Thursday, November 5, 2015

ကိုဘလှနှင့် ရွေးကောက်ပွဲ အကြောင်း စကားစမြည်

ဖိုးစမ်းချောင်း (GG)


မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြို့နေပြည်သူများ၊ နိုင်ငံခြားရောက်မြန်မာများ အထူး တလည် ရင်ခုန်နေရသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စဥ့်ကိုင်ကျေးရွာနေ ကိုဘလှတယောက်အဖို့ တော့ ရွေးကောက်ပွဲထက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနာမည်ဖြင့် ချေးပေးလိုက်သော ငွေသုံးသိန်းဖြင့် ဝက် ဝယ်မွေးရန်သာ စိတ်အားထက်သန်နေပါသည်။

အဆိုပါ ငွေသုံးသိန်းကို သူ့လက်ဝယ် ပိုင်ပိုင်နိုင်နိုင်ရလာခဲ့သည်မှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် တလအလို ဖြစ်သော အောက်တိုဘာလ အစောပိုင်းမှ ဖြစ်ပါသည်။ အတိုးမှာ တကျပ်တိုးနှုန်းဖြစ်ပြီး သုံးလအကြာတွင် ပြန်ဆပ်ရမည်ဖြစ်ကာ ပြန် ဆပ်ပြီးနောက်တွင်လည်း ထပ်မံ ချေးပေးမည်ဆိုသောကြောင့် သူ့အတွက် အဆင်ပြေလှပေသည်။

သူတို့ရွာလေးရှိ မူလတန်းကျောင်းတွင် အတန်းပညာလေးတန်းထိ သင်ယူခဲ့ရပြီး ရွာမှ နှစ်မိုင်ခန့်ဝေးသည့် ရှိန်းမကားသို့ ကျောင်းသွားတက်ရန် အဖော်မရှိသည့်နောက် လယ်တောထဲသို့ ဆင်းရန်သာ ဆုံးဖြတ်လိုက်သည့် ကိုဘလှအဖို့ ဘဝက ရိုးရှင်းလွန်းပါသည်။ မိဘအမွေဖြစ်သော လယ်သုံးဧကခွဲခန့်တွင် နွေစပါးစိုက်ပြီး ရလာသည့် စပါးကို ပွဲစားများသို့ ရောင်းသည်။ ကျန်သည့်အချိန်တွင် ရွာနှင့် ကပ်ရပ်ရှိ ဧရာဝတီမြစ်ထဲသို့ ဆင်းကာ ငါးဖမ်းသည်။

တနှစ်တခါဆိုသလို မိဘဆွေမျိုးများနှင့် မုံရွာ၊ မန္တလေးမြို့ကြီးများသို့ ဘုရားဖူးထွက်သည်။ ကျန်တာကို သူ စိတ်မဝင်စားပါ။ ကိုယ်လုပ်မှ ကိုယ်စားရသည်။ ဘယ်အစိုးရ တက်တက် စိတ်မဝင်စား၊ တက်လာသည့် အစိုးရကလည်း သူ့လယ်ကို လာ ထွန်ပေးမည် မဟုတ်၊ ကိုယ့်လယ် ကိုယ်ထွန်၊ ကိုယ့်စပါး ကိုယ်ရိတ်၊ ကိုယ့်ငါး ကိုယ်ဖမ်းဆိုသည်မှာ သူ့ခံယူချက် ဖြစ်သည်။

မြစိမ်းရောင်စီမံကိန်းဆိုသည်မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင် အလုပ်ရုံဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့် စီမံကိန်းဖြစ် သည်။

ကျေးရွာ တရွာအတွက် နိုင်ငံတော် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ဖြစ်ပြီး ကနဦး ရွေးချယ်လိုက်သည့် ကျေးရွာ ၁၁၅၀ ရွာ အတွက် စီမံကိန်း ကုန်ကျစရိတ် စုစုပေါင်း ၃၂ ဒသမ ၅ ဘီလီယံကို နိုင်ငံတော်မှ မတည်ပေးပါသည်။ ယခု ဆောင်ရွက်နေ သည့် စီမံကိန်းမှာ ရှေ့ပြေးစီမံကိန်း (Pilot Project) ဖြစ်ပါသည်။

မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေသည့် ကျေးရွာများမှာ ကချင်ပြည်နယ် ၄၂ ရွာ၊ ကယားပြည်နယ် ၁၁ ရွာ၊ ကရင် ပြည် နယ် ၃၆ ရွာ၊ ချင်း ၂၄ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး ၁၀၁ ရွာ၊ တနသာင်္ရီတိုင်းဒေသကြီး ၂၁ ရွာ၊ ပဲခူးတိုင်းဒေသကြီး ၁၁၆ ရွာ၊ မကွေးတိုင်းဒေသကြီး ၈၃ ရွာ၊ မန္တလေးတိုင်း ဒေသကြီး ၈၃ ရွာ၊ မွန်ပြည်နယ် ၂၁ ရွာ၊ ရခိုင်ပြည်နယ် ၆၃ ရွာ၊ ရန်ကုန် တိုင်းဒေသကြီး ၄၂ ရွာ၊ ရှမ်းပြည်နယ် ၂၆၀ ရွာ၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၉ ရွာ၊ နေပြည်တော် ၁၃ ရွာ၊ ပအို့ဝ်ဒေသ ၅ ရွာ၊ ပလောင်ဒေသ ၅ ရွာ၊ ဓနုဒေသ ၅ ရွာ၊ ကိုးကန့်ဒေသ ၅ ရွာ၊ နာဂဒေသ ၅ ရွာ စုစုပေါင်း ၁၁၅၀ ရွာ ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေး ကြူက ဧရာဝတီဝက်ဆိုဒ်တွင် ရေးသားထားသည့် တစိတ်တဝမ်းတည်း စုပေါင်းဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းတွင် ဖော်ပြထားပါသည်။

အခု လက်ရှိအစိုးရက ဘယ်ပါတီကလဲဆိုတာ သိလားဗျဟု ကိုဘလှကို မေးကြည့်ရာ ခေါင်းခါသည်။ သမ္မတကြီးရော သိလားဆိုတော့ ဦးသိန်းစိန်မဟုတ်လားဟု ဖြေပါသည်။ ယခုလို ချေးငွေရသည့်အတွက် ဘယ်သူ့ကို ကျေးဇူးတင်လဲဗျ ဆို တော့ သမ္မတကြီးပေါ့ဗျာ ဟု သွက်သွက်လက်လက် ဖြေပါသည်။

နိုင်ငံရေးပါတီတွေ သိသလားဆိုတော့ အစိမ်းရှိတယ်။ အနီရှိတယ်ဟု ဖြေပါသည်။ အဲဒီအစိမ်းနဲ့ အနီပါတီတွေရဲ့ နာမည် သိသလားဆိုတော့ သူ အကြာကြီး စဉ်းစားသည်။ ပြီးမှ ပြုံးတုံ့ပြုံးတုံ့နှင့် သိဘူးဗျ ဟု တိုးတိုးလေးပြောပါသည်။ ဒေါ်အောင် ဆန်းစုကြည်ကိုရော ကြားဖူးလားဆိုတော့ ဟာ..ဘာလို့ မသိရမှာလဲဟု ပြန်ပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ နာမည်ရော သိလားဆိုတော့ နဖူးကြောကြီးများ တွန့်နေအောင် စဉ်းစားပြီးနောက် ခေါင်းရမ်းပြပါသည်။ ခြင်္သေ့ရုပ်တွေ၊ ဒေါင်းရုပ်တွေ ထောင်ထားတဲ့ အလံတွေရော သိလားဆိုတော့ ဘုရားတွေရှေ့မှာတော့ ခြင်္သေ့ရုပ်တွေ တွေ့ဖူးပါတယ်တဲ့။ ဒါနဲ့ ခင်ဗျားတို့ရွာတွေကို ပါတီကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးတွေ မလာကြဘူးလားဆိုတော့ တခါမှ မတွေ့ဖူးပေါင် ဟု ဖြေပါသည်။

အမှန်အားဖြင့်တော့ ကိုဘလှအဖို့ နိုင်ငံရေးအကြောင်း မဆိုထားဘိ၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲပေးခဲ့သလား၊ မပေးခဲ့ ဘူးသလား ဆိုသည်ကိုပင် သေသေချာချာ မသိခဲ့ပါ။ ၂၀၁၀ရွေးကောက်ပွဲတုန်းက မဲပေးခဲ့လားဟု မေးကြည့်ရာ ခေါင်း ရမ်းပါသည်။

လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက ခင်ဗျားတို့ရွာကို လူတွေရောက်လာပြီး အမှန်ခြစ်လေး ဘာလေး ခြစ်ခိုင်းတာမျိုး မရှိဘူးလား ဟု လှည့်ပတ်မေးလိုက်မှ အား. သတိရပြီ. လူကြီးက ခေါ်လို့ သွားလိုက်တယ်.ဘာလုပ်ရမှာလဲလို့ ဘေးကလူ မေးတော့ ဟောဒီနား အမှန်ခြစ်၊ ပြီးတော့ ပြန်လို့ရပြီဆိုလို့ အမှန်ခြစ်ပေးပြီး ပြန်လာခဲ့တာပဲဟု ပြောပါသည်။ ဘယ်ပေါ်မှာ အမှန် ခြစ် ပေးရတာလဲဆိုတော့ သေချာတော့ မှတ်မိဘူးဗျ.စာရွက်ပိုင်းလေးမှာ တံဆိပ်တွေ ရေးထားတယ်။ ဘေးနားမှာ လေးထောင့် ကွက်လေး ပါတယ်ဟု ဖြေပါသည်။ အဲဒါ မဲပေးခဲ့တာ မဟုတ်ဘူးလားဗျာဟု ပြန်မေးကြည့်ရာ. ဟင်. မဲမပေးပေါင်ဗျာ. စာ ရွက်ပေါ် အမှန်ခြစ်တာ မဲပေးတာမှ မဟုတ်တာဘဲဟု ပြန်ပြောပါသည်။ ယခုတကြိမ် မဲပေးရာတွင် တံဆိပ်တုံး နှိပ်ရမည် ဖြစ်ကြောင်း ပြောပြလိုက်ရာ ဘာမှမပြောဘဲ ပြန်သာကြည့်နေပါတော့သည်။

အိမ်ထောင်စု ၈၀ခန့်ရှိပြီး လူဦးရေနှစ်ရာကျော် ရှိသော သူတို့ရွာကလေးမှာ ယခုအခါဆိုလျှင် ဆိုင်ကယ်တဝီဝီ စီးနိုင်ပြီ ဖြစ်ပြီး ဖုန်းဆိုလျှင်လည်း ကလေး ဘုစုခရုကအစ ကိုင်နိုင်နေပြီ ဖြစ်သကဲ့သို့ ညဆိုလျှင်လည်း တလလျှင် ထောင့်ငါးရာ၊ (တီဗွီရှိလျှင် နှစ်ထောင့်ငါးရာ) ပေးရသော ဒီဇယ်မီးစက်၊ ဆိုလာမီးတို့ဖြင့်လည်း မီးလင်းနေပြီဖြစ်သဖြင့် လူနေမှုအဆင့် အတန်းမှာ ယခင်ကထက် အတန်ငယ် မြင့်မားလာပြီဖြစ်ကြောင်း ကိုဘလှက ပြောပါသည်။ လယ်ထွန်ရာတွင်လည်း အစိုး ရက အရစ်ကျ စနစ်ဖြင့် ရောင်းပေးသောကြောင့် တချို့ရွာသားများမှာ ထွန်စက်များ ဝယ်ယူနိုင်ကြကြောင်းပါ ဖြည့်စွက် ပြောပါသည်။

“အစိုးရ လျှပ်စစ်မီးရအောင်တော့ အခု ရွာဦး ဘုန်းကြီးက ကြိုးစားနေတယ်။ ကျေးရွာဖွံ့ဖြိုးအောင် ဘုန်းကြီးကပဲ အကုန် လုပ်ပေးနေတာ”ဟု ကိုဘလှက ပြောပါသည်။ သူတို့ရွာလေးအတွက် ဘာလိုချင်သလဲဗျဟု မေးလိုက်ရာ သေသေချာချာ စဉ်းစားပြီး မြို့ပေါ်လို လျှပ်စစ်ရချင်တယ်ဟု ဖြေပါသည်။ ထမင်းဟင်းချက်ရင် လျှပ်စစ်မီးနဲ့ဆို ကောင်းမှာ၊ အခုတော့ ထင်း စိုက်နေရတယ်။ ထင်းရှာရတာကလည်း အရင်လို မလွယ်တော့ဘူးဟု ညည်းတွားပါသည်။

ပြည်နယ်/တိုင်း ဒေသကြီး ၁၄ ခု၊ ပြည်နယ်ခွဲ ၂ ခု၊ ခရိုင် ၆၀၊ မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၄၉၁၇ ရွာဖြင့် ဖွဲ့စည်းထား သော မြန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများ ဖြစ်ကြပြီး ထိုကျေးလက်နေ ပြည်သူ များတွင် ကိုဘလှ ယူဆသကဲ့သို့ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ့်လယ်ကိုယ်ပဲ ရိတ်နေရတာဟု ယူဆနေသည့် တောသူတောင်သား မည်ရွေ့မည်မျှ ရှိနေနိုင်ပါသနည်း။

စိတ်ဝင်စားဖို့ ကောင်းလှပါသည်။ ကိုဘလှတယောက် ၂၀၂၀ ရောက်လျှင်တော့ ရွေးကောက်ပွဲအကြောင်း၊ မဲပေးရသည့် အကြောင်းတို့ကို အနည်းငယ်တော့ နားလည်လာလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ယခု လောလောဆယ်တွင်တော့ ရထား သော မြစိမ်းရောင်ချေးငွေပိုက်ဆံဖြင့် ဝက်ပေါက်စ သုံးကောင် ဝယ်ရင် ကောင်းမလား၊ လေးကောင်ဝယ်ရင် ကောင်းမ လားဆိုသည်ကိုပဲ ကိုဘလှတယောက် စိတ်ဝင်စားနေပါသေးသည်။

No comments: