မင်းကောင်းချစ်
တရုတ်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဘေကျင်းမြို့ကို ရောက်ရှိခဲ့ပြီး ၅ ရက်ကြာ လည်ပတ်ရေးခရီးစဉ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၉ ရက်နေ့က သတင်းထောက်များရဲ့ တွေ့ဆုံမေးမြန်းခြင်းကို လက်ခံဖြေကြားခဲ့ရာမှာတော့ သူမရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ သူမရဲ့ အကြီးမားဆုံးရည်မှန်းချက် ဖြစ်တယ်ဆိုတဲ့ “ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး” ဆိုတာ မြန်မာနိုင်ငံသားအားလုံးရဲ့ ရင်ထဲအသည်းထဲမှာ နှစ်ရှည်လများ ကိန်းအောင်းနေတဲ့ ဆန္ဒအိပ်မက်တွေပါပဲ။ လူတိုင်းဟာ ရေရှည်မှာ လုံခြုံတဲ့ဘ၀တွေ ပိုင်ဆိုင်ဖို့ ငြိမ်းချမ်းရေးကို အခြေခံအားဖြင့် လိုအပ်ပါတယ်။ ကိန်းဘရစ်ခ်ျ အဘိဓာန်မှာ ပြထားတဲ့ အင်္ဂလိပ်စကား “Peace” ရဲ့ အောက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်တွေက ငြိမ်းချမ်းရေးရဲ့ အရေးကြီးပုံကို ညွှန်းဆိုနေပါတယ်။
“Freedom from war and violence, especially when people live and work together happily without disagreements” : (ပဋိပက္ခများ အငြင်းပွားစရာမလိုဘဲ လူအများ ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်တဲ့ အကြမ်းဖက်မှုရှင်း၊ စစ်မဲ့ကင်းတဲ့ အခြေအနေ)
“The state of not being interrupted or annoyed by worry, problems, noise or unwanted actions” : (အနှောင့်အယှက်ကင်းကင်း၊ အပူအပင်ကင်းကင်း၊ ဆူညံသံအစ အမြင်မတော်ရာအဆုံး မလိုလားအပ်တဲ့ ကသိကအောင့်ဖြစ်စရာ မရှိဘဲ ချမ်းသာစွာ နေနိုင်တဲ့ အခြေအနေတရပ်)
ဒါကြောင့်လည်း “ကျမအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို တကယ့်ကို ရိုးရိုးစင်းစင်းနဲ့ လွယ်လွယ်လေးပြောရမယ်ဆိုရင် ငြိမ်းချမ်းခြင်းဆိုတာက အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါ ချမ်းသာရမယ်။ ဒါပါပဲ။ ဒီလို စဉ်းစားလိုက်မယ်ဆိုရင် ကျမတို့အားလုံး သဘောပေါက်မယ် ထင်ပါတယ်” လို့ သူဖွင့်ဆိုထားတဲ့ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒါဟာ အမှန်ပါပဲ။ ကျနော်တို့ မြန်မာပြည်သူတွေဟာ ကောင်းစွာ မအိပ်စက်နိုင်သလို ကောင်းစွာ မနိုးထနိုင်တာ ရာစုနှစ်ဝက် ကျော်နေပါပြီ။ မှားယွင်းတဲ့ အုပ်ချုပ်ပုံစနစ်အောက်မှာ၊ မပြေလည်တဲ့ စားဝတ်နေရေး၊ နိမ့်ကျတဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်းကျင်၊ မလုံခြုံတဲ့ ဘ၀တွေနဲ့ ရှင်သန်ရင်း အကုသိုလ်စိတ်တွေနဲ့ အိပ်စက်လို့ အကုသိုလ်စိတ်တွေနဲ့ နိုးထနေကြရတာ မဟုတ်လား။
မြန်မာနိုင်ငံမှာ မငြှိမ်းသတ်နိုင်သေးတဲ့ အရှိန်တငြီးငြီး တောက်လောင်နေဆဲ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးတောက်ကြီးကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီရင်းအစ်ကိုမောင်နှမ၊ သွေးရင်းသားချင်းတွေ လက်နက်အားကိုးပြီး ဦးတဲ့လူက ဦးသလို၊ အားကြီးသူက အားနည်းသူကို ညှဉ်းဆဲသတ်ဖြတ် အနိုင်ကျင့် ဗိုလ်ကျခဲ့ကြတာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးဆိုတော့ နိုင်ငံသူနိုင်ငံသားတွေနဲ့ တတိုင်းပြည်လုံးအတွက်တော့ တွက်ချက်ဖို့ မ၀ံ့ရဲလောက်စရာ ကြီးမားစွာ ဆုံးရှုံးနေတာပါ။
မညီညွတ်တဲ့လူမျိုး၊ အချင်းချင်း ဗိုလ်ကျတတ်တဲ့ လူမျိုးတွေလို့ မြန်မာကို နိုင်ငံတကာအလယ်မှာ အရှက်ရစေတဲ့ ပြည်တွင်းစစ်မီးတောက်ကြီးကြောင့် အောက်ပါမေးခွန်းတွေ မဖြေကြားရဲလောက်အောင် စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆုံးရှုံးနစ်နာမှုတွေ ရင်ဆိုင်ကြုံတွေ့ နေရတာ မဟုတ်လား။
(၁) အဖိုးတန်တဲ့ လူ့အသက်တွေ အချည်းအနှီး သေကျေပျက်စီးခဲ့ရတာ ဘယ်လောက်ရှိနေပြီလဲ?
(၂) စစ်ဒဏ်ကြောင့် ခြေပြတ် လက်ပြတ်၊ ဒုက္ခိတဖြစ်၊ ဘဝပျက်ရသူ ဘယ်လောက်ရှိနေပြီလဲ?
(၃) စစ်မီးတောက်ကြီးအောက်မှာ အိမ်ခြေဘယ်နှစ်လုံး ကျေးရွာဘယ်နှစ်ရွာလောက် မီးလောင်တိုက်သွင်းခံခဲ့ရ၊ ပြာကျခဲ့ရပြီးပြီလဲ?
(၄) ပြည်တွင်းစစ်ကြောင့် ကလေးငယ်လေး ဘယ်နှစ်ယောက် မိဘမဲ့၊ ခိုကိုးရာမဲ့ ဒုက္ခရောက်ခဲ့ရပြီးပြီလဲ?
(၅) ပြည်တွင်းစစ်ကြောင့် ပညာသင်ကြားခွင့်မရတဲ့ မြန်မာနိုင်ငံသား ကလေးငယ်တွေ ပညာမတတ် အောက်ကျနောက်ကျ ဖြစ်ခဲ့ရပြီးပြီလဲ?
(၆) ပြည်တွင်းစစ်ကြောင့် လက်နက်ခဲယမ်းမီးကျောက် အပါအဝင် စစ်စရိတ်အတွက် တိုင်းပြည်ဘဏ္ဍာ ဘယ်လောက်ဆုံးရှုံး လေလွင့်ခဲ့ပြီးပြီလဲ?
(၇) ပြည်တွင်းစစ်ကြောင့် မိမိအရပ်ဒေသကနေ အဓမ္မ ရွေ့ပြောင်းခံရသူတွေ၊ တိုင်းတပါးမှာ တရားမဝင်ကျော်ဖြတ်လို့ အနိုင်ကျင့်ခံ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေရသူ ဘယ်နှစ်သန်းလောက်ရှိနေပြီလဲ?
(၈) ပြည်တွင်းစစ်ကြောင့် စီးပွားရေးဖွံ့ဖြိုးအောင်၊ ဒေသဖွံ့ဖြိုးအောင်၊ လုံခြုံအောင် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် တိုင်းပြည်သယံဇာတတွေ ဘယ်လောက်ခိုးယူခံခဲ့ရ၊ လေလွင့်ဆုံးရှုံးခဲ့ရပြီးပြီလဲ?
(၉) ပြည်တွင်းစစ်ကြောင့် စစ်ဖြစ်ရာဒေသတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ အစားထိုးမရတဲ့ လူမျိုးငယ်စုတွေရဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ဘယ်လောက်တောင် တိမ်ကောပျောက်ကွယ်ကုန်ပြီလဲ?
(၁၀) ပြည်တွင်းစစ်ကြောင့် မလုံခြုံတဲ့ဘဝတွေအောက်၊ စစ်ဂျပိုး လူ့ဂျပိုး မုဒိမ်းကောင်တွေကြောင့် အားကိုးရာမဲ့ တိုင်းရင်းသူ အမနဲ့ နှမငယ်တွေ ဘယ်လောက်များ အညွန့်ချိုး ဘဝဖျက်ခံခဲ့ရပြီးပြီလဲ?
အရပ်ထဲ ရွာထဲမှာ မိသားစုဝင်အချင်းချင်း၊ လူအချင်းချင်း ရန်ဖြစ်ဖြစ်၊ လူမျိုးတမျိုးနဲ့တမျိုး၊ ဘာသာတခုနဲ့တခု အဓိကရုဏ်းတွေဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ဖြစ်၊ လူမှုပဋိပက္ခ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေသုံးပြီး အဖြေမရှာဘဲ လက်နက်ကိုင် အကြမ်းဖက်တယ်ဆိုတာ သီလချို့ယွင်းမှုနဲ့ ဉာဏ်ရည်နိမ့်ကျမှုရဲ့ လက္ခဏာ ပြယုဂ်ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးစကနေ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုသာ အားကိုးတတ်တဲ့ တောရိုင်းဥပဒေသကို ကျင့်သုံးလို့ အကြမ်းဖက်ပြီး သွေးထွက်သံယို ဖြေရှင်းအနိုင်ယူခဲ့တဲ့ စစ်ဏာရှင်အဆက်ဆက် လက်ထက်မှာ မြန်မာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျခဲ့သလို တိုင်းရင်းသားအချင်းချင်းမှာလည်း အဲ့ဒီ ဗိုလ်ကျဘူလီ ယဉ်ကျေးမှုဆိုး ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ပြန့်ပွားလို့ လူမျိုးငယ်စု အချင်းချင်းကြားမှာလည်း အဆင့်ဆင့် အနိုင်ကျင့် ဗိုလ်ကျမှုတွေ ရှိနေခဲ့ကြတော့ တဦးနဲ့တဦး ယုံကြည်မှုတွေ ပျောက်ဆုံးလို့ ညီညွတ်ရေးတွေ ပျက်သုဉ်းခဲ့ရတာ မဟုတ်လား။
ဒါကြောင့်မို့လို့လည်း အမြော်အမြင်ကြီးမားပြီး တိုင်းပြည်နဲ့ ပြည်ထောင်စုကြီးတခုလုံးအကျိုး ရည်သန်ကြတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဒဂုန်တာရာ၊ ဒေါ်အောင်ဆန်းစုကြည် အစရှိတဲ့ နိုင်ငံ အမိအဖ ခေါင်းဆောင်တိုင်းဟာ အားလုံးညီညွတ်ကြဖို့ ငြိမ်းချမ်းရေးကို အရယူဖို့ တဖွဖွ တသသ ပြောဆိုတိုက်တွန်းခဲ့ကြသလို တိုင်းပြည်အပေါ် ရိုးသားစွာ စေတနာထားတတ်ရုံမက ဉာဏ်ကိုဦးစီးပြီး ချစ်တတ်တဲ့ နိုင်ငံသားတိုင်းက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ တစိုက်မတ်မတ် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ မဟုတ်လား။
မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတိုင်းဟာ အချည်းအနှီး အကျိုးမဲ့ ဖြစ်လေ့မရှိပါဘူး။ မိုးစက်မိုးပေါက်တွေ စုလာရင် ပင်လယ်သမုဒ္ဒရာကြီး ဖြစ်လာသလို တနေ့တလံ ပုဂံဘယ်ပြေးမလဲဆိုတဲ့ ဆိုရိုးစကားလိုပါပဲ၊ သမိုင်းအဆက်ဆက်က အာဇာနည် အသောင်းအသိန်းရဲ့ ကိုယ်ကျိုးစွန့် ပေးဆပ်ဖြည့်ဆည်းးမှုတွေရဲ့ စုပေါင်းရလဒ်အကျိုးဟာ အခုဆို မြန်မာ့နိုင်ငံရေးခရီးမှာ ငြိမ်းချမ်းရေးရောင်နီသန်းလို့ နေပါပြီ။
အခုဆို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆော်သြတိုက်တွန်းမှု၊ ကမကထ ဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို တနိုင်ငံလုံးက ပြည်တွေက လှိုက်လှဲစွာ ကြိုဆိုနေကြပါပြီ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တက်လာတဲ့ အစိုးရသစ်နဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးရအောင် လုပ်ပါ့မယ်လို့ ကတိပေးထားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကလည်း ကြိုဆိုကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
တရုတ်၊ အိန္ဒိယ အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ မိသားစုတွေကလည်း မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ကမ္ပည်းတင်တော့မယ့် ညီလာခံကြီးနဲ့ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး အရယူသွားနိုင်ဖို့ ထောက်ခံကြောင်းတွေ ပြသလို့ စိတ်ဝင်တစား စောင့်ကြည့်လို့ နေပါပြီ။
နိဂုံးချုပ်ရရင် နှစ်ရှည်လများ အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် တိုင်းရင်းသားတွေ အပါအ၀င် မြန်မာနိုင်ငံသား အားလုံးရဲ့ စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာတွေကို ဂရုတစိုက် အပြန်အလှန် ဖေးမကုစားပေးဖို့ ငြိမ်းချမ်းရေးဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် မကြာမီ ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တက်ရောက်ကြမယ့် ကိုယ်စားလှယ်တော်တွေသာမက၊ မတက်ရောက်ရပေမယ့် သက်ဆိုင်ကြတဲ့ ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားတိုင်းဟာ မိမိလူမျိုး၊ မိမိအဖွဲ့၊ မိမိဘာသာ၊ မိမိပါတီအတွက် အကျိုးလည်းရှိ ပြည်ထောင်စုတခုလုံး အကျိုးလည်းရှိအောင် နာတာရှည် ပြည်တွင်းစစ် ငရဲဘုံရဲ့ ဆိုးကျိုး အနိဋ္ဌာရုံတွေကို အပြီးတိုင် အဆုံးသပ်နိုင်ဖို့ ရာစုသမိုင်းတခေတ်ရဲ့ အကြီးမားဆုံး သမိုင်းတာဝန်ကြီးကို ၀ိုင်းဝန်းထမ်းပိုးကြဖို့ လေးနက်စွာ မေတ္တာရပ်ခံချင်ပါတယ်။
No comments:
Post a Comment