ကျော်စိုးမိုး
ကမာရွတ်မြို့နယ်၊ မြကန်သာ အိမ်ရာဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦးကို သတ်သွားသည့် ကျူးလွန်သူများအား ငါးရက်အတွင်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်က ကမာရွတ်မြို့နယ်၊ (၂) ရပ်ကွက်၊ မြကန်သာလမ်း၊ မြကန်သာအိမ်ရာ အားကစားကွင်း၊ အုတ်နံရံဘေး အမှိုက်ပုံအနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၃၀ အရွယ်ဝန်းကျင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်းက (ပ) ၂၃၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့သည်။
ထို့နောက် သေဆုံးသူမှာ မည်သူဖြစ်သည်ကို စုံစမ်းရာ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုချစ်ဝိုင်း ဖြစ်သည်ကို မေ ၁ ရက်တွင် အတည်ပြုသိခဲ့ရပြီး ကျူးလွန်သူ ပေါ်ပေါက်ရေးအတွက် စုံစမ်းခဲ့ရာ သေဆုံးသူသည် အခင်းဖြစ်ညက လှိုင်မြို့နယ်တွင် နေထိုင်သည့် စောရန်နိုင် အပါအ၀င် လူငယ်လေးဦးနှင့်အတူ အင်းလျားကန်ဘောင်တွင် ဂစ်တာတီးခဲ့သည်ဟု ဆက်လက် စုံစမ်း သိခဲ့ရသည်။
စောရန်နိုင် အပါအ၀င် လေးဦးကိုမေ ၄ ရက်က ဖမ်းဆီးစစ်ဆေးရာ အခင်းဖြစ် ဧပြီ ၂၉ ရက်၊ ညပိုင်း တွင် စောရန်နိုင် အပါအ၀င်လေးဦးသည် ကိုချစ်ဝိုင်းနှင့်အတူ အင်းလျားကန်ဘောင်တွင် ဂစ်တာတီးခဲ့ပြီး ၎င်းတို့ လေးဦးအနက်မှ ဇာနည်ဦးဆိုသူ၏ ဖုန်းကို ကိုချစ်ဝိုင်းက ခိုးယူ ဖျောက်ဖျက်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ၀ိုင်းဝန်းရိုက်နှက်ရန် တိုင်ပင်ခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထို့နောက် အင်းလျားကန်ဘောင်ပိတ်ချိန်တွင် မြကန်သာ ကလေးကစားကွင်း၌ အရက်သောက်နေစဉ် စောရန်နိုင် အပါအ၀င်လေးဦးက ကိုချစ်ဝိုင်းအား ၀ိုင်းဝန်း ရိုက်နှက်ပြီး သေဆုံးချိန်၌ အလောင်းကို မြကန်သာ အိမ်ရာ အားကစားကွင်း၊ အုတ်နံရံဘေးရှိ အမှိုက်ပုံအနီးတွင် ရွှေ့ပြောင်းထားခဲ့ခြင်း ဖြစ်သည်ကို စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စောရန်နိုင် အပါအဝင် လေးဦးကို အရေးယူနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment