Monday, May 11, 2015

ပြည်မြို့တွင် ယုံကြည်အပ်နှံ ပစ္စည်းများဖြင့် ထွက်ပြေးမှု ပေါ်ပေါက်

ကောင်းမြတ်မင်း

ပည်မြို့ ဆံတော်ရပ် ညောင်စဉ်တန်းလမ်းရှိ “မြန်မာရွှေ” အမည်ဖြင့် ရွှေဆိုင်၊ ပန်းတိမ်နှင့် အပေါင်လုပ်ငန်း လုပ်ကိုင်နေသူတဦးသည် ယုံကြည်အပ်နှံထားသည့် ရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ထွက်ပြေးသည့်အတွက် အမှုဖွင့်ပေးရန် တိုင်ကြားထားကြောင်း ပြည်မြို့ အမှတ် ၁ ရဲစခန်းမှ သိရသည်။

ပြည်မြို့သူ မြို့သားများ၏ Facebook စာမျက်နှာများပေါ်တွင် အဆိုပါ ဆိုင်ပိုင်ရှင်နှင့်အတူ ငွေသားနှင့် ရွှေထည် ပစ္စည်းတန်ဖိုး သိန်း ၂ သောင်းကျော် ပါသွားသည်ဟု ရေးသားပြောဆိုမှုများ ရှိနေသည်။

သို့သော် ယခုအချိန်အထိ ပြည်မြို့ အမှတ် (၁) ရဲစခန်းတွင် ကိုအောင်ကျော်လွင်ဆိုသူ တဦးကသာ သိန်း ၁ ထောင်ကျော်နှင့် အကယ်ဒမီရွှေ ၅၀ ကျပ်သား ပြန်လည်ရရှိလိုမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က အမှုဖွင့်တယ်၊ ကျနော်တို့ အမှုတွဲ တည်ဆောက်ဖို့ ခရိုင်ရုံးကို တင်ပြထားတယ်၊ တိုင်တဲ့လူကို လိုအပ်တာတွေ မေးမြန်းပြီးသွားပါပြီ။ ကျနော်အထင် ဒီတရက်၊ နှစ်ရက်အတွင်းကျလိမ့်မယ်ထင်တယ်၊ ပုဒ်မ ၄၀၆ ယုံကြည်စွာ အပ်နှံမှု (အလွဲသုံးစားမှု) နဲ့ တိုင်ထားတာပါ” ဟု အမှတ် (၁) ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းက ဆိုသည်။

အဆိုပါ ဆိုင်ပိုင်ရှင်သည် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်း ရွှေဆိုင်ဖွင့်ကာ ရွှေအပေါင်ခံခြင်း၊ အတိုးဖြင့် ငွေသားအပ်နှံမှုကို လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ကမှ သက်ဆိုင်သူများကို အဆက်အသွယ် ဖြတ်၊ အိမ်တံခါးပိတ်ကာ မိသားစုလိုက် ပျောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အမှုဖွင့်ခဲ့သည့် ကိုအောင်ကျော်လွင်က “နှစ်ပေါင်းများစွာ ကျနော်တို့ကို အယုံသွင်းပြီးမှ လိမ်သွားတာ၊ ကျနော်နဲ့ နီးစပ်တဲ့လူတွေလည်း တော်တော်များများ အလိမ့်ခံလိုက်ရတယ်။ သိန်းပေါင်း ၂ သောင်းခွဲနဲ့ ၃ သောင်းကြား လောက်ရှိမယ်။ တခြားလူတွေ ဘာလို့ အမှုမဖွင့်လဲတော့ ကျနော်လည်း မပြောတတ်ဘူး။ ကျနော်ကတော့ နိုင်ငံတော်ကို အားကိုးလို့ အမှုဖွင့်တိုင်ကြားတာပါ” ဟု ဧရာဝတီကို ပြောသည်။

ထို့အပြင် ပြည်မြို့ရှိ တခြားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရအမှုထမ်းတချို့ အပါအ၀င် အငြိမ်းစား ၀န်ထမ်းများ၏ ယုံကြည် အပ်နှံငွေများလည်း ပါနိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

“တခြားလူတွေ မတိုင်ဘူးဆိုတာ၊ တချို့ဆို ဌာနဆိုင်ရာက အရာရှိကတော်တွေကလည်း သူတို့ယောက်ျားတွေ မသိအောင် အပ်ထားတာတွေ ရှိတယ်။ နောက်ပြီး ရွှေအပြင် ငွေသားတွေလည်း အတိုး ၂ ကျပ်၊ ၂ ကျပ်ခွဲပေးတော့ တရားမဝင် ငွေချေးတဲ့ဟာတွေပါ ပေါ်ကုန်မှာစိုးလို့ မတိုင်ရဲကြဘူး ထင်တယ်။ ကျနော်အသိထဲက (သိန်း) ၈၀၀၊ ၉၀၀ နဲ့ သိန်းတထောင်ကျော် ပါသွားတာတင် ၁၅ ယောက်လောက် ရှိတယ်” ဟု သူက ဆက်ပြောသည်။

“မြန်မာရွှေ” ဆိုင်ပိုင်ရှင် ကိုဝင်းဌေးနှင့် မိသားစုများမှာ ဧပြီလ ၉ ရက်နေ့မှ စတင်ပြီး ပြည်မြို့ရှိနေအိမ်မှ စီးပွားတူ လုပ်ကိုင်နေသူများနှင့် ၎င်းဆိုင်ဝန်ထမ်းများအား တစုံတရာ ပြောဆိုခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်းသွားခဲ့ခြင်းဖြစ်သည်။

No comments: