Tuesday, November 24, 2015

စစ်တွေတွင် အသက် (၅) နှစ်အရွယ် အမျိုးသမီးငယ် မတရားပြုကျင့်ခံရသည့် အပေါ် အမျိုးသမီးအဖွဲ့ နှစ်ခုမှ ပူးတွဲ သဘောထားထုတ်ပြန်

ဖြူနှင်းဝေ


နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅း၃၀ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့ဓည၀တီ(က)ရပ်ကွက်နှင့် တစ်ဖက်တချက်တွင်ရှိသော စက်ရုံစုရပ်ကွက်တွင်နေထိုင်သူ အသက် ၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မတရားပြုကျင့်ခံရမှုနှင့်ပတ်သက်၍ ရခိုင်အမျိုးသမီးအစည်းအရုံး RWUနှင့် ရခိုင်အမျိုးသမီးကွန်ယက် RWN တို့က ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ထဲတွင် မကြာခဏဆိုသလို ရခိုင်အမျိုးသမီးငယ်များ မတရားပြုကျင့်ခံနေရမှုအပေါ် ရခိုင်အမျိုးသမီးများစွာ စိုးရိမ်ပူပန်နေရကြောင်း၊ ရခိုင်အမျိုးသမီးများ ဘ၀လုံခြုံမှုကို တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားစွာ ခြိမ်းခြောက်လာနေသည်ဟု ခံစားနေရကြောင်း၊ ယင်းကဲ့သို့ မတရားပြုကျင့်ခံရမှုထဲတွင် သက်ငယ်အမျိုးသမီးများပါဝင်နေ၍ ရခိုင်အမျိုးသမီးအနေဖြင့် ဆိုးဝါးသောအန္တရာယ်နှင့် ကြုံတွေ့နေရသော အနေအထားသို့ရောက်ရှိနေကြောင်း
ဖော်ပြထားသည်။

ယင်းထုတ်ပြန်ရခြင်း ရည်ရွယ်ချက်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် အသက် ၅ နှစ်အရွယ် ရခိုင်အမျိုးသမီးငယ်တစ်ဦး မတရားပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်မှု ရှိလာစေရန်အတွက် အစိုးရဘက်က အလေးထားစဉ်းစားလာစေရန်နှင့် တစ်ဖက်မှာလည်း စနစ်တကျနှင့် အမှန်တရားကို ထုတ်ဖော်နိုင်စေရန် ပြည်သူလူထုဖက်ကလည်း ၀ိုင်းဝန်းပံ့ပိုးမှုရှိလာစေရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဋ္ဌ ၁ စောစံငြိမ်းသူက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

No comments: