မိုးသူ
လက်ပံတန်း ကျောင်းသား သပိတ်မှ ဖမ်းဆီးခံ ကျောင်းသားများကို မေ ၂၆ ရက် သာယာဝတီ တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး အသက် ၁၅ နှစ်သာရှိသည့် အသက် မပြည့်ကျောင်းသား မောင်မျိုးသီဟကို မိဘလက်မှတ်ဖြင့် အာမခံပေးလိုက်သည်ဟု ကျောင်းသားများအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင် ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။
သာယာဝတီ တရားရုံးတွင် ကျောင်းသားနှင့် ဝန်းရံသူ ပြည်သူ ၈၀ ခန့်ကို ရုံးထုတ်ခြင်း ဖြစ်ကာ ဇွန်လအတွင်းတွင် စာမေးပွဲဖြေမည့် အဝေးသင်ကျောင်းသားများ အပါအ၀င် ၂၀ ခန့် အာမခံလျှောက်ထားခဲ့ရာ မောင်မျိုးသီဟ တစ်ဦးသာ အသက် မပြည့်သည့်အတွက် အာမခံရရှိခဲ့ခြင်း ဖြစ်သည်။ ကျန် အာမခံ လျှောက်ထားသူများကို ရ မရကို လာမည့် ဇွန် ၂ ရက်တွင် အမိန့်ချမည် ဖြစ်သည်။
ဦးရောဘတ်စန်းအောင်က “အာမခံကိစ္စက ၂၀.၅.၂၀၀၀ တိတိမှာ မွေးတဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက် မျိုးသီဟကို မိဘခံဝန်နဲ့ ကလေးသူငယ်အမှုအဖြစ်ကို ပြောင်းလဲပြီးတော့ အာမခံ ပေးလိုက်ပါတယ်။ ကျန်အာမခံလျှောက်ထားတဲ့ ကျောင်းသား ၂၀ ခန့်ကို နောက်အပတ် ထပ်ချိန်းလိုက်ပါ တယ်” ဟု ပြောသည်။
လက်ပံတန်း ကျောင်းသား သပိတ်တွင် ပါဝဝ်ခဲ့သည့် ကျောင်းသား မင်းသူရှိန်၏ မိခင်ဖြစ်သူက “သူတို့က ကိုယ်တက်တဲ့ကျောင်းက Assignment နဲ့ Pratical ကို မတင်ဘူးဆိုရင် ကျရှုံးမယ်ဆိုတဲ့ ထောက်ခံချက် လက်မှတ်ကို ရရှိမှသာ တရားသူကြီးက အာမခံ ပေးလို့ရမယ်လို့ ပြောပါတယ်။ အန်တီတို့ မနက်ဖြန်မှာ သွားလုပ်ရဦးမယ်” ဟု ပြောသည်။
အမှုရင်ဆိုင်နေရသည် ကျောင်းသားများအတွက် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်နှင့် မိတ်ဘက် ရှေ့နေများ အပါအ၀င် စုစုပေါင်း ရှေ့နေဦးရေ ၂၀ ခန့်က ကျောင်းသားများအရေး လိုက်ပါဆောင်ရွက်ပေးနေသည်။ မေ ၂၆ ရက် ရုံးချိန်းသည် သာယာဝတီခရိုင် တရားရုံးတွင် တတိယအကြိမ်မြောက် ထုတ်သည့် ရုံးချိန်းဖြစ်ပြီး တရားရုံးချိန်း စုစုပေါင်းမှာ ရှစ်ကြိမ် ရှိပြီဖြစ်သည်။
ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများမှာ လွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြရင်း မတ်လ ၁၀ ရက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ကျောင်းသားသပိတ်တွင် ပါဝင်ပြီး ဖမ်းဆီးခံထားရသူများကို လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းမြင့်က တရားစွဲဆိုထားခြင်း ဖြစ်ပြီး စွဲဆိုထားသည့် ပုဒ်မများမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် လူစုလူဝေးဆိုင်ရာ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
No comments:
Post a Comment