ဖနိဒါ
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်အဖြစ်မှ လက်နက်ကိုင်အဖွဲ့ သုံးခု နုတ်ထွက်မည့် ကိစ္စ ဆုံးဖြတ်ရန် နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းပါ သဘောထားများ ရယူရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ ညီလာခံကို မေလအတွင်း ကျင်းပသွားမည်ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။
“ထိပ်သီးညီလာခံ တခုခေါ်ဖို့တော့ အစီအစဉ်ရှိတယ်။ အဲဒါ လောလောဆယ် လူမစုံသေးဘူး။ ဒီလထဲမှာ လုပ်မှာပါ။ အချိန်နဲ့ နေရာက မဆုံးဖြတ်ရသေးဘူး။ လိုင်ဇာနဲ့ လောခီးလာ ညီလာခံလိုမျိုး အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်မှာပါ”ဟု နိုင်ဟံသာက ပြောသည်။
၎င်းထိပ်သီးညီလာခံတွင် ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးခဲ့မှုအပေါ် တင်ပြ၍ အဖွဲ့ ခေါင်းဆောင်များ၏ သဘောထားများရယူသွားမည်ဟု ၎င်းက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းပါ သဘောတူညီချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များထံမှ သဘောထားရယူ၍ အစိုးရ UPWC နှင့် ပြန်လည် တွေ့ဆုံဆွေးနွေးသွားမည်ဟု သူက ဆိုသည်။
ထို့ပြင် တအာင်းတပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)တို့ NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ဆန်းမြို့တွင် ကျင်းပသော တိုင်းရင်းသား ၁၂ ဖွဲ့မှ ခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အဆိုပြုမှုနှင့် ပတ်သက်၍ အဆိုပါ ထိပ်သီးညီလာခံတွင် ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲတွင် အဆိုပါ TNLA၊ MNDAA နှင့် AA သုံးဖွဲ့တို့ ပါဝင်မည် မဟုတ်ကြောင်း မေလ ၉ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ ညီလာခံတွင် UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်အတွက် NCCT ကို ဖွဲ့စည်းနိုင်ခဲ့သည်။ လောခီးလာ ညီလာခံတွင်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment