ဖြိုး
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီး စီမံကိန်း အကောင်အထည်ဖော်မည့် တောင်သမန်သစ္စာ ကုမ္ပဏီနှင့် တောင်သမန် အင်းသူကြီးတို့ကြား အင်းလုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး အပြန်အလှန် အသိပေးစာများ ထုတ်ပြန်ခဲ့ကြသည်။
တောင်သမန်အင်းအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူ စာချုပ်ချုပ်ဆိုထားသည့် အင်းသူကြီး ဦးချစ်ခိုင်ကလည်း စီမံကိန်းအား ကန့်ကွက်ခြင်း မရှိသော်လည်း ၄င်း၏ ခွင့်ပြုချက်မရှိဘဲ အင်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် နေရာများတွင် စီမံကိန်းလုပ်ငန်းများ ပြုလုပ်ခြင်း မလုပ်ရန်နှင့် ဆက်လက်လုပ် ဆောင်ပါက ဥပဒေအရ အရေးယူသွားမည်ဟု မေလ ၃ ရက်နေ့က အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ကြေညာခဲ့သည်။
စီမံကိန်းလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ကိစ္စများ လုပ်ဆောင်သည် ဆိုသော်လည်း အင်း၏ ရေ၀င်ရေထွက်၊ ရေထိုင် မြေထိုင်ရှိနေသည့် နေရာများအား မြေဖို့ခြင်း၊ အဆောက်အဦ ဆောက်လုပ်ရန်အတွက် အင်းအတွင်း မြေတိုင်းခြင်းများအား အင်းသူကြီး ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေသည်ဟု ဆိုသည်။
ယင်းကြေညာချက်ကြောင့် တောင်သမန်သစ္စာ ကုမ္ပဏီက မေလ ၈ ရက်နေ့တွင် မန္တလေးမြို့ အခြေစိုက် သတင်းစာ တစောင်ဖြစ်သည့် မန္တလေးနေ့စဉ် သတင်းစာမှတဆင့် ထုတ်ပြန် ကြေညာချက်တစောင် ထည့်သွင်းခဲ့သည်။
ထုတ်ပြန်ချက်တွင် တောင်သမန်အင်း၏ အရှေ့တောင်၊ ဦးပိန်တံတား၏ တောင်ဘက် ပေ ၁၉၀၀ ကျော် အကွာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တောင်သမန် ကျေးလက် Resort တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိရာ ယင်းစီမံကိန်း မြေနေရာ မြေဧက ၄၀ ဒသမ ၂၇ သည် မန္တလေးတိုင်း အစိုးရအဖွဲ့၏ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရထားပြီး မြေများဖြစ်သည်ဟု စီမံကိန်း လုပ်ပိုင်ခွင့်ရ တောင်သမန်သစ္စာ ကုမ္ပဏီက ပြောသည်။
အလားတူ စီမံကိန်းမြေနေရာသည် တောင်သမန်အင်း၏ ရေပြင်ဧရိယာပေါ်တွင် တည်ဆောက်ခြင်းမဟုတ်ဘဲ တရားဝင် ရရှိထားသည့် မြေပေါ်တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါ ရှိသည်။
မန္တလေးမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စိမ်းရောင်စို အဖွဲ့၏ အတွင်းရေးမှူး ဦးမောင်မောင်ဦးက “အငြင်းအခုန်ကြားထဲတော့ မ၀င်ချင်ပါဘူး၊ ဒါပေမဲ့ တဖွဲ့ကလည်း မြေ၀ယ်ပြီး ဖွံ့ဖြိုးရေး အသွင်ဆောင်တဲ့ လုပ်ငန်းမျိုး လုပ်တယ်ဆိုပေမဲ့ ဒီနေရာက ယဉ်ကျေးမှုအရ၊ သမိုင်းအရ တန်ဖိုးကြီးတဲ့ နေရာဖြစ်တဲ့အတွက် စီမံကိန်းကနေ နောက်ဆက်တွဲ ဖြစ်လာမဲ့ အကျိုးဆက်တွေ၊ တာဝန်ယူမှုတွေကို အများ ပြည်သူသိအောင် ထင်သာမြင်သာ ထုတ်ပြန်ထားသင့်တယ်” ဟု ပြောသည်။
ထို့အပြင် အင်းလုပ်ပိုင်ခွင့် ရရှိထားသူ အင်းသူကြီး အနေဖြင့်လည်း ၄င်းလက်ထက်၌ တောင်သမန်အင်း၏ ပျက်စီး ယိုယွင်းလာသော သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ကုစားမှုများ ဆောင်ရွက်ရန် လိုအပ်ပြီး တခြားသူများကို တရားစွဲဆိုခြင်းဖြင့် မှန်ကန်သောအဖြေကို ထုတ်နိုင်မည်မဟုတ်ဟု ဦးမောင်မောင်ဦးက ဆိုသည်။
အမရပူရ မြို့ခံတဦးဖြစ်သူ ကိုအောင်သူရက “ဘယ်လို စီမံကိန်းပဲလာလာ၊ အင်းကိုလေလံပဲ ပေးပေး၊ ကျနော်တို့ကတော့ အင်းကြီးကို နဂိုမူလအတိုင်း ပြန်ဖြစ်စေချင်တယ်၊ လယ်ယာတွေနဲ့ စိမ်းစိမ်းစိုစို ရှိစေချင်တယ်၊ အင်းကြီး ရေမပိတ်ခင်က ဒီမှာ ခြင်လုံးဝ မကိုက်ဘူး။ အခုဖြင့် ညနေစောင်းတာနဲ့ ခြင်တွေ အရမ်းပေါတယ်။ ဒေသခံတွေက ဘယ်လိုပဲ သဘောထားရှိရှိ ထိရောက်တဲ့ ပြောင်းလဲမှုမျိုးတော့ ဒီနေ့ထိ မတွေ့ရသေးပါဘူး” ဟု ပြောသည်။
မန္တလေးမြို့ခံ စာရေးဆရာ ဆရာဆူးငှက်က တောင်သမန်အင်းသည် နှစ်ရာချီရှိပြီဖြစ်သော မြစ်ကျိုးအင်း တခုဖြစ်ပြီး ၁၂ လ ရာသီတွင် မိုးတွင်း ၄ လသာ ရေရှိသည့် အင်းတခုဖြစ်ရာ ၄င်းအင်းကြီးအား ပုဂ္ဂလိက အကျိုး စီးပွားအတွက် ရေလှောင်ကန် ပြုလုပ်လိုက်သဖြင့် သဘာဝ ပတ်ဝန်းကျင်အတွက် မလိုလားအပ်သည့် ဆိုးကျိုးများသာမက တောင်သမန်၏ ပြယုဒ်တခု ဖြစ်သော ဦးပိန်တံတား၏ ကြံ့ခိုင်မှုကိုပါ စိန်ခေါ်နေပြီဟု ပြောသည်။
ထို့ကြောင့် တောင်သမန်အင်း၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေး၊ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးများ မပျောက်ပျက်ရေး၊ ဒေသအကျိုးစီးပွားကို မထိခိုက်စေရေး စသည့်အချက်တို့နှင့် ကိုက်ညီမှသာ တာဝန်ရှိသူများက ခွင့်ပြုပေးသင့်သည်ဟု ဆရာဆူးငှက်က ပြောသည်။
No comments:
Post a Comment