ယုဝေ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဦးစီး၍ ကျင်းပမည့် ကယားပြည်နယ် ပြည်လုံးကျွတ် ညီလာခံ ပြုလုပ်ရန် ပြည်နယ်အစိုးရက သဘောတူညီလိုက်သော်လည်း ညီလာခံအတွက် စည်းရုံးရေး ဆင်းခွင့် ရရန်မှာ လက်ရှိအချိန်ထိ တိကျစွာ မသိရသေးဟု KNPP ၏ ဗဟိုကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ခူးပလူးရယ်က ပြောသည်။
KNPPက လက်နက်၊ ၀တ်စုံ အပြည့်၊ အင်အား ၂၀၀ ခန့်ဖြင့် ကယားပြည်နယ် ရှားတောမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို ပြည်လုံးကျွတ် ညီလာခံ ကျင်းပရန် အတွက် စည်းရုံးရေးဆင်းရန် ပြုလုပ်စဉ် တားမြစ်ခံရသဖြင့် မေလ ၉ ရက်က ပြည်နယ် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရာ ညီလာခံ ပြုလုပ်ရန် သဘောတူညီမှု ရခဲ့သော်လည်း စည်းရုံးရေးဆင်းရန်အတွက်မူ အထက်ကို ဆက်လက် တင်ပြပေးမည်ဟုသာ ကတိပေးခဲ့ကြောင်း ခူးပလူးရယ်က ပြောသည်။
ပြည်လုံးကျွတ် ညီလာခံ ကျင်းပရန် နှင့် ပတ်သက်ပြီး ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်ကို KNPP ၏ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က “ လုပ်မယ့်အချိန်သာပြောပါ။ မြို့တော်ခန်းမတွေလည်း သုံးပါတဲ့၊ မြို့နယ် ကိုယ်စားလှယ်တွေကိုလည်း ၀န်ကြီးချုပ်ကိုယ်တိုင် အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။” ဟုပြောသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် KNPP က ဧပြီ ၂၈ ရက်က စာဖြင့် တင်ပြထားသည့်အတိုင်း လက်နက်၊ ၀တ်စုံ အပြည့်ဖြင့် ဆက်လက် စည်းရုံးရေးဆင်းခွင့်ပေးရန်၊ တပ်မတော်က ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ အင်အားစုများခွဲ၍ စည်းရုံးရေးဆင်းခွင့်ပြုရန် အချက်သုံးချက်ကို တောင်းဆိုခဲ့ရာ ယင်းအနက်မှ အင်အားစုများခွဲ၍ စည်းရုံးရေးဆင်းရန် အချက်အား အထက်ကို တင်ပြပေးမည်ဟူသော ကတိစကား ရရှိခဲ့သည်ဟု ခူးညေးရယ်ကဆိုသည်။
ခူးပလူးရယ်က “ရုံးပိတ်ရက်တွေ ခံသွားလို့ ချက်ခြင်းတော့ အထက်ကို တင်ပြလို့မရသေးဘူး။ ရုံးဖွင့်ရင် အထက်ကို တင်ပေးမယ်။ တစ်ပတ်အတွင်း အကြောင်းပြန်ပေးမယ်လို့ ပြောပါတယ် ”ဟု ပြောသည်။
ဆွေးနွေးပွဲကို ပြည်နယ်အစိုးရဘက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်၊ ဒကစမှူး ဗိုလ်မှူးကြီး အေးလွင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ် ရဲမှူးကြီး ဗိုလ်မှူးကြီးမြင့်တိုးနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှအကြီးတန်းအရာရှိ ဒေါက်တာမင်းဇော်ဦးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို KNPP မှ ဒုတိယ ဥက္ကဋ္ဌ ခူးဦးရယ်၊ ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် ဗဟိုကော်မတီအဖွဲ့ အလုပ်အမှုဆောင် ခူးပလူးရယ်နှင့် လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
မေလ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင်လည်း KNPP ၏ စည်းရုံးရေးဆင်းရန် လုပ်ဆောင်ချက်များကြောင့် ဒေသတွင်းအခြေအနေ ရှုပ်ထွေးလာပြီး ငြိမ်းချမ်းရေး ထိခိုက် စေမည့်အရေး ဒေသခံများအနေဖြင့် စိုးရိမ် ပူပန်လျှက်ရှိသည်ဟု ဖော်ပြထားသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် အစိုးရနှင့် ပဏာမအဆင့်ငြိမ်းချမ်းရေး သဘောတူညီမှုကို ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
No comments:
Post a Comment