ကောင်းမြတ်နိုင် (မောင်တော)
ရခိုင်ပြည်နယ် ကျောက်တော်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများ အထဲမှ နောက်ဆုံး ကျန်ရှိနေခဲ့သည့် ရခိုင် လူငယ်တစ်ဦး ကို ကျောက်တော်မြို့နယ် တရားရုံးမှ ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ် ပတ်သက်မှုဖြင့် ထောင် ၅ နှစ် ချမှတ်လိုက်သည်။
၎င်းလူငယ်သည် ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ချခံရသူများ အထဲတွင် ၃၈ ယောက်မြောက် လူငယ် ဖြစ်ကြောင်း သိရသည်။
“ရက္ခိုင့်တပ်မတော် အေအေကဖြစ်ကြောင်း ဝန်ခံပါတယ်။နောက်ပြီးတော့ တရားခွင်မှာလည်း သင်္ကြန်မတိုင်ခင် အမိန့်ချဖို့  တရားသူကြီးကို သူကိုယ်တိုင် ပြောထားပုံရပါတယ်။ တရားလို၊ သက်သေတွေ ဖြစ်တဲ့ ရဲတို့ ၊ စရဖ တို့ လည်း လာရောက်ထွက်ဆိုကြပါတယ်။ဒါကြောင်း မြန်မြန် အမိန့် ချလိုက်တယ်လို့  ထင်ပါတယ်”ဟု အဆိုပါ ဖမ်းဆီးထောင်ချ ခံရသူများအား အကူအညီပေးနေသည့် ကိုကျော်လှမြင့်က နိရဉ္စရာ သတင်းဌာနသို့  ပြောသည်။
၎င်းလူငယ်မှာ မင်းပြားမြို့နယ် ပန်းမြောင်းမြို့ အနီးတွင် တည်ရှိသော ပွဲရက္ကံဆိပ်ကျေးရွာမှ ဦးဦးသာကျော်၏ သား မောင်ဘိုသန်း (၂၅) နှစ်ဖြစ်ပြီး သူ့ အား မြောက်ဦး အခြေစိုက် ခမရ (၃၇၈)မှ ရက္ခိုင့် တပ်မတော်နှင့် ဆက်စပ် သံသယဖြင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နှစ်လနီးပါး အကြာ မတ်လ ၂၂ ရက်နေ့က ကျောက်တော် ရဲစခန်းသို့ လွဲပြောင်းခဲ့သည်။
ထို့ နောက် ဧပြီလ ၄ ရက်နေ့ က ကျောက်တော်တရားရုံးတွင် စတင်ရုံထုတ် တရားစွဲဆိုခဲ့ပြီး ဒုတိယ အကြိမ်ရုံးထုတ်သည့် ယနေ့ တွင် အပြီးသတ်အမိန့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူ ကိုကျော်လှမြင့် က နိရဉ္စရာ သတင်းဌာနသို့  ပြောသည်။
မောင်ဘိုသန်းအား မတရားအသင်း ပုဒ်မ ၁၇/ (၁)ဖြင့် ၃ နှစ် ၁၇ (၂) ဖြင့် ၅ နှစ်ချမှတ်ရာတွင် တပေါင်းတည်း ပြစ်ဒဏ် ချခံစေရန် အမိန့် ချမှတ်သည့် အတွက် ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်ကြောင်သိရသည်။
ထို့ အပြင် စစ်တွေမြို့ နယ်တရားရုံးတွင်လည်း အေအေ နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁၃ ဦးအားလည်း ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော် အေအေ နှင့် ဆက်သွယ်မှုဖြင့် ကျောက်တော် မြို့နယ် တရားရုံးတစ်ခုတည်းမှ ထောင်ဒဏ် ချမှတ်ခံရသူ စုစုပေါင်း ၃၈ ဦးရှိသွားပြီဟု သိရသည်။ ထောင်ချခံရသူများမှာ မတ်လ ၁၆ ရက်နေ့ က ၂ ဦး၊ မတ်လ ၃၀ ရက်နေ့ က ၁၂ ဦး၊ မတ်လ ၃၁ ရက်နေ့ က ၁၁ ဦး၊ ဧပြီလ ၄ ရက်နေ့ က ၆ ဦး၊ ဧပြီလ ၆ ရက်နေ့ က ၆ ဦး နှင့်ဧပြီလ ၇ ရက် ၁ဦး ဖြစ်သည်။
No comments:
Post a Comment