Thursday, May 28, 2015

ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းကို အချိန်ပိုင်း တစ်လမ်းမောင်းစနစ် ပြုလုပ်လိုသော်လည်း ဥပဒေပိုင်းဆိုင်ရာ အခက်အခဲရှိ ဟုဆို

ထက်ထက်အောင်

ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းပေါ်ရှိ ယာဉ်ကြော ကြပ်တည်းမှု ဖြေရှင်းရန် အာဆီယံနိုင်ငံ စံနှုန်းအတိုင်း အချိန်ပိုင်း တစ်လမ်းမောင်းစနစ် ပြုလုပ်လိုသော်လည်း မော်တော်ယာဉ် ဥပဒေပိုင်းဆိုင်ရာ အခက်အခဲ ရှိနေသဖြင့် ယခုနှစ်အတွင်း ပြုလုပ်ရန် မဖြစ်နိုင်သေးဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဦးစီးမှူး၊ ဒုရဲမှူး လှဘုန်းကျော်က မေ ၂၆ ရက်က ပြောသည်။

၎င်းက “အဓိကတော့ ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းကို နိုင်ငံတကာ ပုံစံမျိုး Traffic Time (ယာဉ်ကြောကြပ်တည်းချိန် ဖြေရှင်းမှု) အတွက် ရုံး/ကျောင်း တက်ဆင်းချိန်တွေမှာ တစ်လမ်းမောင်းစနစ် လုပ်ရင် ပိုကောင်းတယ်၊၊ ဒီအတွက် လမ်းသုံးစွဲသူတွေ လိုက်နာဖို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေ အသက်ဝင်ပြီး ဒါကို မထသ က လုပ်မယ်ဆို ဖြစ်တယ်” ဟု ဆိုသည်။

အချိန်ပိုင်း တစ်လမ်းမောင်းစနစ် ဆိုသည်မှာ ရုံးတက်ဆင်းချိန်များတွင် နာရီသတ်မှတ်၍ ရန်ကုန်မြို့တွင်း အဝင်များသည့် ခြောက်လမ်းသွား လမ်းမကို လေးလမ်းအဝင်၊ နှစ်လမ်းအထွက် အတက်အဆင်း သတ်မှတ်ခြင်း၊ ရုံးပြန်ချိန်တွင် မြို့ပြင်အထွက်ကို လေးလမ်းအ၀င် နှစ်လမ်းသတ်မှတ်၍ မြို့တွင်းကား အ၀င် အထွက်လမ်း မျှတအောင်ပြုလုပ်၍ ယာဉ်ကြောကြပ်တည်းမှု ပြေလည်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ယာဉ်ကြောကြပ်တည်းမှု ပြေလည်စေရေးအတွက် ယင်းစနစ် အသုံးပြုရန် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ အသက်ဝင်စေမှု၊ စည်ပင်က လမ်းတံတားဆိုင်ရာ လမ်းကြောင်းသတ်မှတ်ပေးခြင်းတို့လည်း ပါဝင်မှ ယင်းစနစ်သုံးစွဲရာတွင် အဆင်ပြေစေမည်ဟုလည်း ဒုရဲမှူး လှဘုန်းကျော်က ဆိုသည်။

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (မထသ ) ဗဟို၏ ဥက္ကဋ္ဌ ဦးလှအောင်က “ပုဂ္ဂလိကပိုင်ယာဉ်များ စနစ်တကျသုံးစွဲရေး နည်းဥပဒေက ထွက်ရှိလာတော့မှာပါ။ ထွက်လာပြီးရင်တော့ ရေးဆွဲထားတဲ့ဥပဒေ၊ နည်းဥပဒေတွေ နဲ့အညီ သက်ဆိုင်ရာဌာနများက အကြောင်းကြား လာမှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ တာဝန်ပေးအပ်မှုအတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။

ပုဂ္ဂလိကပိုင်ယာဉ်များ စနစ်တကျသုံးစွဲရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် ရန်ကုန်တိုင်း လွှတ်တော်၌ အတည်ပြုပြီး ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်လမ်း/တံတားဌာန အင်ဂျင်နီယာဌာနမှ ဌာနမှူး ဦးတင်မောင်ကြည်က “ဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် ဘာမှ ကျွန်တော်တို့ မပြောလိုသေးပါဘူး။ နောက်တော့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိရင်ရှိလာနိုင်ပါတယ်” ဟု ဆိုသည်။

အချိန်ပိုင်း တစ်လမ်းမောင်းစနစ်ပြုလုပ်ခြင်းမှာ ယာဉ်ကြောကြပ်တည်းမှု ပြေလည်အောင်ပြုလုပ်ရေး အတွက် သီအိုရီတစ်ရပ်အရ မှန်ကန်သော်လည်း လက်တွေ့တွင်မူ ယာဉ်စည်းကမ်း ထိန်းသိမ်းခြင်း၊ ကားကြပ်ရခြင်း အကြောင်းရင်းကို ရှာဖွေခြင်း၊ လမ်းကြောအသုံးပြုသူ အများဆုံးနေရာကို သတ်မှတ်ခြင်း စသည့် လက်တွေ့မြေပြင်အခြေအနေများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်သည့်အတွက် မလွယ်ကူကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ဒု-ရဲမှူး ဇော်မျိုးထွန်းက ဆိုသည်။

လက်ရှိတွင်မူ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ယာဉ်ကြော ကြပ်တည်းချိန် ဖြစ်ပေါ်လေ့ ရှိသည့် လမ်းပြောင်းပြန် အသုံးပြုခြင်းများ၊ သတ်မှတ်ယာဉ်ကြောမှ သွေဖည်မောင်းနှင်ခြင်းများ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများအတွက် ပညာပေးခြင်းကိုသာ အဓိက ပြုလုပ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

No comments: