Tuesday, April 12, 2016

ထိုင်းနိုင်ငံရှိအလုပ်သမားများ ဗီဇာသက်တမ်းရှိသူရောမရှိသူပါ ၀န်ကြီးချုပ် အိမ်ပြန်ခွင့်ပေး

DVB


ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သင်္ကြန်ကာလအတွင်း ဗီဇာသက်တမ်းကုန်ရင်လည်း အိမ်ပြန်ခွင့်ပြုကြောင်း ၀န်ကြီးချုပ်က ဧပြီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ အမိန့်တခု ထုတ်ပြန်ထား ပါတယ်။

ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပန်းရောင်ဘတ်ရှိတဲ့ မည်သည့် အလုပ်သမားမဆို၊ သက်တမ်းကုန်သည်ဖြစ်စေ၊ မကုန်သေးသူဖြစ်စေ၊ ပတ်စ်ပို့၊ ယာယီပတ်စ်ပို့၊ စီအိုင် အစရှိတဲ့စာရွက်စာတမ်းကိုင်ဆောင်သူများ ဗီဇာကုန်သွားသူဖြစ်စေ၊ ဗီဇာသက်တမ်း ရှိသေးသူဖြစ်စေ နယ်စပ်ဂိတ်တွေမှာ မည်သည့်အခကြေးငွေမှပေးစရာမလိုပဲ မိမိနိုင်ငံကို ပြန်ခွင့်ပြုကြောင်း ပါရှိပါတယ်။

ဒါ့အပြင် အပြန်မှာလည်း နယ်စပ်ဂိတ်ကနေ အထောက်အထားတခုခု စီစဉ်ပေးပြီး တံဆိပ်တုံးထု တာမျိုး လုပ်ပေးမှာဖြစ်ပြီး ငွေကြေးတစုံတရာ လုံးဝ လုံးဝ ပေးစရာမလိုကြောင်း စာပါပါရှိပါတယ်။
ဒီလိုသွားလာခွင့်ကို ဧပြီလ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်းမှာသာ ခွင့်ပြုထားပြီး ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ထိုင်းနိုင်ငံထဲက မိမိအလုပ်လုပ်နေရာ ခရိုင်ဒေသတွေဆီကို ပြန်လည်ရောက်ရှိရ မှာဖြစ်ပါတယ်။

ဒီခွင့်ပြုချက်နဲ့ အိမ်ပြန်သူများကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မည်သည့်အကြောင်းနဲ့မှ ငွေညှစ်တာတွေမလုပ်ဖို့ ဒီအမိန့်စာထဲမှာ ပြောထားပါတယ်။

No comments: