မျိုးသူအောင်
ပြည်သူအတွက်ဆောင်ရွက်ပေးနိုင်သည့် ပြည်သူဗဟိုပြုအစိုးရဖြစ်အောင်ကြိုးပမ်းသွားမည် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ဧပြီ ၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ပထမပုံမှန်အစည်းဝေး နောက်ဆုံး နေ့က လွှတ်တော်အစည်းဝေးအပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က ယ ခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
" ရုံးတစ်ရုံး ဓါးတစ်စင်း အမိန့်တစ်မိန့်နဲ့ အုပ်ချုပ် ဆောင်ရွက်မယ့် အစိုးရမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတိုင်းဟာ ပြည်သူကို ဗဟို ပြုမယ် ပြည်သူ့အတွက် ဆောင်ရွက်ပေးနိုင်မယ့် အစိုးရမျိုး ဖြစ်စေချင်တယ်။ ဒီအစိုးရရဲ့ ဆောင်ရွက်ချက် က လည်း လူထုအပေါ်မှာ အရိပ်တစ်ခု မဖြစ်နေစေချင်ဘူး" ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်သူလူအနေဖြင့် အစိုးရကိုကြောက်၍ လိုက်ပါဆောင်ရွက်ရသည့် ပုံစံမျိုး မဖြစ်အောင် ကြိုးစားသွားမည်ဟု ၎င်းကဆိုသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေဖြင့် ယခုကဲ့သို့ ပြောကြားခဲ့သည့်အပေါ် မူအားဖြင့် ကြိုဆိုသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်မပြည့်ဝပါက အောင်မြင်မည် မဟုတ်ကြောင်း တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။
" ပြည်သူ ဗဟိုပြု လုပ်ငန်းတွေဆောင်ရွက်ပါမယ်၊ပြည်သူဗဟိုပြု စီမံကိန်းတွေကို ဆောင်ရွက်ပါမယ်လို့ ပြော ပြီးတော့ တကယ်လက်တွေ့မှာ အကောင်အထည်ဖော်တဲ့အဖွဲ့အစည်းတွေက စွမ်းဆောင်ရည် မပြည့်ဘူးဆိုရင် ၊ အောက်ခြေမှာ ခြစားမှုတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင် ဗဟိုချုပ်ကိုင်မှုတွေများနေမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူးပေါ့လေ"ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း ပြည်သူဗဟိုပြုသည့်စနစ်ကို ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှု များခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် လုပ်ပိုင်ခွင့် အကန့်အသတ်ဖြင့်သာရှိခြင်း စွမ်းဆောင်ရည်မပြည့်ဝခြင်းတို့ကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း ၎င်းကထောက်ပြပြောဆိုသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း ၊နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး တင်အောင်ထွန်း ၊ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင် ၊ ကရင်တိုင်းရင်းသားဝန်ကြီး အဖြစ် နော်ပန်းသဉ္ဇာမျိုး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ်ဦးမြင့်သောင်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေးသစ်တောနှင့် စွမ်းအင်ဝန်ကြီးအဖြစ် ဦးဟံထွန်း ၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အဖြစ် ဒေါ်နီလာကျော် ၊စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဒေါက်တာမောင်မောင်စိုး ၊ လူမှုရေးဝန်ကြီးအဖြစ် ဦးနိုင်ငံလင်း၊ဥပဒေချုပ်အဖြစ် ဦးဟန်ထူး၊စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်သန်းလှ တို့က တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။
No comments:
Post a Comment