ရွှေဟင်္သာ
အစိုးရမှ သဘောတူ ထားပြီး ဖြစ်သည့် အချက် သုံးချက်အား အခြေပြု၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) အား မြန်မြန် ဆန်ဆန် လက်မှတ် ထိုးသင့်ကြောင်း မေလ (၂) ရက်နေ့၌ ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်ရှိ ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ပြုလုပ်သည့် “၂၀၁၅ အလွန် နိုင်ငံရေး မျှော်မှန်း ချက်များ” ဆွေးနွေးပွဲတွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ကိုအောင်နိုင်ဦးက သုံးသပ် ပြောကြားသည်။
“ဒီ NCA ဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ ကြိုးစားတဲ့ စာချုပ် ဖြစ်တယ်၊ ဒုတိယ အချက်က NCA ဟာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲတွေ လုပ်ပေးမယ့် တံခါး မကြီးတစ်ချပ် လိုပဲ၊ ဒါလေး ပြီးသွားရင် တံခါးလေးကို တွန်းဝင် လိုက်တာနဲ့ နိုင်ငံရေး ဆွေးနွေး ပွဲကို ရောက်ပြီ၊ နံပါတ် သုံးအချက်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ဟာ မြန်မာနိုင်ငံကို ဖက်ဒရယ် စနစ်နဲ့ သွားပါ့မယ်လို့ သမ္မတက ကတိပြုထားတဲ့ စာချုပ် ၊ ဒီအချက် သုံးချက်နဲ့တင် ကျနော်တို့ နိုင်ငံ ငြိမ်းချမ်းရေး ရဖို့ အများကြီး ခရီးပေါက် နိုင်တယ်” ဟု ကိုအောင်နိုင်ဦးက သုံးသပ် ပြောကြား ခဲ့သည်။
၎င်းပြင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား လက်မှတ် ရေးထိုးခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များကိုလည်း လာမည့် ရွေးကောက်ပွဲ မတိုင်မီ သတ်မှတ် လုပ်ဆောင် ထားသင့် ကြောင်းလည်း ကိုအောင်နိုင်ဦးမှ ဆက်လက်၍ ဆွေးနွေး ခဲ့သည်။
“ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက နယ်မြေလုံခြုံရေး ပြသနာ ရှိလို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ရှိတဲ့ မဲဆန္ဒနယ် အချို့မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး၊ ဒီစာချုပ်ကို လက်မှတ် ထိုးလိုက်ရင် ဒီကိစ္စတွေ တော်တော်လေး ပြေလည် သွားလိမ့်မယ်၊ နောက်ပြီး ဒီစာချုပ်မှာ မပါတဲ့ ခေါင်းစဉ်တွေ ရှိသေးတယ် အာဏာ၊ အရင်းအမြစ်၊ အခွန် ခွဲဝေရေး ကိစ္စတွေ၊ ဒါတွေကို ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး သမားတွေ လက်ထဲကို ထည့်ပေး ထားနိုင်ရင် ရွေးကောက်ပွဲ တွင်းမှာ ဒါတွေဟာ ကြွှေးကြော် သံတွေ ဖြစ်လာလိမ့်မယ်” ဟု ကိုအောင်နိုင်ဦးက ဆက်လက် ဆွေးနွေး ခဲ့သည်။
မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လူမျိုးများသည် နိုင်ငံ လူဦးရေ၏ ၃၅ မှာ ၄၀ ရာခိုင်နှုန်း အကြားတွင် ရှိသဖြင့် တိုင်းရင်းသား မဲကို လိုအပ်သည့် နိုင်ငံရေး ပါတီများ အနေဖြင့် တိုင်းရင်းသား များ၏ လိုအပ်ချက် များကို ဝိုင်းဝန်း လုပ်ဆောင် ပေးနိုင်ရန် တိုင်းရင်းသား များဘက် ကလည်း မိမိတို့ လိုအပ်သည့် အခြေအနေကို တင်ပြ ထားရန် လိုအပ်ကြောင်း ၎င်းက ဆိုပါသည်။
တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့၏ တောင်းဆို ချက်များနှင့် ရပ်တည်ချက်များကို ပြည်သူများ ပိုမို ကျယ်ပြန့်စွာ သိရှိ နိုင်ရန်အတွက် lobby လုပ်ရန် လိုအပ်ကြောင်း ဆွေးနွေးပွဲ တက်ရောက် ဆွေးနွေး ခဲ့သည့် ဦးဘိုဘို ကျော်ငြိမ်းကလည်း ဆွေးနွေး ခဲ့သည်။
ထိုဆွေးနွေး ပွဲအား မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်၊ ဦးညိုအုန်းမြင့် တို့လည်း တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
No comments:
Post a Comment