ဖြိုးဝေအောင်
ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရစစ်တပ်များ သိမ်းဆည်းထားသည့် ဘိုးဘွားပိုင်မြေယာများ ပြန်လည်ရရှိရေး ဒေသခံတိုင်းရင်းသားပြည်သူများက လွိုင်ကော်မြို့ လူစည်ကားသည့်နေရာများတွင် ဆန္ဒပြကြသည်။
ဒီးမော့ဆို မြို့နယ် စံပြ ၆ မိုင် ကျေးရွာအုပ်စု၊ ဒေါဆိုရှေးကျေးရွာ တောင်သူ ၇ ဦးနှင့် စက်မှုလယ်ယာ စက်သမား ၃ ဦးကို အမှတ် (၃၆၀) အမြောက်တပ်ရင်းက ကျူးကျော် ထွန်ယက်မှုဖြင့် စွဲဆိုထားသည့် အမှုကို အမိန့်ချမှတ်ပြီး လာရောက်ကြားနာသူ လူ အင်အား ၅၀၀ ကျော် ဆန္ဒပြခဲ့သည်။
တောင်သူ ၆ ဦးအား ထောင်ဒဏ် ၁၅ ရက် (သို့) ဒဏ် ငွေ ၅၀၀ ဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်သည့် စက်မှု လယ်ယာက စက်သမား ၃ ဦးနှင့် တောင်သူ တဦးကို ကူညီသည့် အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမရှိချေ။
ဒေါဆိုရှေ့ရွာမှ ကိုမာရီးနိုက “စစ်တပ်တွေက ကျနော်တို့တောင်သူတွေလုပ်ကိုင် စားသောက်နေတဲ့ မြေတွေကို မတရားသိမ်းယူကြတယ်၊ အခုလည်း တောင်သူ လယ်သမားတွေကို အနိုင်ယူပြီးမြေ သိမ်းတယ်၊ တရားစီရင်တာလည်းမတရားတော့ ကျနော်တို့ တောင်သူသမားတွေ မြို့ပေါ်တက်ပြီး ဆန္ဒပြတဲ့အထိပေါ့” ဟု ပြောသည်။
လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် နေထိုင်သည့် တောင်သူများက လွိုင်ကော်ခရိုင်တရားရုံးရှေ့မှ စတင်၍့်လွိုင်ကော်မြို့ပေါ်ရှိ အထင်ကရ နေရာများကို ချီတက်ခဲ့ကြသည်။
ဒေါဆိုရှေ့ကျေးရွာပိုင် လုပ်ကိုင်နေသော မြေဧက ၅၀၀၀ ရှိပြီး အမှတ် ၃၆၀ အမြောက်တပ်ရင်းက ကျူးကျော်ထွန်ယက်မှုဖြင့် တရားစွဲဆို တားမြစ်ထားသည်မှာ မြေ ဧက ၇၀၀ ကျော်ဖြစ်သည်။
စစ်တပ်က တောင်သူများ၏ မြေယာများကိုသိမ်းဆည်းပြီး ပြည်သူများကို တရားစွဲခြင်းသည် ပြည်သူများက ကျူးကျော်ခြင်းမဟုတ်ကြောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းသည် အပြစ်ရှိကြောင်း ဖော်ပြခြင်း နှင့် တူညီနေသည့်အတွက် ပြည်သူများတွင် အပြစ်မရှိကြောင်း ကရင်နီပြည်လူငယ်များ သမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဘီးဒူက ပြောသည်။
“တောင်သူလယ်သမားတွေက တရားသူကြီး မတရားဆုံးဖြတ်တဲ့အပေါ်မှာ ဒါလုံးဝမဖြစ်သင့်ဘူး၊ ဒါကြောင့်မလို့ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို ကြည့်မယ်ဆိုရင် တောင်သူလယ်သမားဖက်က လုံးဝ အခွင့်အရေး ရှိပြီးသားပဲပေါ့နော်” ဟု သူက ပြောသည်။
လယ်ယာမြေပြန်လည်ရရှိရေးမအတွက် တောင်သူများက သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ဌာန ဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြအကူညီတောင်းခဲ့ကြသော်လည်း တိုးတက်မှု မရှိကြောင်း ဒေါဆိုရှေ့ရွာသား ကိုသောမတ်(စ်)က ပြောသည်။
“အခုဆန္ဒပြတယ်ဆိုတာလည်း တချို့တွေမှာ စာတွေပေတွေ တင်ပြပေမယ့် အထက်က လုပ်ဆောင် ပေးခြင်းမရှိဘူး၊ ဒါကြောင့် ကျနော်တို့ လမ်းပေါ်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်” ဟု သူက ပြောသည်။
မတ် ၂၇ ရက် ဆိုလျားကူးတောင်သူများကို တရားရုံးက အမိန့် ချမှတ်သည့်နေ့က လယ်ယာမြေ ပြန်လည် ရရှိရေး ဖရှုဆိုမြို့ဆန္ဒပြပြီးနောက် ဒုတိယအကြိမ် ထပ်မံ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ပြည်ရှိ ပြည်သူပြည်သားများသည် လယ်ယာမြေပိုင်ဆိုင်သူအလွန်နည်းပါးပြီး ၁၉၀၁ခုနှစ် ကတည်း ကပင် ပြည်နယ်တွင်း ဆန်စပါးများလုံလောက်မှုမရှိဘဲ တခြားသောဒေသများမှ တင်သွင်းရသည်ဟု ၂၀၀၀ ခုနှစ်က ထုတ်ပြန်ထားသော ကရင်နီပြည်တွင်းပဋိပက္ခနှင့် အတင်းအဓ္ဓမရွှေ့ပြောင်းနေထိုင်ခြင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။
သမ္မတဦးသိန်းစိန် အစိုးရတက်လာသည့်တိုင် ဘိုးဘွားပိုင် စိုက်ပျိုးလုပ်ကိုင်စားသောက်လာခဲ့ကြသည့် ပြည်သူပိုင်မြေယာများ ကိုလည်း စစ်တပ်က တပ်ပိုင်မြေအဖြစ် အတင်းအဓမ္မ သိမ်းဆည်းမှုများ ပြုလုပ်လျက်ရှိသည်။
No comments:
Post a Comment