မင်းကောင်းချစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ချင်းတွင်းမြစ်အတိုင်း ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ အောက်တိုဘာလ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြား မိချောင်းတွင်းကျေးရွာအနီးမှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ သတင်းဆိုးကို အင်တာနက်သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။
အဲဒီအမြန်ရေယာဉ် တိမ်းမှောက်မှုမှာ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ မွမ်းမံသင်တန်း တက်ရောက်မယ့် ပညာရေးဌာနက ဆရာ၊ ဆရာမတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မုံရွာတက္ကသိုလ်နဲ့ မုံရွာစီးပွားရေးတက္ကသိုလ်က အဝေးသင်ကျောင်းသား ကျောင်းသူတွေ အများဆုံး ပါဝင်ခဲ့တယ်လို့လည်း ဝမ်းနည်းဖွယ် ကြားသိရပါတယ်။
ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တဦးဖြစ်တဲ့ ဦးအောင်ကျော်ဦးရဲ့ ပြောကြားချက်ကတော့ “အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ ဟုမ္မလင်းမြို့ကနေ ထွက်ခွာလာတာပါ။ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်လိုင်းက အောင်စိုးမိုးကျော်ဆိုတဲ့ အမြန်ရေယာဉ်ပါ။ ကျောင်းပိတ်ရက်လည်း ဖြစ်တယ်။ သီတင်းကျွတ်ကာလလည်း ဖြစ်တော့ လူတွေကို အဆမတန် တင်လာတယ်။ ကျနော်ကိုယ်တိုင်က ပြောတယ်။ ခင်ဗျားတို့ လူတွေကလည်း အရမ်းများနေပြီ။ လျှော့တင်ပါ။ လုံးဝပြောမရဘူး။ ဟုမ္မလင်းကနေ စုန်လာပြီး ဖောင်းပြင်မြို့ကို ရောက်တဲ့အခါ လူတွေ အဆမတန်တက်လာတယ်။ ရေယာဉ်က တာဝန်ရှိတဲ့သူတွေ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆီကို သွားပြောတယ်။ ဒါတွေကို ပြောပေးပါဦ။ သူတို့လည်း မတတ်နိုင်ဘူး၊ သူတို့ဘာသာ တင်တာလို့ ပြောတယ်။ ပြည်သူတွေ အသက်သေကုန်တော့မယ်လို့လည်း ပြောခဲ့တယ်။ ဒါနဲ့ ကျနော်လည်း ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးတော့ ကျနော်အသုံးပြုနေတဲ့ Aung Lay ဆိုတဲ့ ဖေ့ဘွတ်အကောင့်နဲ့ တင်ခဲ့တယ်။ ည ၈ နာရီလောက်မှာ မိတ်ဆွေတွေက ဖုန်းဆက်မေးတယ်။ အခြေအနေက ဘုရားတပြီး လိုက်နေရတယ်လို့ ပြောခဲ့သေးတယ်။ မနက် ၄ နာရီခွဲကျော်ကျော် ၅ နာရီလောက်မှာ အခုလိုမှောက်ပြီး နစ်မြုပ်သွားတော့တာပါပဲ”လို့ ပြောကြားခဲ့တာလည်း ဖတ်လိုက်ရပါတယ်။
ဟုမ္မလင်းမြို့က ထွက်ခွာလာတဲ့ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းက အောင်စိုးမိုးကျာ် ခရီးသည်တင် အမြန်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်ဦးရေအနေနဲ့ ခန့်မှန်းခြေ ၃၀၀ အထက်တွင်ရှိနိုင်ပြီး ဆိုင်ကယ် ၁၈ စီးလည်းပါတယ်လို့ ကြားသိရပါတယ်။ ပါလာတဲ့ ခရီးသည်တွေအနက်က ၁၅၈ ဦးသာ ကယ်ဆယ်ရေးစခန်းနဲ့ ကင်းကျေးရွာတိုက်နယ်ကို ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းထိ သေဆုံးနေတဲ့ ရုပ်အလောင်း ၈ လောင်းထိ တွေ့ရှိထားတာမို့ ပျောက်ဆုံးနေတဲ့ ကျန်ခရီးသည်တွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် တိမ်းမှောက်ပြီး လူပေါင်းများစွာ အသက် သေဆုံးရခြင်းဟာ သတ်မှတ်ထားသည့် ဝန်ထက် ပိုမိုတင်ဆောင်ခြင်း၊ ကုန်များ တင်ဆောင်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ထားသော်လည်း ညဘက် မောင်းနှင်ခြင်း၊ လူဦးရေ ကန့်သတ်ချက်ထက် ပိုတင်ခြင်း စတဲ့ ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်မောင်းတွေရဲ့ စည်းကမ်းမလိုက်နာမှု၊ လောဘကြီးမှုကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရှိရတဲ့အပြင် ရေယာဉ်များကို စည်းကမ်းထိန်းသိမ်းရမယ့် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီအနေနဲ့လည်း စည်းကမ်းကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့် ရေယာဉ်တိမ်းမှောက်ပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးရခြင်း ဖြစ်တယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။ တကယ်တော့ အထက်ပါ သုံးသပ်ချက်တွေဟာ မှန်ကန်ပေမယ့်လည်း မပြည့်စုံပါဘူး။
မုံရွာမြို့နှင့် အထက်ချင်းတွင်းမြစ်အတွင်းသွား ခရီးသည်တင်ရေယာဉ်အသင်း စုစုပေါင်း ၉ သင်းမှာ ရေယာဉ်အစီးရေ ၁၂၉ စီးရှိပြီး ကုန်တင်ရေယာဉ်အသင်း စုစုပေါင်း ၁၈ သင်းမှာ ရေယာဉ်အစီးရေ ၄၇၀ စီးရှိကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ မှတ်တမ်းတွေအရ သိရတယ်လို့ ဆိုပါတယ်။
တကယ်တော့ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်အသင်းတွေမှ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံတဝန်းလုံးမှာ ရှိရှိသမျှ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း ယာဉ်ရထားအားလုံးနဲ့ အသင်းအဖွဲ့ ကုမ္ပဏီ၊ ပိုင်ရှင်၊ ယာဉ်မောင်းအများစုဟာ စနစ်ဟောင်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ခေါက်ရိုးကျိုးနေတဲ့ အကျင့်ဟောင်းတွေ၊ ဥပဒေကို မလေးစား မလိုက်နာမှုတွေ၊ အသိအမြင် နိမ့်ကျမှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာပါ။
ပြဿနာတခု ပေါ်လာပြီ၊ လူတွေ သေကျေထိခိုက် ဒဏ်ရာရပြီဆိုမှ မျက်ကလူးဆန်ပျာနဲ့ အပြစ်ဖို့နိုင်ဖို့ လတ်တလော အကြောင်းတရားတွေကို လက်ညှိုးထိုးပြီး ကံဆိုးသူ မောင်ရှင် တယောက်စ၊ နှစ်ယောက်စကို အရေးယူအပြစ်ပေးပြီး အခြေခံအကြောင်းတရားတွေကို မပြင်ဆင်ဘဲ စနစ်ဟောင်း၊ အကျင့်ဟောင်းနဲ့ ဆက်လုပ်ကိုင်ခဲ့ကြတာပါ။ ဒီလိုနဲ့ နောက်ထပ်ထိခိုက်မှုတွေ ထပ်တလဲလဲ ကြုံ၊ အဖိုးတန်တဲ့ လူ့အသက်တွေ ထပ်မံဆုံးရှုံးပြီး ချာလည်လည်နေကြတာမို့ အများပြည်တွေဟာ အတိတ်ကံကို ယိုးမယ်ဖွဲ့ရင်း အသက်မလုံခြုံတဲ့ ဘ၀တွေနဲ့ ရင်ဆိုင်ရင်း အသက်ရှင်နေကြရတာပါ။
ဒီနေရာမှာ ရေယာဉ်နဲ့ ခရီးသွားလာမှု ဘေးကင်းရေးအကြောင်း မရေးခင်မှာ စွန်စားမှု (Risk) အကြောင်း နည်းနည်းရေးချင်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ မွေးဖွားစဉ်ကနေ သေဆုံးချိန်ထိတိုင်အောင် ဘဝတလျှောက်လုံးမှာ ယူချင်သည် ဖြစ်စေ၊ မယူချင်သည် ဖြစ်စေ စွန်စားမှု (Risk) ကို အချိန်တိုင်းမှာ မိုးလင်းက မိုးချုပ် အိပ်ရာဝင်ချိန်ထိ မလွှဲမရှောင်သာပဲ ယူကြရတာပါ။
ဖွံ့ဖြိုးတိုတက်ပြီး အုပ်ချုပ်ပုံစနစ် မှန်ကန်နေတဲ့ နိုင်ငံတွေမှာတော့ ပြည်သူပြည်သားတွေဟာ ကိုယ်ယူရမယ့် စွန်စားမှု (Risk) ဟာ လက်သင့်ခံသင့်တဲ့ စွန့်စားမှု (Acceptable Risk) စနစ်တကျ စီမံကွပ်ကဲထားတဲ့ စွန်စားမှု (Manageable Risk) စွန့်စားလုပ်ကိုင်ခွင့် ရကြပါတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း ကိုယ့်အသက်အန္တရာယ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို မစူးစမ်း မဆင်မခြင် အလွယ်တကူ ယူလေ့မရှိကြပါဘူး။ အန္တရာယ်မကင်းဘူးထင်ရင် ရဲရဲရင့်ရင့် ထိထိရောက်ရောက် စွက်ဖက်ပြောဆို တားမြစ်လေ့ရှိပါတယ်။
အဲဒီလို တိုင်းပြည်က ပြည်သူတွေဟာ နေ့စဉ်ခရီးသွားလာဖို့ မလွှဲမရှောင်သာ ဘတ်စ်ကား၊ ရေယာဉ်တွေ စီးရပေမယ့် စိတ်ချလက်ချ စီးနင်းလိုက်ပါနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်မောင်းသူတွေဟာ ကျွမ်းကျင်စွာ မောင်းနှင်နိုင်ကြောင်း လိုင်စင်ရှိတဲ့သူသာ ခန့်အပ်ထားတာ သေချာဖို့၊ အဲ့ဒီယာဉ်မောင်းဟာ အန္တရာယ်ကင်းအောင် စစ်ဆေးမောင်းနှင်ရမယ့် သူ့ရဲ့ တာဝန်ရှိမှု တာဝန်ခံရမှုကို ကောင်းစွာနားလည်အောင် လေ့ကျင့်ပေးထားတယ်ဆိုတာ သေချာဖို့၊ အသုံးပြုတဲ့ ယာဉ်တွေရဲ့ အရည်အသွေးဟာ သတ်မှတ်စံရည်စံညွှန်းနဲ့ ကိုက်ညီစေဖို့၊ ခရီးသည်တွေ ဘေးကင်းအောင် လိုက်နာရမယ့် ဥပဒေစည်းကမ်းတွေ လိုက်နာမှုရှိအောင် အမြဲတစေ ထိန်းကျောင်းတည့်မတ်ပေးတဲ့ စနစ်တွေ အသက်ဝင်နေစေဖို့ သေချာအောင် စီမံထားတာကြောင့် ဖြစ်ပါတယ်။
ဆင်းရဲနိမ့်ကျပြီး အုပ်ချုပ်ပုံစနစ် မှန်ကန်လာအောင် ကြိုးစားနေဆဲ စာရေးသူတို့ တိုင်းပြည်မှာတော့ နိုင်ငံသူ နိုင်ငံသားတွေဟာ ခေါက်ရိုးကျိုးနေတဲ့ စနစ်ဟောင်းအောက်မှာ မလုံခြုံတဲ့ဘဝတွေကို မလွှဲမရှောင်သာတာမို့ ကံတရားအတိုင်းလို့ သတ်မှတ်ပြီး အသက်ကို ဖက်နဲ့ မထုပ်နိုင်ဘဲ ဘုရားတ စွန့်စားသွားလာ ရှင်သန်နေကြရတာပါ။ တကယ်တော့ မတော်တဆ ထိခိုက်မှုဆိုတာဟာ ခေါင်းရှောင်တဲ့စကား ဖြစ်ပါတယ်။ ပေါ့ဆမှု၊ အသိမရှိမှု၊ သတိမပြုမှု၊ မဆိုင်သလို မျက်ကွယ်ပြုမှု၊ တာဝန်မဲ့မှုတွေကြောင့် တားဆီးနိုင်ပါရဲ့ မတားဆီးနိုင်ဘဲ ထိခိုက်ဒဏ်ရာရ သေဆုံးနေကြရတာပါ။
ရေယာဉ်ဖြင့် ခရီးသွားလာမှု ဘေးအန္တရာယ်ကင်းဝေးရေးအကြောင်း ရေးရရင်… ကမ္ဘာတဝန်းက ရေယာဉ်ဘေးအန္တရာယ်ကင်းဝေးရေးအဖွဲ့ (Worldwide Ferry Safety Association) က ထုတ်ပြန်ထားတဲ့ ရေယာဉ်တိမ်းမှောက်စေနိုင်တဲ့ အဓိကအကြောင်းတရား ၄ မျိုး ရှိပါတယ်။
၁။ ရေယာဉ်အရည်အသွေး နိမ့်ကျမှု (Poor Quality Vessels)
၂။ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း (Overcrowding)
၃။ ရုတ်တရက် ရာသီဥတုပြောင်းလဲ ပြင်းထန်မှု၊ လှိုင်းလေရေစီးသန်မှု (Sudden Hazardous Weather)
၎။ လူ့လုပ်အမှား (Human Error)
နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရေယာဉ်ရဲ့ ဟန်ချက်ညီမှု (Balance) ပါပဲ။ အထူးသဖြင့် လှိုင်းလှေရေစီးထန်လာတဲ့အချိန်၊ ရေဝဲကတော့တွေနဲ့ ကြုံလာတဲ့အချိန်မှာ ရေယာဉ် မတိမ်းမှောက်အောင် ဟန်ချက်ညီနေဖို့ အလွန်အရေးကြီးပါတယ်။ ရေယာဉ်ရဲ့ ဟန်ချက်ညီမှုကို ပျက်ပြားစေနိုင်တဲ့ အကြောင်းတရားတွေကတော့ သတ်မှတ်ချက်ထက် ပိုတင်ဆောင်တဲ့ ဝန်အလေးချိန်၊ ကြီးမားတဲ့ဝန်တွေကို မလှုပ်ရှားနိုင်အောင် ချည်နှောင်ထားမှုမရှိခြင်း၊ အရည် အစရှိတဲ့ လှုပ်ရှားနိုင်တဲ့ ဝန်အမျိုးအစားများပါတဲ့ တိုင်ကီများ သယ်ဆောင်ခြင်း၊ ရေစူးတိမ်တာကြောင့် ရေယာဉ်ဝမ်းဗိုက်နဲ့ မြစ်ကြမ်းပြင် ထိတိုက်မိခြင်းတို့ ဖြစ်ပါတယ်။
အထက်မှာ ရေးခဲ့တဲ့ သတင်းတွေအရဆိုရင် အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ရဲ့ လတ်တလော အကြောင်းတရားတွေ (Immediate Causes) ကတော့ (၁) လူပို၊ ဝန်ပိုတင်ဆောင်ခြင်းကြောင့် ဟန်ချက်ပျက်နေခြင်း၊ (၂) ရေဝဲကတော့ ကြီးမားခြင်း ရေစီးသန်လှိုင်းထန်ခြင်း၊ (၃) ညဥ့်ခရီးစဉ် မောင်းနှင်မှုကြောင့် မြင်ကွင်း မရှင်းလင်းခြင်းတွေပဲ ဖြစ်ပါတယ်။ ရေယာဉ်မှူးနဲ့ ရေယာဉ်ဝန်ထမ်းတွေရဲ့ မကျွမ်းကျင်မှု မှားယွင်းလုပ်ဆောင်မှု (Human Error) ပါ၊ မပါ ဆိုတာကတော့ စုံစမ်းစစ်ဆေးတော့မှ သိရမှာပါ။
ပြီးတော့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်ခြင်းရဲ့ အခြေခံအကြောင်းတရား (Root Causes) ကို သုံးသပ်ရရင် (၁) ညဥ့်ဘက် ရေယာဉ်မမောင်းနှင်ရန် သတ်မှတ်ချက်စည်းကမ်းကို ချိုးဖောက်ခြင်း၊ (၂) တရားမဝင် ခရီးစဉ် ရေယာဉ်မောင်းနှင်ခွင့်များ တားဆီးရန် ပုံမှန်စစ်ဆေးစည်းကြပ် ထိန်းကျောင်းသည့် စနစ်မရှိခြင်း၊ (၃) ရေယာဉ်မှူးနှင့် ရေယာဉ်ဝန်ထမ်းများ ရေယာဉ်ဘေးကင်းရန် ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း၊ (၄) တာဝန်သိ ခရီးသည်တိုင်ကြားမှုကို အရေးယူ ဆောင်ရွက်ပေးနိုင်မည့်စနစ် မရှိခြင်းတို့ပဲ မဟုတ်လား။
ဒါ့ကြောင့် နောင်ကို အလားတူကြေကွဲဖွယ်ရာ ဆုံးရှုံးမှုတွေ ထပ်မကြုံကြိုက်ရလေအောင် တာဝန်ရှိသူများအနေနဲ့ ထိခိုက်မှုဖြစ်စဉ်ကို သေသေချာချာ စုံစမ်းစစ်ဆေးလို့ အရေးယူပြင်ဆင်ရာမှာ လတ်တလော အကြောင်းတရားတွေ၊ အခြေခံအကြောင်းတရားတွေ သာမက ရေကြောင်းသွားလာမှု စနစ်ဟောင်းတခုလုံးကို ပြန်သုံးသပ်ပြီး လက်ရှိတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကိုပါ ပြင်ဆင်ပြဋ္ဌာန်းပြီး ဖြေရှင်းဖို့ လိုပါတယ်။
ကမ္ဘာတ၀ှမ်းက ရေယာဉ်ဘေးအန္တရာယ်ကင်းဝေးရေးအဖွဲ့ (Worldwide Ferry Safety Association) ကတော့ ရေယာဉ်ဖြင့် ခရီးသွားမှုအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ ရေကြောင်းခရီးသွားလာမှု စနစ်တခုလုံးကို အမြဲသုံးသပ်နေဖို့ တိုက်တွန်းထားသလို အောက်ပါအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အကြံပြု ထားပါတယ်။
(က) ရေယာဉ်ဒီဇိုင်းသတ်မှတ်ချက် (Vessel design)
(ခ) ရေယာဉ်မောင်းနှင် ရေယာဉ်အမှုထမ်းတို့အတွက် လိုအပ်သော လေ့ကျင့်ခန်း သင်ခန်းစာ (Training)
(ဂ) ရာသီဥတုနှင့် ဆက်စပ်နေတဲ့ လှိုင်းလေရေစီးကြောင်းအခြေအနေ (Weather)
(ဃ) ခရီးသည်များ ထိရောက်စွာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် Empowering passengers
နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ အရေးပေါ်အခြေအနေမှာ ဘယ်လို ရင်ဆိုင်တုံ့ပြန်ရမယ် ဆိုတာ သိနိုင်ဖို့ လေ့ကျင့်ဖို့ (Emergency Response Drill) လိုသလို အသက်ကယ်ဝတ်စုံတွေ၊ လိုအပ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ထည့်သွင်းတပ်ဆင်ဖို့ လိုပါတယ်။ ဒီနေရာမှာ တခု သတိပေးချင်တာက အရေးပေါ် အသက်ကယ်ဝတ်စုံရှိပေမယ့်လည်း သင့်တော်တဲ့အရွယ်အစားကို အသုံးပြုတတ်ဖို့၊ မှန်ကန်စွာ ဝတ်ဆင်တတ်ဖို့ ခရီးသည်တွေကို ပညာပေးဖို့ လိုပါတယ်။ တခါတရံမှာ မှန်မှန်ကန်ကန် မဝတ်ဆင်တတ်ရင် အသက်ကယ်ဝတ်စုံက ဝတ်ဆင်တဲ့လူကို လည်ပင်းညှစ်သလိုဖြစ်ပြီး ပြန်သတ်ဖြတ်တတ်တာ သတိပြု စေလိုပါတယ်။
အချုပ်အားဖြင့်ဆိုရရင် လူနှင့် လူ့ဝန်းကျင်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းဝေးအောင် လူတိုင်း လူတိုင်း ကံယုံပြီး ဆူးပုံချနင်းသလိုမျိုး မပြုမူသင့်ပါဘူး၊ ကံကောင်းခြင်းအပေါ်မှာလည်း အားမထားသင့်ဘူး။ စနစ်မှန်အောင် ပြင်ဆင်ဖို့ လိုသလို အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စစ်ဆေးကြီးကြပ်ရေးအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရေယာဉ်မှူး၊ ရေယာဉ်ဝန်ထမ်းများ၊ ခရီးသွားပြည်သူအားလုံးရဲ့ ကိုယ်စီကိုယ်င တာဝန်သိမှုနဲ့ တာဝန်ကျေပွန်မှုအပေါ်မှာသာ မူတည်သင့်ပါတယ်။
မြန်မာနိုင်ငံသားတိုင်း အန္တရာယ်ကင်းစွာ အိမ်ပြန်ရောက်နိုင်ကြပါစေ။
No comments:
Post a Comment