Tuesday, May 19, 2015

ရှမ်းပြည်နယ် တွင်းရှိ စစ်ပြေး ဒုက္ခသည် များအတွက် ကျပ်သိန်း ငါးထောင်ကျော် နိပွန်ဖောင်းဒေးရှင်း လှူဒါန်း

ရွှေဟင်္သာ

ရှမ်းပြည်နယ် အတွင်းရှိ စစ်မက် ဖြစ်ပွားရာ ဒေသမှ ဒုက္ခသည် များအတွက် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းမှ တန်ဖိုး ကျပ်သိန်းပေါင်း ငါးထောင်ကျော်ရှိ ဆန်နှင့် အခြား အထောက်အပံ့ ပစ္စည်းများကို လားရှိုးမြို့ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၌ မေလ (၈) ရက်နေ့ နံနက်ပိုင်းတွင် လာရောက် လှုဒါန်း ခဲ့ကြောင်း လားရှိုး မြို့ခံ ရှမ်းတိုင်းရင်းသားများ ဒီမိုက်ရက်တစ် ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်းမှ ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“လောက်ကိုင် ဒေသ၊ ချင်းရွှေဟော်၊ ပလောင်ဒေသ ကွတ်ခိုင် နမ့်ခမ်းနဲ့ ဟိုပန် လားရှိုး ဒေသက စစ်ဘေး ဒုက္ခသည် တွေကို အကူအညီ ပေးဆောင် သွားဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်ပြည်သူ တွေရဲ့ အလှူငွေကို ဖေါင်ဒေးရှင်းကနေ လာလှူဒါန်း တာပါ” ဟု စိုင်းစံမင်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုနိပွန် ဖောင်ဒေးရှင်း၏ အလှူသည် ရှမ်းပြည်နယ် အတွင်းရှိ စက်မက် ဖြစ်ပွားရာ ဒေသများရှိ စစ်ပြေး ဒုက္ခသည် များအား ထောက်ပံ့ရေး အတွက် အဓိက ပေးအပ်ခြင်း ဖြစ်ပြီး ကိုးကန့် ဒေသ အတွင်းရှိ စစ်ပြေး ဒုက္ခသည် များအတွက်လည်း ပါဝင်ကြောင်း ဆိုပါသည်။

ကာလ တန်ဖိုး ကျပ်သိန်းပေါင်း (၅၁၃၄) သိန်းကို လှူဒါန်း ရာတွင် ငွေသားများကို လှူဒါန်းခြင်း မဟုတ်ဘဲ ထိုငွေသား အစား ဆန်၊ ဆိုလာပြား များနှင့် ဆေးစိမ် ခြင်ထောင် များကိုလှူဒါန်း ခဲ့သည်ဟု စိုင်းစံမင်းက ပြောသည်။

ရှမ်းပြည်နယ် အတွင်း မြန်မာ အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခ များကြောင့် စစ်ပြေး တိမ်းရှောင်သူ အများအပြား ရှိလာ နေကာ အဆိုပါ ဒုက္ခသည်များ စားဝတ် နေထိုင်ရေး အပါအ၀င် လုံခြုံရေးနှင့် နေရပ်ရင်း ပြန်နိုင်ရေး အတွက် အစိုးရမှ တာဝန်ယူ လုပ်ဆောင်ပေးရန် လိုသည်ဟု ရှမ်းအမျိုးသမီး အဖွဲ့ တာဝန်ခံ မယိင်းဟန်ဖှမှ ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

“ကျွန်မတို့ ရှမ်းပြည်နယ်မှာ ကိုးကန့် တိုက်ပွဲ တွေမှာရော တအာန်း ပလောင် တိုက်ပွဲတွေမှာရော နောက်ပြီး ရှမ်းပြည် တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာရော ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒုက္ခသည်တွေ အများကြီး ရှိသေးတယ်၊ တခြားနိုင်ငံက လာပြီး လှူဒါန်း တာတွေ ရှိပေမယ့် အစိုးရ အနေနဲ့လဲ ကူညီ ထောက်ပံ့မှုတွေ ပေးသင့်တယ်။ အဓိကက အစိုးရကနေ တိုက်ပွဲတွေ ထပ်မဖန်တီးဖို့ လိုတယ်ပေါ့” ဟု မယိင်းဟန်ဖှ မှ ပြောသည်။

ဒေသခံများ အနေဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပါက လုံခြုံရေး အခြေအနေ စိုးရိမ်ချက်ကြောင့် နေရပ်ရင်းသို့ ပြန်နိုင်ရန် အခက်အခဲ တွေ့နိုင်ကြောင်းလည်း မယိင်းဟန်ဖှမှ ဆိုပါသည်။

လက်ရှိတွင် ရှမ်းပြည်နယ် ဟိုပန် ကွန်းလုံ ဒေသ ဘက်တွင်လည်း ကိုးကန့် စစ်ပြေး ဒုက္ခသည် (၆၀၀) ခန့် တိမ်းရှောင် နေပြီး ၎င်းတို့အား မည်သည့် အဖွဲ့အစည်း ကမျှ လူသားခြင်း စာနာမှု အကူအညီ ပေးဆောင်ခြင်းမျိုး မရှိ သေးကြောင်း ရှမ်းပြည်နယ် အကူအညီ ပေးရေး ခန်ကူး ဖောင်ဒေးရှင်း အဖွဲ့ဝင် တဦး ဖြစ်သူ စိုင်းဆိုင်မိန်းကလည်း ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

မေလ (၈) ရက်နေ့ နံနက် ပိုင်းတွင် လားရှိုး မြို့၌ ကျင်းပ ခဲ့သည့် အဆိုပါ အထောက်အပံ့ ပစ္စည်းများ ပေးအပ် ပွဲသို့ နိပွန် ဖေါင်ဒေးရှင်းမှ ဌာနေ ကိုယ်စားလှယ် တဦး တက်ရောက် ခဲ့ကာ ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့မှ အထောက်အပံ့ ပစ္စည်း များကို လက်ခံ ရယူ ခဲ့ပြီး မြန်မာ အာဏာပိုင် များ၏ ဦးဆောင်မှုဖြင့် လူမှု အဖွဲ့ အစည်း များမှ တဆင့် စစ်ဘေးသင့် ဒုက္ခသည် များအား ဆက်လက် ထောက်ပံ့ ပေးနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း စိုင်းစံမင်းက ဆက်ပြောသည်။

“ဒီနေ့တော့ ကျွန်တော်တို့ လားရှိုးမြို့က ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ရှမ်းဘုန်းကြီးကျောင်း ကိုတော့ ဆန်အိတ်ပေါင်း (၆၄၂)အိတ်ကို ဆရာတော်ထံ လှူဒါန်းပြီးပြီ၊ ကျန်တဲ့ ဒုက္ခသည် တွေအတွက်တော့ အာဏာပိုင် တွေနဲ့ လူထု အခြေပြု အဖွဲ့အစည်း တွေကနေ တဆင့် အကူအညီ ပေးဆောင် သွားဖို့ စီစဉ် နေဆဲ ဖြစ်တယ်” ဟု စိုင်းစံမင်းမှ ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် စတင် ဖြစ်ပွါး ခဲ့သည့် ကိုးကန့်စစ်ရေး ပဋိပက္ခကြောင့် သောင်းနှင့် ချီသည့် စစ်ပြေး ဒုက္ခသည် များသည် တရုတ် နယ်စပ် ဘက်တွင် ဒုက္ခသည် အဖြစ် စစ်ပြေး တိမ်းရှောင် နေရဆဲ ဖြစ်သည်။

နိပွန် ဖေါင်ဒေးရှင်းအနေနှင့် မွန်ပြည်နယ် ကရင်ပြည်နယ် ကယားပြည်နယ် တို့တွင်လည်း စစ်ပြေး ဒုက္ခသည် များနှင့် အိုးအိမ် စွန့်ခွာသူ များကို ၂၀၁၂ ခုနှစ်မှ စ၍ လူသားခြင်း စာနာမှု အကူအညီများ ပေးအပ် ခဲ့ဖူးသည်။

(၁၉၆၂)ခုနှစ်တွင် စတင် တည်ထောင် ခဲ့သည့် နိပွန် ဖေါင်ဒေးရှင်းသည် ဂျပန်နိုင်ငံတွင် အကြီးဆုံး အစိုးရ မဟုတ်သည့် လူသားချင်း စာနာမှု အကူအညီ ပေးအပ်ရေး အဖွဲ့ အစည်း တခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား ဒေသမှ စစ်ပြေး ဒုက္ခသည် များနှင့် အိုးအိမ် ရွှေ့ပြောင်းခံ ပြည်သူများကို အမေရိကန် ဒေါ်လာ သုံးသန်း အကူညီ စတင်ပေးဆောင် ခဲ့သည်။

No comments: