Sunday, May 10, 2015

လယ်ယာမြေလျော်ကြေးပေးရန် လယ်ဆည်ဝန်ကြီးနှင့်ဇနီး အမည်ပေါက် ကုမ္ပဏီနှစ်ခုထံ လယ်သမားများ တောင်းဆို

မောင်သင်တုန်း

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်နှင့် ဇနီးအမည်ပေါက် ကုမ္ပဏီနှစ်ခုမှ လယ်ယာမြေ ဧက နှစ်ရာကျော်ကို ခြံစည်းရိုးခတ်ကာ သိမ်း ယူသည်ဟု ဆိုကာ နေပြည်တော် လယ်သမားတို့က နစ်နားကြေးမပေးလျှင် ဆက်လက်ဆောက်လုပ်ပိုင်ခွင့် ပြုသွားမည် မဟုတ်ဟု လယ်သမားများက က ယနေ့ပြောဆို လိုက်သည်။

“၂၀၀၁ ခုနှစ် ခုနှစ်လ ပိုင်းက သိမ်းတာ လင်ကော မယားကော တစ်ယောက်မှ လျော်ကြေးမပေးဘူး။ အဲဒီတုန်းက နိုင်ငံတော် စီမံကိန်းဆိုပြီး သိမ်းတာဆိုတော့ ဘယ်သူမှ မပြောရဲဘူး” ဟု လယ်ယာမြေ သိမ်းဆည်းခံရသည့် လယ်သမား ဦးတင်မြင့်က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် အမည်ပေါက်ဖြင့် သိဏ်းကုမ္ပဏီက ၁၁၅ ဧက သိမ်းဆည်းခဲ့ခင်းဖြစ်ပြီး ၀န်ကြီး၏ ဇနီး ဒေါ်ခင်သန့်ဇင် အမည်ဖြင့် ဧက ၁၀၀ ကျော် သိမ်းဆည်းခဲ့သည်ဟု လယ်သမားများက ပြောသည်။

နေပြည်တော်ကောင်စီရှိ ဒက္ခိဏမြို့နယ် ရွှေခဲရင်းအုပ်စု သိရိမင်္ဂလာ ကျေးရွာ၏ အရှေ့ဘက်တွင် သိမ်းဆည်းခြင်းဖြစ်ပြီး ကျေးရွာ၏ မြောက်ဘက်တွင် ဇနီး ပိုင်ဆိုင်သည့် ကုမ္ပဏီမှ သိမ်းဆည်းခြင်း ဖြစ်သည်ဟု ဆိုသည်။

“၀န်ကြီးဦးမြင့်လှိုင်၏ ဇနီးပိုင်တဲ့ ကုမ္ပဏီက အုတ်တတိုင်းတွေခက်တာ လယ်သမားတွေက နစ်နားကြေးမပေးတဲ့အတွက် တားတယ်။ ပြီးခဲ့တဲ့ နှစ်ရက်နေ့က တားတော့ အပြန်အလှန် ရိုက်မယ် ဖမ်းမယ်တွေဖြစ်ကြတာ” ဟု လယ်သမား ဦးတင်မြင့်က ဆက်ပြောသည်။

အဆိုပါမြေနေရာများသည် လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က သစ်တောကြိုးဝိုင်းထဲတွင် ပါဝင်ပြီး လယ်သမားများက ကိုယ်တိုင်ခုတ်ထွင်ကာ လွန်ခဲ့သည့်နှစ် သုံးဆယ်ကျော်ကတည်းက ၀င်ရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ၁၉၉၄ ခုနှစ်တွင် ကြံစီမံကိန်းအဖြစ် သတ်မှတ်ဆောင်ရွက်သည့်အတွက် လယ်သမားများ အနေဖြင့် ကြံလုပ်ငန်းများကို စတင်စိုက်ပျိုးခဲ့ရသည်ဟု ဆိုသည်။

သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက မလွေးကြိုးဝိုင်းအတွင်း ပါဝင်ခဲ့သည့်အတွက် လယ်သမားများကို သစ်တောမြေ ကျူးကျော် မှုဖြင့် ပုဒ်မ ၄၀ ကဖြင့် တရားနှစ်ကြိမ် စွဲဆိုခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ ကျေးရွာအသစ် ဖွဲ့စည်းပေးခြင်း စီမံကိန်းကြောင့် ၂၀၁၂ခုနှစ်တွင် သစ်တောကြိုး ၀ိုင်းမြေမှာ တရားဝင်စွန့်လွှတ်ပေးခဲ့သည်ဟု ဒေသခံလယ်သမားများက ပြောသည်။

အသက် ၅၈ နှစ်ရှိပြီးဖြစ်သည့် လယ်သမား ဦးကြည်မြင့်က“ကျွန်တော်က ကိုယ်တိုင်ပါ ခုတ်ပြီး ယာကွက်လေး လုပ်ခဲ့တာပါ။ နှမ်းမြေပဲ ပဲစင်ငုံတွေ စိုက်ခဲ့တာ။ စသိမ်းတော့ စက်ကြီးတွေနဲ့ လာထိုးပြီး လုပ်တော့ မပြောရဲ့ဘူး မလုပ်နဲ့ ပဲစင်ငုံကလေးတွေ စိုက်ထားလို့ပါပြောသေးတယ်။ နောက်ကြောက် လည်းကြောက်တော့ မပြောတော့ဘူး”ဟု ပြောသည်။

အဆိုပါမြေနေရာများရှိ မြေကွင်းအမှတ် ၁မှ ၅အထိ နေပြည်တော် ဟင်းသီးဟင်းရွက် ဇုန်အဖြစ် ၂၀၀၁ ခုနှစ်က စတင်ပြီး အကောင်အထည် ဖော်ဆောင် ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် သရက်သီးနှင့် ယခင်အတိုင်း ကြံများကိုသာ စိုက်ပျိုးလုပ်ကိုင်လျက် ရှိသည်ဟု လယ်သမားများက ပြောသည်။

ယခုအခါတွင် သိမ်းဆည်းခံလယ်သမား ၅၈ ဦးမှ နစ်နာကြေးများပေးရန် တောင်းဆိုလျက်ရှိပြီး လျော်ကြေးငွေမပေးလျှင် လယ်ယာမြေများ ပြန်လည် ထွန်ယက် စိုက်ပျိုးမည်ဟု ပြောသည်။ သိမ်းဆည်းခံ လယ်ယာမြေဧက နှစ်ရာကျော်သည် ကျေးရွာနှင့် ကပ်ရပ်တွင်ရှိပြီး အုတ်တတိုင်းများလည်း ခတ်ထားသည် ကို တွေ့ရသည်။

No comments: