Kachinnews
ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပမည့် ‘မြန်မာ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ’ ကို မပြုလုပ်ရန် ရှမ်းပြည်နယ် အစိုးရ ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှ ဇူလိုင် (၂၅) ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆို လိုက်ပါသည်။
ဗမာ တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဒေါက်တာ အောင်သန်းမောင် ၏ ဇူလိုင် ၂၅ ရက် ကြေညာချက် အရ ပင်လုံမြို့ ကျောက်တိုင်ကွင်းတွင် ဇူလိုင် ၂၇ ရက်မှ ၃၁ ရက်ထိ ကျင်းပမည့် ‘မြန်မာနိုင်ငံလုံး ဆိုင်ရာ တိုင်းသား လူငယ်များ ညီလာခံ’ ကို “ဆိုင်းငံ့ထားရန်” ပြည်ထောင်စု အစိုးရရုံး၏ ညွှန်ကြားချက်အရ ရှမ်းပြည်နယ် အစိုးရအဖွဲမှ ဆိုင်းငံ့ထားကြောင်း ဖော်ပြပါရှိသည်။
ကြေညာချက်တွင် “ပြည်ထောင်စု အစိုးရရုံး၏ ၂၂-၇-၂၀၁၆ ရက်စွဲပါ စာအမှတ် ၆၁၁/ ၂၁၅ - ပြည်တွင်း ၁-၁၉-/ အဖရ (၂၀၁၆) ညွန်ကြားချက်အရ” တိုင်းရင်းသား လူငယ်များ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ (Coordinating Committee for Natonal Ethnic Youth Conference CCNEYC) မှ ဦးဆောင်ပြီး ပင်လုံမြို့ ကျောက်တိုင်ကွင်းတွင် “မြန်မာနိုင်ငံလုံး ဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ ပြုလုပ်ခွင့်နှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ် အား တွေ့ဆုံခွင့် တင်ပြလာမှုအား ဆိုင်းငံ့ထားပါကြောင်း” ဖော်ပြထားသည်။
ယခုညီလာခံအတွက် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာ ပင်လုံမြို့ အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှုး၊ ပင်လုံမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန နှင့် ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် ဂေါပကအဖွဲ့ တို့ အသီးသီးထံမှ ထောက်ခံ ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောသည်။
အစိုးရမှ ညီလာခံကို ဆိုင်းငံ့ထားရန် ညွန်ကြားထား သော်လည်း “ညီလာခံကို မူလ အစီစဉ်အတိုင်း ပြုလုပ်သွားမည် ဖြစ်ကြာင်း” ပင်လုံမြို့မှ ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောပါသည်။
ထို့အပြင် ညီလာခံ ဖြစ်မြောက်ရေးကော်မတီမှ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်အစိုးရ တို့ထံ ညီလာခံ ဆက်လက် လုပ်ဆောင်နိုင်ရန် စာဖြင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
၅ ရက်ကြာ ပင်လုံ လူငယ်ညီလာခံတွင် “ဖယ်ဒရယ်ပြည်ထောင်စု နှင့် ငြိမ်းချမ်ရေး” အကြောင်းကို အဓိက ဆွေးနွေးသွားမည် ဖြစ်ပါသည်။
လာမည့် သြဂုတ်လ ကုန်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးအောင်ပြုလုပ်မည့် ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ’ မစမီ ယခု ပင်လုံမြို့ လူငယ် ညီလာခံ ကျင်းပခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ တစ်ဝှမ်းမှ ဗမာ အပါအဝင် တိုင်းရင်းသား (၁၄)မျိုးမှ လူငယ် ကိုယ်စားလှယ် ၆၀၀ ကျော် သည် ယနေ့မှာ ပင်လုံမြို့သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။
No comments:
Post a Comment