Wednesday, April 27, 2016

ပုသိမ်ကြီးမြို့နယ်ရှိ ရွှေလီနန်း ပီနံစက်ရုံမှ အလုပ်သမား ၅၀ ဆန္ဒပြ

အောင်ကိုဦး

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ သစ်ချိုကုန်းကျေးရွာရှိ ရွှေလီနန်း ပီနံစက်ရုံမှ အလုပ်သမား ၅၀ ခန့်သည် ဧပြီ၂၃ ရက်၊နေ့လည် ၁၂ နာရီက အဆိုပါစက်ရုံရှေ့တွင် ဆန္ဒပြလျှက်ရှိသည်။ ထိုသို့ဆန္ဒပြရခြင်းသည် အလုပ်ရှင်အလုပ်သမားချုပ်ဆိုထားသော သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်မှချိုးဖောက်နေခြင်းကြောင့်ဖြစ်ဟု ဆန္ဒပြအလုပ်သမားများကဆိုသည်။

 သဘောတူစာချုပ်တွင် အလုပ်ချိန် ၈ နာရီ၊လုပ်အားခ ၃၆၀၀ ကျပ်ပေးမည်ဟုပါရှိသော်လည်း အမှန်တကယ်လုပ်နေရခြင်းသည် ၁၀ နာရီအထိဖြစ်ပြီး လုပ်အားခကိုလည်း ၂၀၀၀ သာပေးခဲ့သည်ဟု ဆန္ဒပြနေသော အလုပ်သမားများကဆိုသည်။ "သမီးတို့လုပ်နေရတာအဆင်မပြေဘူး။နေမကောင်းလည်းမနားရဘူး။လုပ်သက်ခွင့်ဆိုတာလည်းမရှိဘူး။မခံနိုင်တော့လို့ အခုလို တောင်းဆိုဆန္ဒပြနေတာပါ။ "ဟု မအေးစန္ဒာအောင်က ပြောသည်။ ဆက်လက်၍ မအေးစန္ဒာအောင်မှ "သမီးတို့ကို အလုပ်ချိန်ပိုခိုင်း၊လုပ်ခလျှော့တဲ့အပြင် အိတ်အရေအတွက်လည်းပိုထုတ်ခိုင်းတယ်။"ဟု ပြောသည်။

 ဆန္ဒပြလုပ်သားများအနေဖြင့် ညှိုနှိုင်းမှုကိုသာလိုအပ်ပြီး အဆင်မပြေပါက ဥပဒေဘောင်အတွင်းမှဆက်လက်တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံသို့ဝင်ရောက်မေးမြန်ရာ ဖြေမည့်သူမရှိကြောင်း စာရေးမကဆိုသည်။

No comments: