DVB
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ပေးအပ်ခံရသူတွေဟာ ပြည်သူ့အကျိုး စီးပွားအတွက် အကာအကွယ်ပေးဖို့သာဖြစ်ပြီး ဖိနှိပ်ဖို့မဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်တာပါ။
ဧပြီ ၈ ရက် မနက်ပိုင်းက အ.ထ.က (၁) တာမွေမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့တွေ့ဆုံပွဲမှာ တာမွေမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အခုလို ပြောဆိုခဲ့တာပါ။
“ဒီအုပ်ချုပ်ရေးစနစ်သည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၊ ဗျူရိုကရေစီအုပ်ချုပ်ရေး စနစ်မဟုတ်ဘူး။ ပြည်သူလူထုကို ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့၊ ငြိမ်ဝပ်ပိပြားသွားအောင်လုပ်ဖို့ မဟုတ်ဘူး။ ပြည်သူလူထုကို မိဘပြည်သူလို သဘောထားပြီးတော့၊ တလေးတစားနဲ့ ခုနက နိုင်ငံ့ဝန်ထမ်းတာဝန် ၁၂ ရပ်မှာပါတဲ့အညီ ပြည်သူကိုလေးစားပြီးတော့ လုပ်ရမယ်။”
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေသာမက တရားစီရင်ရေးနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကလည်း လုပ်ငန်းတွေကို ဥပဒေအတိုင်းသာ ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်သူကိုခြိမ်းခြောက်တာ၊ ဖိအားပေးတာမျိုး မလုပ်သင့်ဘူးလို့လည်း ဦးဝင်းမြင့်က ဆက်ပြောပါတယ်။
“နိုင်ငံသားတယောက် မဟုတ်မမှန်ဘဲနဲ့ အပြစ်ပေးခံရတယ်ဆိုရင် ဟုတ်မှန်ပြီး အပြစ်လွတ်သွားတဲ့ လူ ၁၀၀ ထက်၊ မဟုတ်မမှန်ဘဲ အပြစ်ပေးခံရတဲ့ လူ ၁ ယောက်က ပိုပြီး တန်ဖိုးရှိပါတယ်။ ဒါကိုကျနော်တို့ နည်းနည်းလေး အကျဉ်းချုပ်ပြောခြင်း ဖြစ်ပါတယ်။ ထို့အတူပဲ တရားစွဲတဲ့အခါမှာ တရားရုံးတွေအနေနဲ့ သက်သေခံခိုင်ခိုင်လုံလုံ တင်ပြနိုင်မှ အမှုကို မြို့နယ်တရားသူကြီးတွေအနေနဲ့ ဆုံးဖြတ်ပေးစေချင်ပါတယ်။”
အဲ့ဒီတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အခြားသောဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေကိုလည်း အဂတိလိုက်စားရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတိပေးစကားပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment