Tuesday, May 12, 2015

လေယာဉ်ဗုံးကြဲ လေ့ကျင့်သည့် သတင်းကြောင့် ဒေသခံများစိုးရိမ်နေ

ဆန်းဖြိုးထွန်း

ကယား (ကရင်နီ) ပြည်နယ် ဖရှုဆိုမြို့နယ် ဖိုးကရားခူ၊ ဘီဆိုနှင့် လျားဒူ ကျေးရွာများ ကြား လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲသွားသည့် သတင်းထွက်ပေါ်နေခြင်း အတွက် ဒေသခံများ စိုးရိမ်နေသည်။

ဧပြီ ၂၉ ရက် နံနက်ပိုင်းက လေယာဉ် ၂ စီးဖြင့် ဗုံးကြဲသွားကြောင်း အသံနှင့် လေယာဉ်ကို မြင်တွေ့ ကြားရသည် ဟူသော သတင်းများကြောင့် စိုးရိမ်နေခြင်း ဖြစ်သည်။

“ကျနော်က အောက်မှာသစ်ကြည့်နေတာ အပေါ်မှာ ပေါက်ကွဲတဲ့အသံအကျယ်ကြီး ကြားရပြီး လေယာဉ် ၂ စီး နီးနီးလေးပဲပျံသွားတာ တွေ့တယ်၊ အသံကြားတဲ့နေရာမှာလည်း မီးခိုးတွေအများကြီး ထွက်လာတယ်၊ ကျနော်လည်းကြောက်တာနဲ့ သွားမကြည့်ရဲပဲ ပြန်ပြေးလာတာ ”ဟု သစ်ခုတ်သမားက ပြောသည်။

ပြင်းထန်စွာပေါက်ကွဲသည့်အသံကို ကြားခဲ့ရပြီး များစွာစိုးရိမ်သွားသည်ဟု ဘီဆိုရွာသားတစ်ဦးက ပြောသည်။

“အိမ်တောင်လှုပ်သွားတယ်ကျနော်လည်းအရမ်းလန့်သွားတာ လေယဉ်နဲ့ ဗုံးကြဲတာပဲ ဖြစ်နိုင်တယ်။ အသံကြားတာနဲ့ လေယာဉ် ၂ စီး သွားလိုက်တယ် အနောက်တစီးက မီးခိုးအဖြူတန်းတွေပါတယ်။ သူသွားတဲ့နောက်မှာ ခုကလေးတွေကေား အကုန်လုံးကို အိမ်ထဲမှာပဲ နေခိုင်းထားရတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

ပေါက်ကွဲသံများကို ယခင်က ကြားခဲ့ရခြင်းမရှိဘဲ ယခုမှ ကြားရသည့် အတွက် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြသည်။

ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်ဟုယူဆရသော ဒေသများမှာ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (ကေအန်ပီပီ) ထိန်းချုပ်ဒေသ ကေးလျားမြို့နယ်အတွင်း ဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရက လေယာဉ် ဗုံးကြဲခြင်း မဟုတ်ဟု ပြောဆိုကြောင်း လွိုင်ကော် ကေအန်ပီပီ ဒု ဆက်ဆံရေးရုံး တာဝန်ခံက ပြောသည်။

“ကျနော်ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကိုမေးကြည့်ပါတယ်၊ သူတို့ကတော့ လေယာဉ် ဗုံးကြဲတာ မဟုတ်ဘူးလို့ပြောပါတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

မေလ ၂ ရက်က ဒေသခံများ၊ ကေအန်ပီပီ အဖွဲ့များ၊ သတင်းထောက်များ၊ တောင်သူလယ်သမား သမဂ္ဂများ ဗုံးပေါက်ကွဲသည်ဟု ယူဆရသောနေရာများ ကိုသွားရောက်ရှာဖွေခဲ့သော်လည်း တစုံတရာ တွေ့ရှိခြင်းမရှိခဲ့ပေ။

No comments: