Monday, June 27, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်စီအေလက်မှတ်ထိုးတိုင်းရင်းသားအဖွဲ့ မနက်ဖြန်တွေ့မည်

နော်နိုရင်း


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင် တွေ မနက်ဖြန် ၂၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

မနက်ဖြန် ၁၀ နာရီ နေပြည်တော်မှာ အန်စီအေ လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင် ၈ ဦးနဲ့ ပထမဆုံးအကြိမ် နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရင်းနှီးမှု၊ ယုံကြည်မှုရရှိဖို့ ကိုသာ အဓိကထားမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

“ဒါပထမအကြိမ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို နိုင်ငံတော်အကြီးအကဲအနေနဲ့ တရားဝင် တွေ့ဆုံတာဖြစ်တဲ့အတွက် ဒီပေါ်မှာ ပိုရင်းနှီးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ယုံကြည်မှု တည်ဆောက်ဖို့အတွက် ပဏာမ အစည်းအဝေးဖြစ်တာပေါ့။ အဲဒါကိုပဲ ဦးစားပေးပြီးတော့ ဆွေးနွေးသွားမှာဖြစ်တယ်။ ဆွေးနွေးချိန်ကလည်း ၂ နာရီ ပတ်ဝန်းကျင်လောက်ရတယ်ဆိုတော့ အကြိတ်အနယ် အပြန်အလှန်ဆွေးနွေးရမယ့်ခေါင်းစဉ်ကတော့ ပါနိုင်မှာမဟုတ်ဘူး။ သို့သော် လည်း လတ်တလောရှိနေတဲ့ အန်စီအေစာချုပ်အတိုင်း ဆက်လုပ်သွားဖို့နဲ့ ၂၁ ရာစုပင်လုံကို လည်းပဲ ကျနော်တို့ အားလုံးပူးပေါင်းပါဝင်သွားဖို့၊ အားလုံးစုံညီအောင်လုပ်သွားဖို့ ဆွေးနွေးမှုမျိုး ကို အဓိက တွေ့ဆုံမှာပါ။”

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအဖွဲ့ဟာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် ပေါ်လစီကိုက်လိုင်းတွေပေးဖို့ စုဖွဲ့ထား တာဖြစ်ပြီး အဖွဲ့ ၈ ဖွဲ့ရဲ့ ခေါင်းဆောင် တဦးစီအာလုံး ၈ ဦးပါဝင်ဖွဲ့စည်းထာပါတယ်။

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ပွဲမှာ PPST အနေနဲ့ တွေ့ဆုံတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အပစ်မရပ်သေးတဲ့ လက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်းက စာရေးပေး ပို့ထားပြီး ဘယ်နေ့တွေ့ဆုံမလဲဆိုတာကို မသိရသေးပါဘူး။

No comments: