Wednesday, April 27, 2016

တရုတ်-မြန်မာ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကြောင့်လယ်မြေဆုံးရှုံးရသည့် ငဖဲမြို့နယ်တောင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ

တင်ရွှေ-ဒေါင်းလူ

ငဖဲမြို့နယ်တွင် တရုတ်-မြန်မာသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းခြင်းကြောင့် တောင်ပြို မြေပိ၍ မြောင်းများ ပျက်စီးသွားကာ လယ်ယာမြေ မစိုက်ပျိုးနိင်သော တောင်သူများနှင့် မကွေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် ဧပြီ ၂၄ရက်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ် ဇင်ပြွန်းအုပ်စု အထက်ကွင်းလယ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တောင်သူများဘက်မှ အချက်နှစ်ချက်ကို အဓိကထားတင်ပြဆွေးနွေးကြောင်း၊ စိုက်ပျိုးချိန်အမှီ ရေရရှိရန်နှင့်တရုတ် မြန်မာဓါတ် ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့်အချိန် လယ်ယာမြေများ မြေပြိုမြေပိ ပျက်ဆီးသွားသည့်အတွက် မြေယာနှင့်သီးနှံလျော်ကြေးကို ၂၀၁၂ ခုနှစ်သာပေးပြီး ၂၀၁၃၊ ၂၀၁၄နှစ်များအတွက် မရသေး၍ လျော်ကြေးလိုချင်သည်ဟုတောင်းဆိုကြောင်း ငဖဲမြို့နယ် မကွေးတိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်က ပြောသည်။

"အဓိက ကျွန်တော်တို့က ဂုတ်ချောင်းကိုပိတ်ပြီး မြေသားတမံနဲ့ ပေးနေတဲ့ ရေမြောင်းတွေ ရေပြန်ရရှိဖို့၊ ရေရရှိမှ ဒီနယ်ဘက်က တောင် သူတွေ လယ်ပြန်စိုက်နိင်မယ် ဒါကြောင့် အဓိကပေး ဦးစား လုပ်ဆောင်ပေးပါမယ်၊လယ်ယာမြေလျော်ကြေးကတော့ တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြပါ့မယ်"ဟု၎င်းကပြောသည်။

ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ တောင်သူဦးကောက်ရက "ကျွန်တော်တို့နယ်ဘက်က ကျေးရွာ ၁၄ရွာက တောင်သူ၆၀လောက်က ဂုတ်ချောင်းကို အမှီပြု မြေသားတမံလုပ်ပြီး တောင်ပေါ်ရေကို အသုံးချပြီး လယ်ယာစိုက်ပျိုးကြတာပါ၊ ၂၀၁၂ခုနှစ်က သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖောက်တော့ တောင်တွေပြို မြေတွေပိပြီး မြောင်းတွေပိတ်ဆို့ကုန်တော့ ဒီနေ့အထိ လယ်မစိုက်နိင်တော့ပါဘူး၊ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဒီမှာဆွေးနွေး တင်ပြကြတာပါ၊ လွှတ်တော် ကိုယ်စားလှယ်တွေက လက်တွေ့ကွင်းဆင်းကြည့်တယ်၊ ဒီနှစ်တော့ မိုးမကျမှီ မြောင်း တွေပြန်လုပ်ဆောင်ပေးမယ်လို့ တော့ မျှော်လင့်နေပါတယ်"ဟု ပြောသည်။

No comments: