နေသာ
စစ်ဘေးရှောင်ပြည်သူများအား အစိုးရက ထိထိရောက်ရောက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် နိုဝင်ဘာ ၂၃ရက်က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတင်ခဲ့ရာ လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိရန် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဆုံးဖြတ်ခဲ့သည်။
အဆိုကို ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်အမတ် ဦးစိုင်းအွန်ဆိုင်းမန်းက ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ “တနေ့ထက်တနေ့ တိုးပွားများပြားလာပြီး စစ်ဘေးရှောင် လူဦးရေ ၉၀၀၀ခန့်ရှိကြောင်း သိရှိရပါတယ်"ဟု ဦးစိုင်းအွန်ဆိုင်းမန်း က လွှတ်တော်အစည်းအဝေးတွင်ပြောသည်။
စစ်ပွဲဖြစ်ပွားရာနေရာများတွင် နေထိုင်သော ပြည်သူများသည် အသက်ဘေး အန္တရာယ် ကြုံတွေ့နေရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့နေကာ ရေရှည်ဝမ်းစာဖူလုံရေးအတွက် အားကိုရမဲ့ဖြစစ်နေကြောင်း အဆိုရှင်၏ ဆွေးနွေးချက်အရသိရသည်။ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်က “NCA စာချုပ်ချုပ်ထားပေမယ့် အားလုံးမပါသေးဘူး။ ငြိမ်းချမ်းရေးမူဘောင် ဆောင်ရွက်နေတဲ့အချိန်မှာ ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထု၊ တိုင်းရင်းသားတွေ ဒုက္ခရောက်လျက်ရှိပါတယ်။ ကူညီပံ့ပိုးမှုနည်းပါးနေတာကိုလည်း တွေ့ရပါတယ်။လူသားချင်းစာနာမှု အကူအညီပေးမှုက မတွေ့ရသလောက်ရှိနေပါတယ်။ အကူညီအများကြီးလိုပါသေးတယ်။အစိုးရအနေနဲ့ဖြစ်နေတဲ့တိုက်ပွဲတွေဟာ လူသားချင်းစာနာမှုအကူအညီတွေကို အစိုးရဖက်က တာဝန်ယူသင့်တယ်လို့ယူဆပါတယ်။” ဟု ပြည်သူ့ လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင်က အဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။
ရှမ်းပြည်နယ်အတွင်းရှိ နေရာဒေသအချို့တွင် အောက်တိုဘာ ၆ရက်မှ စတင်ကာ တစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၁၀၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှုးချုပ်အောင်သော်က ယနေ့ လွှတ်တော်တွင် ပြောခဲ့သည်။
စစ်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်အတွင်းက မြို့နယ်( ၇) ခုက စစ်ဘေးရှောင်ခိုလုံရေးစခန်း (၁၆) ခု၌ စစ်ဘေးရှောင်သူပေါင်း ၅၁၃၈ ဦးရှိသည်ဟုလည်း ၎င်းက ပြောသည်။ SSPP/SSA ၀မ်ဟိုင်းအဖွဲ့ သည် တပ်မတော်တပ်စခန်းများကို အကြိမ်ကြိမ် ထိုးစစ်ဆင်ခြင်း၊ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ပြုခြင်းတို့ကြောင့် နယ်မြေလုံခြုံရေးပြန်လည်ရရှိရာ တန်ပြန်လုပ်ဆောင်မှုများကို မလွှဲသာမရှောင်သာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် အောင်သော်က လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။ “SSA အဖွဲ့ဟာ လူထုကို ဒိုင်းသဖွယ်အသုံးပြုပြီး တပ်မတော် တပ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် စိုးရိမ်မကင်းဖြစ်ကြတဲ့ လူထုတွေဟာ ရှောင်ခွင်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။” ဗိုလ်မှူးချုပ်အောင်သော်က ပြောသည်။
ရှမ်းပြည်နယ်ကျေးသီမြို့ နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲတစ်ကျောင်း၊ မူလတန်းလွန် သုံးကျောင်း၊ မူလတန်းကျောင်း ကိုးကျောင်း စုစုပေါင်း ကျောင်း (၁၅) ကျောင်းပိတ်ထားရပြီး ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့်ပညာရေးဝန်ထမ်း ၁၁၄ ဦး၊ အထက်တန်းကျောင်းသား ၁၁၀ ဦး၊ အလယ်တန်းကျောင်းသား ၅၆၅ ဦး၊ မူလတန်းကျောင်းသား ၂၄၁၀ ဦး စုစုပေါင်း ၃၀၈၅ ဦးရှိကြောင်း လွှတ်တော်တွင်းဆွေးနွေးချက်များမှ တစ်ဆင့်သိရသည်။
စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ပေးရေးအဆိုကို လွှတ်တော်အမတ် လေးဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး အဆိုနှင့် ပက်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန နှစ်ခုက ပြန်လည်ရှင်းလင်းတင်ပြပြီးနောက် အဆိုရှင်ဖြစ်သူ ဦးစိုင်းအွန်ဆိုင်မန်းက အဆိုအတည်ပြုပေးရန် တောင်းဆိုခဲ့သည်။ ဆွေးနွေးခဲ့သူများအားလုံးက ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကိုအတည်ပြုပေးရန် အဆိုရှင်ကတောင်းဆိုခဲ့သော်လည်း မဲခွဲဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးနန္ဒကျော်စွာက အဆိုရှင်အား မှတ်တမ်းတင်ထားရှိရန် သဘောတူပါသလားဟုမေးမြန်းခဲ့ပြီးနောက် အဆိုရှင်မှ ဒုတိယဥက္ကဋ္ဌ၏ သဘောအတိုင်း ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး အဆိုအား မှတ်တမ်းတင်စောင့်ကြည့်သွားမည်ဟု ကြောငြာခဲ့သည်။
No comments:
Post a Comment