Wednesday, November 4, 2015

သန့်ရှင်းလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေး ကြိုးစားလုပ်ဆောင်ထားဟု ဦးသိန်းစိန် ပြော

DVB


အခက်အခဲတွေ ရှိနေသေးသော်လည်း လာမယ့် နိုဝင်ဘာ ၈ ရက် ကျင်းပမယ့် ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်ပြီး ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး ရာနှုန်းပြည့် ကြိုးစား လုပ်ဆောင်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က အစိုးရပိုင် မီဒီယာတွေကနေ နိုင်ငံတ၀န်းကို လစဉ် ပုံမှန်ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားတာပါ။

သမ္မတ ဦးသိန်းစိန်က “ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ အားကောင်းမောင်းသန် မဖြစ်သေးတာဟာ အရှိတရားပဲ ဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ရှိနေတဲ့အတွက် ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ ဆိုတာတွေကို ကျင်းပဖို့ အခက်အခဲများ ရှိနေတာကိုလည်း ကျနော့်အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့အတွက် ရာနှုန်းပြည့် ကြိုးစားလုပ်ဆောင်ထားကြောင်း အသိပေးပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူက ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ရွေးချယ်ရာမှာလည်း ရိုးသားတည်ကြည်မှု၊ စိတ်ရှည်သဘောထားကြီးမှုနဲ့ အမြော်အမြင်ကြီးမှု စတဲ့ နိုင်ငံသားတန်ဖိုး၊ လူမှုတန်ဖိုးတွေကို နှလုံးသွင်းပြီး စဉ်းစားဆုံးဖြတ် ရွေးချယ်ကြစေလိုတယ်လို့ ပြောသွားပါတယ်။

No comments: