Monday, May 11, 2015

လျှပ်စစ်ဓါတ်အားအတွက် မူစယ်မြို့နယ်အတွင်း ရေကာတာ တည်ဆောက်မည်

မွခေါဝ်

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ဒေသခံများ သုံးစွဲရန် လျှပ်စစ်မီး အတွက် နမ့်ပေါ့ချောင်းပေါ်တွင် ရေကာတာ ဆောက်လုပ် မည်ဖြစ်ကြောင်း သိရှိရသည်။

နမ့်ပေါ့ရေကာတာကို မူစယ်မြို့နှင့် ၁၀ မိုင်ကျော်ကွာဝေးသည့် တင်းကျူ၌ ကရိတ်ဟော်ခမ်းကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ၂၀၁၅ အောက်တိုဘာလအတွင်း ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး ၃ နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ဆို၏။

“ရေကာတာဆောက်လုပ်ပြီးလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရင်လည်း မူစယ်အတွက်ဘဲလို့ ပြောတယ်။ တရုတ်ကို မရောင်းပေးဘူးတဲ့။ ဆောက်လုပ်မယ့်နေရာက မူစယ်နဲ့လည်းဝေးတော့ ဒေသခံတွေ ငြိမ်နေတယ်။ ကန့်ကွက်မယ်လို့ ပြောဆိုတာတွေ မကြားရသေးဘူး” ဟု ဒေသခံ စိုင်းခေါဝ် က ပြောပါတယ်။

မလ ၁ ရက်နေ့က နမ့်ပေါ့ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ကရိတ်ဟော်ခမ်းကုမ္ပဏီက ဒေသခံနှင့်တွေ့ ဆုံကာ ရှင်းလင်းပြခဲ့ကြောင်း၊ အကြမ်းဖျင်းအားဖြင့် ချောင်းဧရိယာ ၁၁၅ ဧကနှင့် ကုန်းပေါ်ဧရိယာ ၄၇၉ ဧက စုစုပေါင်း ၅၄၉ ဧက ရေလွှမ်းမိုးနိုင်ကြောင်း ဆို၏။

“ဆောက်လုပ်မဲ့နေရာရဲ့ အနီးတဝိုက်မှာတော့ လယ်ဧက ၆၀ လောက်တော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလယ်တွေ နမ့်ပေါ့ရေကြီးတုန်းက ရေလွှမ်းလို့ ပျက်စီးကုန်ပြီ။ လယ်ပိုင်ရှင်တွေကလည်း ရေကာတာဆောက်လုပ်မယ်လို့ ကြားတော့ သွားမပြင်တော့ဘူး။ စိုက်လည်းမစိုက်တော့ဘူး။ ဒီတိုင်းဘဲပစ်ထားကြတယ်” ဟု မူစယ်လူငယ် စိုင်းလိတ် က ပြောပါသည်။

သို့သော် ရေကာတာ ဆောက်လုပ်မည့်နေရာအနီးတဝိုက်ရှိ သစ်မွှေး၊ ထင်းရှူးနှင့်ရာဘာစိုက်ခင်းအတွက် လျှော်ကြေးပေးပြီးဖြစ်ကြောင်း၊ ရာဘာပင်ပေါင်း ၄၀၀ ကျော်အတွက် တပင် ၄၅၀၀၀ ကျပ်၊ သစ်မွှေး ပင်ပေါင်း ၂၀၀၀ ကျော်အတွက် တပင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် လျော်ကြေးပေးကြောင်း ကုမ္ပဏီနှင့်နီးစပ် သူတဦးက ပြောပါသည်။

နမ့်ပေါ့ရေကာတာ ဆောက်လုပ်ရန် ကုမ္ပဏီက ထပ်မံကွင်းဆင်းကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ကို စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း၊ ဒေသခံသဘောထားကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း၊ ထို့နောက် ရရှိလာသည့်အချက်အလက်များအား ခရိုင်/ မြို့နယ်သဘာဝပတ်ဝန်းကျင်နှင့်သစ်တောဦးစီး ဌာနသို့ တင်ပြ မည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိမှသာ ဆောက်လုပ်မည်ဖြစ်ကြောင်း ဆို၏။

No comments: