Monday, May 11, 2015

ဧပြီလအတွင်း အထည်ချုပ် လုပ်ငန်းတစ်ခု၏ အကောက်ခွန်မဲ့ပစ္စည်း အပါအ၀င် တန်ဖိုး ကျပ် သန်း လေးရာကျော် ဖမ်းဆီးရရှိ

သီဟကိုကို

၂၀၁၅-၁၆ ဘဏ္ဍာနှစ်၊ ဧပြီလ အတွင်း အထည်ချုပ်လုပ်ငန်း တစ်ခု၏ အကောက်ခွန်မဲ့ ပစ္စည်းများ အပါအ၀င် တန်ဖိုး ကျပ် ၄၃၄ ဒသမ ၈၀ သန်းကို ဖမ်းဆီး ရမိခဲ့သည်ဟု အကောက်ခွန် ဦးစီးဌာန၏ တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးမှု စာရင်းတွင် ဖော်ပြထားသည်။

အကောက်ခွန် ဦးစီးဌာနသည် ဧပြီ ၁ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန် လေဆိပ်နှင့် ဆိပ်ကမ်းများတွင် အကောက်ခွန်မဲ့ ပစ္စည်းဖမ်းဆီး တားဆီးမှု ၈ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၁၁၁ ဒသမ ၄၈ သန်း ဖမ်းဆီးရရှိခဲ့ပြီး အကောက်ခွန် နယ်မြေများတွင် ဖမ်းဆီးမှု ၅၃ မှု ၊ တန်ဖိုး ကျပ် ၃၂၃ ဒသမ ၃၂ သန်း ဖမ်းဆီးခဲ့သည်

ရန်ကုန်လေဆိပ်တွင် အကောက်ခွန်မဲ့ ကုန်ပစ္စည်း ဖမ်းဆီးမှု ငါး မှု ၊ ခန့်မှန်းတန်ဖိုး ကျပ် ၉ ဒသမ ၇၅ သန်းခန့်ရှိခဲ့ပြီး ဆိပ်ကမ်းများတွင် အကောက်ခွန်မဲ့ ကုန်ပစ္စည်း တားဆီးမှု သုံးမှု၊ ခန့်မှန်တန်ဖိုး ကျပ် ၁၀၁ ဒသမ ၇၃ သန်း ဖမ်းဆီးရရှိခဲ့သည်။

ဆိပ်ကမ်းများတွင် အကောက်ခွန်မဲ့ ပစ္စည်းဖမ်းဆီးမှုများအနက် ထူးခြားဖြစ်စဉ်ဖြစ် MIP ကုန်သေတ္တာ စစ်ဆေးရေးစခန်းတွင် အထည်ချုပ်လုပ်ငန်း ကုမ္ပဏီ တစ်ခု၏ ကုန်ပစ္စည်းများကို စစ်ဆေးရာမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာမထားသည့် ခန့်မှန်းတန်ဖိုးကျပ် ၆၁ သန်းခန့်ရှိ တရားမ၀င် ကုန်ပစ္စည်းများကို လည်း ဖမ်းဆီးရရှိခဲ့သည်ဟု အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အကောက်ခွန်နယ်မြေများတွင် ကုန်ပစ္စည်း ဖမ်းဆီးမှု ၅၃ မှု ၊ ခန့်မှန်းတန်ဖိုး ကျပ် ၃၂၃ ဒသမ ၃၂ သန်းရှိ အကောက်ခွန်မဲ့ ပစ္စည်းများကို ဖမ်းဆီးရရှိခဲ့ပြီး ထူးခြားဖြစ်စဉ်ဖြစ် မန္တလေးတွင် တရားဝင် စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသော ကျပ်တစ်သန်းခန့် တန်ဖိုးရှိ တမလန်းတုံးများကို ဖမ်းဆီးမိခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် ရန်ကုန်လေဆိပ်၊ ဆိပ်ကမ်းများနှင့် အကောက်ခွန် နယ်မြေများမှ အကောက်ခွန်မဲ့ ကုန်ပစ္စည်း ဖမ်းဆီးမှု ၇၂၈ မှု ရှိခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ် ၄,၅၈၂ ဒသမ ၆၂ သန်း ဖမ်းဆီးရရှိခဲ့သည်ဟု အကောက်ခွန် ဦးစီးဌာန၏ စာရင်းများ ဖော်ပြထားသည်။

အကောက်ခွန် ဦးစီးဌာနသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် အကောက်ခွန် နယ်မြေတို့တွင် တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှာဖွေဖမ်းဆီးလျက်ရှိပြီး တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ Mobile Team မှာလည်း တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးလျက်ရှိသည်။

No comments: