စံမောင်သန်း၊ရန်ကုန်
ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြသည့် စစ်ဘေးရှောင် ဒုက္ခသည်စခန်း ငါးခုထဲမှ နှစ် ခုမှာ စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရသည့် အခြေအနေ ရှိနေသေးသည်ဟု သိရသည်။
၎င်းစခန်းနှစ်ခုမှာ ရသေ့တောင်မြို့နယ် ပဲသဒူနဲ့ ရေစိုးချောင်း ဒုက္ခသည် စခန်းများဖြစ်ကြောင်း ယင်းဒုက္ခသည် စခန်းများသို့ ဇူလိုင်လ ၂၃ ရက်နေ့က သွားရောက်အကူအညီ ပေးခဲ့သူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“ရသေ့တောင်မြို့နယ်က ကျောက်တန်း၊ ပဲသဒူ၊ ရေစိုးချောင်းနဲ့ ရေကောင်းချောင်းရယ်၊ နောက်ပြီးတော့ ဘူးသီးတောင်မြို့နယ်က စည်တောင်ဆိုတဲ့ ဒုက္ခသည် စခန်းရယ်၊ နေရာ ငါးခုကို ကျနော်တို့ အကူအညီ သွားပေးခဲ့ပါတယ်။ အဲ့ဒီ ဒုက္ခသည်စခန်း ငါးခု ထဲက သုံးခုကတော့ စားနပ်ရိက္ခာအခြေအနေ ပုံမှန်အနေအထား တွေ့ခဲ့ရပေမယ့် ပဲသဒူနဲ့ ရေစိုးချောင်း ဒုက္ခသည် စခန်းတွေမှာတော့ အခက်အခဲရှိနေတာကို တွေ့ရှိ ခဲ့ရပါတယ်” ဟု ပြောသည်။
ဒုက္ခသည်စခန်းများသို့ တစ်အိမ်ထောင်ကို ဆန် ၂ နှစ်တောင်းမှ ၃ တောင်းနှုန်းဖြင့် ဆန်အိတ် ၁၅၀ ကို အကူအညီပေးခဲ့ခြင်းဖြစ်သည်။ ၎င်းဆန်များကို အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဦးစန္ဒမဏိကျောင်းသားများ ကျောင်းသာရေးနာရေး အသင်းနှင့် ရခိုင်အသင်း (စင်္ကာပူ)တို့မှ ၀ံလက် ဖောင်ဒေရှင်းမှ တစ်ဆင့် လှူဒါန်းသည်ဟု သိရသည်။
၎င်း ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များကို အမိုးအကာ လုံခြုံမှုအောက်၌ တွေ့မြင်ခဲ့ရကြောင်း၊ သာမန် နေမကောင်းဖြစ်မှုများရှိနေသော်လည်း အနီးအနားရှိ ဆေးခန်းများတွင် ဆေးကုသမှုများကို ခံယူနေကြရ၍ အဆင်ပြေနေကြကြောင်း သိရသည်။
မိုးရာသီတွင် အလှူရှင်များနည်းပါး၍ စားနပ်ရိက္ခာမလုံလောက်သည့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များသည် အနီးအနားတောစပ်များမှ ထင်းခွေ၊ ၀ါးခုတ်ခြင်းနှင့် ချောင်းများမှ ငါးရှာခြင်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြရသည်ဟု ဆိုသည်။
တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့တို့တွင် ဖွင့်လှစ်ထားသော ယာယီ ဒုက္ခသည် စခန်းများတွင် နေထိုင်သူ အရပ်သား ၂၀၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။
No comments:
Post a Comment