Thursday, May 28, 2015

လွှတ်တော် သတင်းယူခွင့် ကန့်သတ်ခြင်းသည် ပြည်သူကို သတင်းအမှောင်ချ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ပြော

မောင်သင်တုန်း

ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ သတင်းယူခွင့် ကန့်သက်ချက်များ ပြုလုပ်လိုက်ခြင်းသည်ပည်သူကို သတင်းအမှောင်ချ ကန့်သက်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မီဒီယာများကို ပြောသည်။

“ထောက်ပြဖို့ မီဒီယာတွေ တာဝန်ရှိတယ်။ မီဒီယာတွေက ပြည်သူသိဖို့အတွက် သတင်းတင်ပြဖို့ တာဝန်ရှိတယ်။ ပြည်သူသတင်း တင်ပြခွင့် တာဝန်ကို ကန့်သတ်တာဟာ ပြည်သူကို ကန့်သတ်တာ အတူတူပဲ။ ပြည်သူကို ကန့်သတ်တာ တိုက်ရိုက်အချိုးကျတဲ့ မီဒီယာကို ကန့်သတ်တာဟာ ပြည်သူကို သတင်း အမှောင်ချ တာနဲ့ သွားတူတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ဘာလုပ်လုပ် မီဒီယာအနေနဲ့ လုပ်တာနဲ့ ပတ်သက်ပြီး သတင်းယူခွင့် မပြုချင်ရင် တံခါးပိတ် အစည်းအဝေးလုပ်လိုက်ပါ။ အရေးကြီးတယ် တံခါးပိတ် အစည်းအဝေးလုပ်လိုက်ပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ယမန်နေ့က လွှတ်တော် အစည်းအဝေးခန်းမ အပေါ်ထပ်ရှိ သတင်းခန်းမှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့်ကို ပိတ်ပင်ကန့်သတ်ခဲ့ခြင်းနှင့် ယနေ့ထပ်မံ၍ ပြည်သူ့လွှတ်တော်တွင်လည်း အလားတူ ကန့်သတ်ပိတ်ပင်ခြင်းတို့ကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“မီဒီယာကော်နာ သတ်သတ်နေရာ ပေးထားပြီး ပြန်လည်ရုပ်သိမ်းတဲ့ ပုံစံမျိုး၊ ဘာအကြောင်းပြချက်မှ မပေးဘဲ ကန့်သတ်မှုမျိုး။ မီဒီယာဆိုတာ အားနည်းချက်ကို သတင်းအဖြစ် တင်မှာပဲ။ ကောင်းတာတွေကို ကောင်းသလို ထောက်ပြသလို ထောက်ပြစရာ မကောင်းတာတွေကိုလည်း ပြန်လည်ပြုပြင်နိုင်ဖို့ ထောက်ပြဖို့ မီဒီယာတွေမှာ တာဝန်ရှိတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

ထိုသို့ သတင်းယူခွင့် ကန့်သတ်လိုက်သည့်အတွက် ပြည်သူ့လွှတ်တော် အားကစား ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီကလည်း ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် နာယက ထံ တင်ပြတောင်းဆိုပေးသွားမည်ဟု ဆိုသည်။

“အိပ်ငိုက်တာ အရိုက်မခံချင်ရင် အိပ်မငိုက်အောင်နေ။ မဟုတ်တာ လုပ်တဲ့ကိစ္စကို သတင်း အပါ မခံချင်ရင် ဟုတ်တာပဲ လုပ်ပါ။ ဒါက လွှတ်တော်ကိုယ်စားလှယ် ကျင့်ဝတ်နဲ့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှု ဖြစ်ပါတယ်။ တာဝန်ယူနိုင်သူက ဘယ်သတင်းကို လွတ်လပ်စွာ ယူခွင့်ပေးရမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်မောင်ရည်က မီဒီယာများကို ဆက်ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် သတင်းယူခွင့်ကန့်သတ်လိုက်ခြင်း၏ အဓိကအကြောင်းများမှာ လွှတ်တော် ကိုယ်စားလှယ်များ၏ အစည်းအဝေး ကာလအတွင်း လှုပ်ရှားနေမှုများ အထူးသဖြင့် အိပ်ငိုက်ခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေးသည့် စက်ကိရိယာနှစ်လုံးကို တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက လက်နှစ်ဖက်ဖြင့် တပြိုင်တည်း ခလုတ်နှိပ်နေပုံမျိုးကို မီဒီယာခန်းအပေါ်စီးမှ ရိုက်ကူး၍ ဂျာနယ်အချို့တွင် ဖော်ပြခဲ့မှုကြောင့်ဟု ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှုးချုပ်က မီဒီယာကို ယမန်နေ့က ဖြေကြားခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င် အရေးကြီးဥပဒေများ အတည်ပြုပြဋ္ဌာန်းရမည့် အခြေအနေမျိုး၌ လွှတ်တော်အစည်းအဝေးများ၌ မဲခွဲဆုံးဖြတ်မှုများကို မီဒီယာ၏ မျက်ကွယ်တွင် ဆောင်ရွက်သွားကြမည်လားဟု မဇ္ဈိမက မေးမြန်းမှုအပေါ် “မီဒီယာသတင်းယူခွင့် မရတော့ဘူးဆိုရင် လွှတ်တော်ရဲ့ဆောင်ရွက်ချက်များဟာ ရိုးသားရဲ့လားဆိုတာ ပြောစရာ ဖြစ်လာပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပွင့်လင်းမြင်သာမှု မရှိတဲ့ ဒီကနေ့လို အချိန်မှာ အရေးကြီးအဆိုနဲ့ ကန့်ကွက်တာ ဒီကနေ့ဟာ အမြိုင်ဆိုင်ဆုံး ဖြစ်ပါတယ်။

ဒီလို ပွင့်လင်းမြင်သာမှု မရှိတာကို လွှတ်တော်က ထောက်ပြနေပြီးတော့ လွှတ်တော်ရဲ့ ပွင့်လင်းမြင်သာမှု မရှိတာကို ဘယ်သူကထောက်ပြမှာလဲဆိုတာ မေးစရာဖြစ်လာတယ်။ အဲဒီအတွက် ပွင့်လင်းမြင်သာမှုရှိအောင် လွှတ်တော်က ဘောင်မချုပ်သင့်ဘူးလို့ပြောချင်တယ်” ဟု ဦးခိုင်မောင်ရည်က ဖြေကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပထမဆုံးအကြိမ် ကျင်းပသော လွှတ်တော် အစည်းအဝေးဖြစ်သည့်အတွက် အလေးစားခံရမှုများ မရှိအောင် လိုအပ်တဲ့ အမိန့်တွေ ဥပဒေများ ထုတ်ပြန်ပြီး ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု ၎င်း၏ အမြင်ကို ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် “ပြည်သူအကျိုးဆောင်လွှတ်တော်က အသစ် ခုမှ ပထမဆုံး အကြိမ်ဆိုတော့ လွှတ်တော်က တကယ့်ပြည်သူ့အကျိုးဆောင်လွှတ်တော်ဖြစ်အောင် အဖက်ဖက်က တည်ဆောက်နေရတဲ့ အချိန်လည်းဖြစ်တယ်” ဟု ဦးအောင်သိန်းလင်းက ဆက်ပြောသည်။

No comments: