စိုးသန်းလင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော နေပြည်တော် ရှစ်မြို့နယ်ရှိ မဲစာရင်းများအရ ဇမ္ဗူသီရိမြို့နယ် မဲစာရင်းသည် အမှန်ရှိသင့်သည်ထက် လူဦးရေ ငါးသောင်းကျော် လျော့နည်းနေသည်ဟု ထိုမြို့နယ်အမတ် ဒေါ်စန္ဒာမင်းက ပြောသည်။
“နေပြည်တော် ရှစ်မြို့နယ် အတွက်ပေါ့နော် မဲစာရင်းတွေထွက်တယ်။ အဲဒီမှာ ဇမ္ဗူသီရိမြို့နယ်အတွက် ၁၆၄၇၅ ယောက်လို့ ပြောတယ်။ တကယ်တမ်းဆိုရင် ဇမ္ဗူသီရိမြို့နယ်မှာ လူဦးရေပေါင်း တစ်သိန်းကျော်ရှိတာ၊ မဲပေးနိုင်တဲ့ လူဦးရေက ခုနစ်သောင်းကျော်ရှိရမယ်။ အခုက ၁၆၄၇၅ ယောက်ပဲ ထွက်လာသေးတယ်ဆိုတော့ တော်တော်ကြီးကို ကွာနေတယ်။ အခု ရပ်ကွက်အလိုက် ကျေးရွာအလိုက် လိုက်စစ်ကြည့်တော့ အတော်အံ့သြစရာကောင်းတယ်၊ ၂၀၁၀ မှာရော ၂၀၁၂ မှာပါ မဲပေးခဲ့သူတွေက အခု၂၀၁၅ အခြေခံမဲစာရင်းမှာ ပါမလာဘူး။ ဥပမာပြောရရင် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ၀န်ထမ်းရပ်ကွက်မှာ ၂၄၁ ယောက်ပဲ မဲစာရင်းမှာ ထွက်လာတယ်။ ၂၀၁၂ ကြားဖြတ်မှာ လေးထောင်ကျော် ရှိတယ်။ အဲဒီလိုပဲ ရှားတောဆိုလို့ရှိရင်လည်း ၂၀၁၂ မှာ မဲပေးနိုင်သူ ဦးရေ ၇၀၀ ကျော်ရှိခဲ့တယ်၊ အခု ၂၀၁ ယောက်ပဲ ထွက်လာတယ်။ ဂုံမင်းကျေးရွာဆိုရင်လည်း ၂၀၁၂ မှာ ၁၀၀၀ ကျော်ရှိခဲ့ပြီး အခု ၃၁၁ ယောက်ပဲ စာရင်းထွက်တယ်” ဟုသူမက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမစမီ ပြောခဲ့သည်။
ထိုသို့ လျော့နေသည်ဆိုသော စာရင်းတွင် ယခင် သုံး လေးနှစ်က တခြားသို့ ပြောင်းရွှေ့ သွားသူ အချို့ နှင့် သေဆုံးသူ အချို့ တို့ ပါဝင်နေရာ ရပ် ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အလုပ်မလုပ်ကြခြင်းကြောင့် ဖြစ်ကြောင်းလည်း သူမက ပြောသည်။
“ဇမ္ဗူသီရိထဲက လက်ပန်ခါးလှတို့ ရှားတောတို့မှာ သေတဲ့သူတွေရဲ့ နာမည်စာရင်းတွေ ပါနေတယ်။ လက်ပန်ခါးလှရဲ့အောင်ဇမ္ဗူရပ်ကွက်က မဲစာရင်း ၅၄၇၄ ယောက်မှာ သေတဲ့သူတွေ လွန်ခဲ့တဲ့ သုံးလေးနှစ်ကမှ ပြောင်းရွှေ့ သွားသူတွေဟာ ၁၅ ယောက်လောက်အထိ ပါနေတယ်။ စောစောစီးစီး တည်းကိုက အခြေခံမဲစာရင်း ထွက်မယ်ဆိုရင် အောက်ခြေထဲကိုက စာရင်းကောက်ထားရင် ဒါတွေဟာ ပါကိုပါရမယ်။ ဒီလိုစာရင်းကွာရတာဟာ မသမာမှုကြောင့်လို့ ပြောရမှာထက် ရပ်ကွက် ကျေးရွာတွေက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေ အလုပ်မလုပ်ကြလို့လို့ ပြောချင်တယ်” ဟု သူမက ကောက်ချက်ချခဲ့သည်။
မဲစာရင်းမှာ မပါသေးသူတွေအတွက် ပုံစံ ၃ ဖြင့် ပြန်လျှောက်ပေးဖို့၊ သေဆုံးသူများ၊ ပြောင်းရွှေ့သွားသူများ ပါနေခြင်းကို ပုံစံ ၄ ဖြင့် ကန့်ကွက်ပေးဖို့အတွက် အချိန်အားဖြင့် တစ်ပတ်ခန့်သာ ကျန်ရှိတော့ကြောင်းလည်း သူမက ပြောသည်။
“အဲဒါတွေကို ချက်ချင်းပဲ လုပ်နေပါပြီ။ ၇-၆-၂၀၁၅ မှာ နောက်ဆုံးထားပြီး လျှောက်ရမယ်လို့ ပြောတယ်။ ဒါပေမယ့် အခြေခံမဲစာရင်းက တအားကွာနေတော့ လုပ်ပေးရမယ့်သူတွေ အများကြီးဖြစ်နေတာ တွေ့ရတယ်။ ပြီးတော့ ကော်မရှင်အဖွဲ့ ခွဲဝင်တွေဟာ သူတို့ရုံးမှာ မရှိကြလို့ လိုက်ခေါ်နေရတယ်၊ တကယ်တော့ အခုလိုရက်တွေမှာ သူတို့က ရုံးမှာပဲ အချိန်ပြည့် ထိုင်စောင့်နေသင့်တယ်” ဟု သူမက ရှင်းပြသည်။
ထိုသို့ မဲစာရင်းများ လျောနေရခြင်းတွင် ပုံစံ ၆၆ ရှိသူများကိုသာ စာရင်းသွင်းပြီး မရှိသူတို့ကို ချန်ထားခြင်းကြောင့်လည်းဖြစ်နိုင်သည်ဟု ဒေါ်စန္ဒာမင်းက ယူဆသည်။
“ပုံစံ ၆၆ ကို အခြေခံတယ်ဆိုရင် ဂုံမင်းတို့ ရှားတောတို့မှာ နဂိုတည်းက နေလာတာ မဟုတ်ပေမယ့် ပြီးခဲ့တဲ့ လေး ငါးနှစ်က စနေလာတဲ့ ရွာစည်းထဲမှာပါနေတဲ့၊ သာရေး နာရေး ကိစ္စတွေမှာ ရွာစည်းကြေး တွေ ထည့်ရတဲ့ သူတွေက ဘာဖြစ်လို့ မဲစာရင်းထဲမှာ ပါမလာရတာလဲ။ ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့စည်းကမ်းချက်ကို ဆန့် ကျင်နေတာကို စထွက်လာတည်းက တွေ့ ရတယ်။ ပုံစံ ၆၆ ရဖို့ သိပ်ခက်ခဲတဲ့ နေပြည်တော်မှာ ဘယ်လိုသဘောနဲ့ ပုံစံ ၆၆ ရှိမှ မဲပေးခွင့်ရမယ်လို့ သတ်မှတ်ရတာလဲ။ ဒီဒေသမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရက်ပေါင်း ၁၈၀ ဥပဒေကိုပဲ လိုက်နာ သင့်တယ်လို့ ကျွန်မပြောချင်တယ်” ဟု သူမက ပြောသည်။
အကယ်၍ ဒုတိယအကြိမ်ထပ်မံ ထွက်ရှိလာမည့် မဲစာရင်းတွင် ယခုကဲ့သို့ စာရင်းများ ဆက်ကွာနေပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ကန့်ကွက်သည့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သူမက ပြောသည်။
ပုံစံ ၆၆ မရှိသော်လည်း ရက်ပေါင်း ၁၈၀ ကျော် နေထိုင်သူများ မဲပေးခွင့်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ စည်းကမ်းချက်ကို လိုက်နာကာ မဲစာရင်းတွင် ထည့်သွင်းလိုက်လျှင် ထိုသူတို့ ရပ်ကွက် ကျေးရွာတို့တွင် နေထိုင်မှုကို တရားဝင် အသိအမှတ်ပြုလိုက်ရာ ကျသွားပြီး နောင်တွင် စည်ပင်သာယာဥပဒေ၊ ရပ်ကျူး ရွာကျူး ဥပဒေများဖြင့် တရားစွဲဆိုရန် အခက်တွေ့နိုင်သဖြင့် ထိုသို့ မဲစာရင်းထဲ မထည့်သွင်းခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ ပြည်သူတို့က ဝေဖန်ပြောကြားလျက် ရှိသည်။
No comments:
Post a Comment