Thursday, April 28, 2016
လက်ဆောင်ပေးလျှင်၊ ငြင်းဖို့သာပြင်ကြပေရော့
(၁) ပြီးခဲ့သော နှစ်သစ်ကူးသင်္ကြန်တွင် ထူးခြားသော လက်ဆောင်ထုပ်များပေးသည့် ဖြစ်ရပ်တခု နေပြည်တော်တွင် ဖြစ်ပွားခဲ့သည်။ ယင်းလက်ဆောင်ထုပ်ကို ပေးသူမှာ မီဒီယာကြီးတခု ဖြစ်ပြီး လက်ဆောင်ထုပ်ရရှိသူမှာ ဒုသမ္မတဗန်ထီးယူ၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။ လက်ဆောင်ထုပ် ထဲတွင် ကျပ်ငွေ သိန်းငါးဆယ် ပါဝင်သည်တဲ့။
(၂) အစိုးရသစ်တက်လာပြီး မကြာခင်ပင် လက်ဆောင်ပစ္စည်းနှင့် ပတ်သက်သော ကြေညာချက် တခု ထွက်ပေါ်လာရာတွင် ကျပ် နှစ်သောင်းငါးထောင်ထက် မပိုသော ပစ္စည်းကိုသာ လက်ခံနိုင် သည်ဟု ဆိုထားသည်။ ယခု ပေးသော လက်ဆောင်ထုပ်တွင် ကျပ်သိန်းငါးဆယ်ကို ထည့်သွင်း ထားရာ အဆ နှစ်ရာ ဖြစ်နေသည်။
(၃) မီဒီယာကြီး၏ လက်ဆောင်ပေးမှုသည် သတ်မှတ်ထားသော နှုန်းထက် များစွာ ပိုလွန်နေသဖြင့် သတိပေး ပညာပေးခဲ့ရသည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ မည်ကဲ့သို့ပညာပေး သလဲတော့ အတိအကျ မဖော်ပြထားပါ။ ဂဏန်းသင်္ချာတွက်နည်းကို သေသေချာချာ သင်ပြပေးဖို့တော့ လိုသည်ဟု မိတ်ဆွေတယောက်က ပြောပါသည်။ အဆနှစ်ရာ ဆိုသည်မှာ မသိနားမလည် သောကြောင့် ပေးမိခြင်း မဟုတ်ဘဲ အသေအချာတွက်ချက်ပြီးမှ ပေးခြင်းလည်း မဖြစ်နိုင်ဘူးလား။
(၄) လက်ဆောင်ပေးခြင်းကို ဧပြီလ ၁၆ ရက်နေ့မှာ ထို မီဒီယာကြီး၏ မဏ္ဍပ်၌ ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်သော ရှင်းလင်းချက်ကို သမ္မတရုံးက ထုတ်ပြန်သည်မှာ ဧပြီ လ ၂၀ ရက်နေ့တွင် ဖြစ်ရာ လေးရက်ကြာသည်။ ညှိညှိနှိုင်းနှိုင်း ရှင်းလင်းခဲ့ရပြီး ချင့်ချင့်ချိန်ချိန် ထုတ်ပြန်ထားချက်ဟု နားလည်ရသည်။
(၅) လက်ဆောင်ပေးသော အဖွဲ့ကို နာမည်အတိအကျပြော၍ ရပါလျက် (မပြောသော်လည်း တတိုင်းပြည်လုံး သိနေတဲ့ မီဒီယာကြီးပါ) မပြောဘဲ “ မီဒီယာကြီးတခု” ဟုသာ သုံးနှုန်းထားသည်။ (လျှော့ပေါ့ပေးလိုက်သည့် သဘော ဖြစ်မည်) ထိုအခါ အခြား မီဒီယာကြီးတခုက နာမည် အတိအကျ မထည့်ခြင်းမှာ မီဒီယာလောကတခုလုံးကို ထိခိုက်စေပါသည်ဟု ဝေဖန်သည်။
(၆) အစိုးရ သစ် ကတော့ မျက်နှာမပျက်စေချင်တာပဲ ဖြစ်မည်။ မည်သို့ဖြစ်စေ လက်ဆောင်ထုပ် ပေးသော ယင်းမီဒီယာကြီးသည်ကား မူလနာမည် ပျောက်ကောင်း ပျောက်သွားနိုင်သည်။ “မီဒီယာကြီး” ဟူသော အမည်သစ်ကို ကင်ပွန်းတပ်ပေးလိုက်သလို ဖြစ်ကောင်း ဖြစ်သွားမည်။ လက်ဆောင်ထုပ်ပေးရကျိုး နပ်သွားသည်ဟု ယူဆနိုင်သည်။
(၇) လက်ဆောင်ထုပ်ပေးခြင်းမှာ စေတနာနှင့် ပေးခြင်း ဖြစ်သည်ဟု သမ္မတရုံးက ထုတ်ပြန်ချက် တွင် ဖော်ပြထားခြင်းမှာ ပေးရကျိုးနပ်သည်ဟု ယူဆနိုင်စရာ အကြောင်းတခုဖြစ်ပါသည်။ ထို့ပြင် အလဟဿ လည်းမဖြစ်။ ရေအခက်အခဲဖြစ်နေသူများအတွက် အလှူဒါန ဖြစ်သွားသည်။ အကျိုးရှိရှိ မလှူတတ်သောသူများအတွက် အတုယူစရာ ဖြစ်နိုင်သည်။ ပညာလည်း ရ၏။ ဒါနလည်း မြောက်၏။ အမည်သစ်လည်း ရ၏။ ကျော်စောသတင်းလည်း ပျံ့ နှံ့၏။ ဘာလိုသေးလဲ။
(၈) လာဘ်ပေးလာဘ်ယူမှုတွင် လက်ဆောင်ပေးခြင်းနည်းသာမက အလှူဒါနပြုခြင်းနည်းလည်း ပါဝင်နေသည်ဟု လာဘ်ပေးလာဘ်ယူခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆိုသည်။ (စပွန်ဆာ ပေးတာ၊ လက်ဖွဲ့ပစ္စည်းပေးတာတွေလည်း ပါသည်) တခေတ်တခါ ကတော့ နာမည်ကြီး ဘုရားတန်ဆောင်းများ တည်ဆောင်ပြုပြင်ရေးအတွက် သိန်းငါးဆယ်၊ သိန်းငါးရာ စသဖြင့် အလှူပါဝင်သော လုပ်ငန်းရှင်ကြီးတွေ၏ ရုပ်ပုံကို အာဏာပိုင်ပုဂ္ဂိုလ်ကြီးများနှင့် တွဲပြီး နိုင်ငံပိုင် သတင်းစာ၊ နိုင်ငံပိုင် ရုပ်မြင်သံကြားတို့တွင် နိစ္စဓူဝ တွေ့မြင်နေရသည်။ အလှူရေစက် လက်နှင့်မကွာသော လုပ်ငန်းရှင်ကြီးများသည် ကျိကျိတက်ချမ်းသာသွားကြသည်။ ပြည်သူ လူထုကတော့ “ မလှူ၍ မရှိ” သည့် ဆင်းရဲသားများအဖြစ်သာ ချာချာလည်နေခဲ့သည်။
(၉) စာရေးဆရာကြီးတိုက်စိုးက လာဘ်ပေးခြင်းနှင့် ကင်းနိုင်ခဲသည့်အကြောင်းကို ပြောပြဖူးသည်။ ကျောင်းသားတယောက်က သီတင်းကျွတ်ကာလတွင် “လက်ဆောင်ခြင်း”တခုဖြင့် လာရောက် ကန်တော့သည်။ ဆရာကြီးမှာ ဆရာကန်တော့ခြင်းဟူသော မြန်မာ့ဓလေ့ကို ငြင်းပယ်ရန် “အားနာ” လေရာ လက်ဆောင်ခြင်းကို လက်ခံလိုက်ရသည်။ ကန်တော့ခြင်းကိစ္စပြီးသည့်နောက်မှ ထိုကျောင်းသားက မဟာဝိဇ္ဇာဘွဲ့ ယူ စာတန်းကိုလည်း အဆင်ပြေအောင် စစ်ဆေးပေးရန် ပြော သည်ဟူ၏။ ဆရာကြီးတိုက်စိုးမှာ ထိုအချိန်က မဟာဝိဇ္ဇာစာတန်းများကို ပြင်ပစာစစ် အဖြစ် စစ်ဆေးပေးနေသူ ဖြစ်သည်။ မြန်မာ့နည်းမြန်မာ့ဟန် လာဘ်ပေးလာဘ်ယူနည်းမှာ ငြင်းပယ်ရန် တော်တော်ခက်သည်ဟု ဆရာကြီးက ညည်းပါသည်။
(၁၀) နော်ဝေတွင်နေသော မိတ်ဆွေတယောက်က ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်သည့်အခါ သူ့သမီးကိုလည်း ခေါ်လာသည်။ သမီးက သူ့အတန်းပိုင်ဆရာမကို ထိုင်းနိုင်ငံမှ မည်သည့်ပစ္စည်း အလိုရှိပါသလဲ၊ ၀ယ်ခဲ့ပေးပါမည်ဟုပြောရာ ဆရာမက တော်တော်စိတ်ဆိုးသည်ဟု ဆိုသည်။ သူ့အတွက် မည်သည့်ပစ္စည်းမှ ၀ယ်လာစရာ မလိုကြောင်းလည်း ပြောသည်ဟု ဆိုသည်။ တပည့်က ဆရာကို လက်ဆောင်ပေးခြင်းမှာ လာဘ်ပေးခြင်းတမျိုးဖြစ်သည်ဟု သတ်မှတ်ထား သဖြင့် စိတ်ဆိုးခြင်းဖြစ်သည်ဟု မိတ်ဆွေက ရှင်းပြသည်။ မြန်မာတွေလို အားနာနာနှင့် လက်ခံ လိုက်လျှင် ထိုဆရာမ အလုပ်ပြုတ်ကောင်းပြုတ်မည်။ သို့မဟုတ် အမည်ပျက်စာရင်းဝင်နိုင်သည်။
(၁၁) ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ဆရာကန်တော့ပွဲ ဆိုသည်မှာ လာဘ်ထိုးခြင်းသာ ဖြစ်သည်ဟု ကောက်ချက်ချဖူးသည်။ ထိုဆရာကြီးနှစ်ဦးမှာ ကွယ်လွန်သွားလေပြီ။ အစိုးရသစ် ၏ လက်ဆောင်ယူခြင်းဆိုင်ရာကြေညာချက်ကို ဖတ်ရလျှင် ဆရာကန်တော့ပွဲတွေကိုလည်း ယင်းကန့်  သတ်ချက်ထဲ အကျုံးဝင်အောင် ဆရာကြီးများ တိုက်တွန်းကောင်း တိုက်တွန်းကြပေမည်။
(၁၂) Transparency International အဖွဲ့ကြီးက ၂၀၁၅ တွင် ထုတ်ပြန်သည့် လာဘ်ပေး လာဘ်ယူ အကျင့်ပျက်ခြစားခြင်း အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို အဆင့်သတ်မှတ် ဖော်ပြထားရာ မြန်မာသည် အဆင့် ၁၄၇ ဖြစ်နေသည်။ (အာဆီယံနိုင်ငံများအနက် ကမ်ဗောဒီယား က အဆင့် ၁၅၀)။ မြန်မာထက် ဆိုးသည့်နိုင်ငံက ၂၀ ၀န်းကျင်သာ ရှိသည်။
(၁၃) အကျင့်ပျက်မှု (Corruption) သည် ပြည့်တန်ဆာအလုပ်ထက်ပို ဆိုးကြောင်း၊ ပြည့်တန်ဆာ အလုပ်သည် လူတယောက်တည်း၏ ကိုယ်ကျင့်တရားကိုသာ ပျက်စီးစေပြီး အကျင့်ပျက်ခြင်း ကတော့ နိုင်ငံတခုလုံး၏ ကိုယ်ကျင့် တရားကို ပျက်စီးစေကြောင်း ပညာရှင်တဦးက ဆိုသည်။ အကျင့်ပျက်မှုတိုင်း လာဘ်ပေးလာဘ်ယူမှု မဟုတ်သော်လည်း လာဘ်ပေးလာဘ်ယူမှု တိုင်းက တော့ အကျင့်ပျက်မှု ဖြစ်သည်ဟု ဆိုသည်။
(၁၄) လာဘ်ပေးခြင်းဆိုသည်မှာ မိမိကို အထင်သေး၍ ပေးခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဖူးသည်။ “မီဒီယာကြီး”က လက်ဆောင်ပေးသလိုမျိုး အခြားအခြားသော လုပ်ငန်းရှင်များက အစိုးရသစ်၏ အရာရှိမင်းများအား ပေးလာလျှင် သာဓုမခေါ်မိဖို့လိုပါမည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment