Thursday, July 28, 2016

မြန်မာ့စာတိုက်လုပ်ငန်းမှ ခေတ်နှင့်လျော်ညီသည့် ၀န်ဆောင်မှုများ ပေးမည်

ပိုင်စိုး


ကိုယ်ရေးကိုယ်တာကိစ္စနဲ့ စာပေးပို့တာ နည်းလာတဲ့နောက်ပိုင်း စာတိုက်လုပ်ငန်းကနေ ခေတ်နဲ့ညီတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ တိုင်းဒေသကြီးမန်နေဂျာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲတာ မြင့်တက်လာပြီး စာနဲ့ရေးသားပေးပို့တာ မရှိသလောက် ဖြစ်လာတယ်လို့ မြန်မာ့စာတိုက်လုပ်ငန်းက ပြောပါတယ်။

ဒါကြောင့် စာတိုက်အနေနဲ့ ဝန်ဆောင်မှုတွေကို တိုးချဲ့လုပ်ကိုင်နေတာမှာ အခုတော့ အွန်လိုင်းရှော့ပင်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်လာပြီ ဖြစ်ပါတယ်။

“အွန်လိုင်းရှော့ပင်းတွေကို အခု ၃၀ လောက် ကျနော်တို့ ထိတွေ့နေပြီ။ အဲဒီထဲမှာမှ အခု ၂၀ လောက်က နေ့စဉ် စာတိုက်ကို ချောပစ္စည်းတွေ ပို့နေကြတယ်။ ရောင်းတဲ့သူက ငွေရမှ ပစ္စည်းအပ်ချင်တယ်။ ၀ယ်တဲ့သူက ပစ္စည်းရမှ ငွေချေချင်တယ်။ အဲဒီတော့ ရောင်းသူနဲ့ ၀ယ်သူကြားမှာ အမြဲအဆင်မပြေတဲ့ကိစ္စတွေကို ကျနော်တို့ မြန်မာ့စာတိုက်က Cash on Delivery ဆိုတဲ့ Service ပေါ့နော်။ ပေးဝေစဉ်မှာ ကျသင့်တန်ဖိုးကို ငွေပြန်ကောက်ပေးတဲ့စနစ်ပေါ့။ မြန်မာ့စာပို့တိုက်ရဲ့ ၀န်ဆောင်မှုတခုပေါ့။ စာတိုက်မှ ကောက်ခံတဲ့ စာပို့ခနှုန်းထားတွေက ခရီးအကွာအဝေးပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်ထားတာ မဟုတ်ဘူး။ အလေးချိန်ပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတာ။ အဲဒီတော့ အနည်းဆုံး အမြန်ချောဆိုရင် Half Kilogram မှ ၅၀၀ ပဲကျတယ်။ နောက်ပိုင်းကျတဲ့အခါမှာ တဖြည်းဖြည်းနဲ့ တက်သွားပြီးတော့ Meximum 30 kg အထိပို့ လို့ရတယ်။ 30 kg မှ တသောင်းပဲကျတယ်” လို့ မြန်မာ့စာတိုက်လုပ်ငန်း ရန်ကုန်တိုင်းဒေသကြီးမန်နေဂျာ ဦးသောင်းနိုင်စိုးက ပြောပါတယ်။

စာတိုက်လုပ်ငန်းအနေနဲ့ ပုံမှန်ဖောက်သည်တွေအတွက် ဝန်ဆောင်မှုတွေ ပိုလုပ်ပေးနေပြီး စာတိုက်ကို ၁၁ နာရီမထိုးခင် ပါဆယ်တခုခု ပို့နိုင်မယ်ဆိုရင် ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်ထဲကို နေ့ချင်းပို့နိုင်မှာဖြစ်သလို ကျေးလက်နေပြည်သူတွေကို ဦးတည်တဲ့ ငွေလွှဲလုပ်ငန်းကို လက်ရှိအချိန်ထိ လုပ်ကိုင်နေတယ်လို့လည်း ဦးသောင်းနိုင်စိုးက ဆက်ပြောပါတယ်။

“ဘယ်ဘဏ် Private ဘဏ်တခုမှ အဲလောက်ပမာဏများတဲ့ ရုံးခွဲတွေကို မဖွင့်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာ့စာတိုက်ကတော့ ၇၈၀ ရှိတဲ့ စာတိုက်တွေမှာ ငွေလွှဲဝန်ဆောင်မှုတွေ ပေးတယ်။ အဲတော့ မြန်မာ့စာတိုက်ရဲ့ ရိုးရိုးငွေပို့တဲ့ လုပ်ငန်းပေါ့နော်။ ပြီးရင် အမြန်ငွေပို့လွှာ၊ အခုဆိုရင် Online Money Order ဆိုတာ စပြီး Announce လုပ်ပြီ။ အဲဒါကတော့ ပြည်နယ်တိုင်း ၁၄ ခု၊ နောက် နေပြည်တော်၊ ရှမ်းရှေ့၊ ရှမ်းမြောက်၊ ပဲခူးရှေ့၊ ပဲခူးနောက်ဆိုတော့ အားလုံး ၁၈ ခု ဖြစ်သွားတာပေါ့။ အဲဒီ ၁၈ ခုမှာ ကျနော်တို့ Online Money Order Service ကို ပေးနေပြီပေါ့နော်။ ပြီးသွားရင် @Post လို့ခေါ်တဲ့ ကိုယ်စားငွေကောက်ခံတဲ့ လုပ်ငန်းတွေ၊ အခုဆိုရင် @ Post ကို အသုံးပြုပြီးတော့ Mobile Top up ကတ်တွေ အကုန်ရောင်းလို့ရပြီ။ အွန်လိုင်းပေါ်မှာရောင်းနေတဲ့ Air Ticket တွေ၊ Bus Ticket တွေ ရောင်းလို့ရပြီ။ အွန်လိုင်းပေါ်မှာရောင်းနေတဲ့ လေယာဉ်လက်မှတ်ဆိုရင် ကျနော်တို့ မြန်မာ့လေကြောင်း လက်မှတ်လည်း ရန်ကုန်-မန္တလေး ရောင်းလို့ရပြီ။ ပြည်သူလူထုနဲ့ ကျနော်တို့ကြား ပေးပို့သူနဲ့ လက်ခံမယ့်သူ ကြားထဲမှာပေါ့နော် ကျနော်တို့ ဘယ်လို ဆားဗစ်တွေ ပေးလို့ရမလဲ။ ရရင် ကျနော်တို့ တိုးချဲ့ပြီး လုပ်သွားမယ်။”

ပြီးတော့ လူစည်ကားတဲ့နေရာတွေ၊ အခမ်းအနားတွေမှာ ရွေ့လျားစာတိုက်တွေဖွင့်ပြီး အမှတ်တရ ပို့စကတ်တွေ ပို့နိုင်အောင် လုပ်မယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းထဲမှာရှိတဲ့ မြို့နယ်စာတိုက်တွေမှာ နိုင်ငံခြားကို ပါဆယ်ပို့နိုင်သလို အိမ်အရောက်လာယူပေးတဲ့ ဝန်ဆောင်မှုလည်း ရှိတာပါ။

မကြာခင်မှာလည်း တံဆိပ်ခေါင်း စုဆောင်းသူတွေအတွက် ပြပွဲတခုလုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

No comments: