဖို့အတွက်ကို ကျနော်တို့ ၂လအတော အတွင်းမှာ ပြန်ပြီးတော့ ဆွေးနွေးဖို့ရှိပါတယ်၊ အဲဒီအပေါ်ကနေပြီးတော့မှ ကောင်းမွန်တဲ့ ရလဒ်တခုထွက်ဖို့လည်း ကြိုစားနေတယ် လို့ ကျ နော်ထင်ပါတယ်ခင်ဗျ။
ဒီဆွေးနွေးပွဲကို အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့တွေကတက်ရောက်ခဲ့ပြီး UNFC ဘက်ကအတွင်းရေးမှူး ဦး နိုင်ဟံသာ ဦးဆောင်တဲ့UNFC အဖွဲ့ခေါင်းဆောင်တွေတက်ရောက် ခဲ့တယ်လို့ သိရ ပါတယ်။
အရင်တုန်းက မြန်မာအစိုးရက တိုင်းရင်းသားတဖွဲ့ခြင်းကိုသာ တွေ့ဆုံပေမယ့် ခုအခါမှာ အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC နဲ့ တွေ့ဆုံတဲ့အတွက် အားရကြောင်းလည်း သိရပါတယ်။
အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေကြား နိုင်ငံရေးဆွေး နွေးပွဲတွေ ဖြစ်ပေါ်လာရေး အတွက် ဆက်လက်လုပ်ဆောင်သွားမဲ့အပေါ်မှာ သမ္မတဦးသိန်းစိန်အ နေ နဲ့ နိုင်ငံရေး ခြေလှမ်းသစ်တခုစနိုင်ပြီလို့ ထင်တဲ့အကြောင်း ဦးညို အုန်းမြင့်က ပြောပါတယ်။
UNFC နဲ့ အစိုးရအဖွဲ့တွေကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေဟာ အဆင်ပြေမှုတွေရှိနေပေမဲ့ UNFC အဖွဲ့ဝင်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်း ပြည်မြောက်ပိုင်း SSA/SSPP နယ်မြေအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment