Tuesday, May 12, 2015

အပန်းဖြေ ကမ်းခြေစခန်း တည်ဆောက်မည့် သတင်းကြောင့် ရေးမြို့မြေဈေးတက်

တင်ထက်ပိုင်

မွန်ပြည်နယ်၊ ရေးမြို့မှ ၁၇ မိုင်ခန့် ကွာဝေးသော “ကဗျာဝ” ကျေးရွာတွင် အပန်းဖြေကမ်းခြေစခန်း တည်ဆောက် မည် ဆိုသော သတင်းကြောင့် မြေဈေးများ သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ မြင့်တက်လာကြောင်း ဒေသခံ များက ပြောသည်။

“မနှစ်က ဒီလိုအချိန်မှာ ဒီနေရာတွေက သိန်း ၂၀ ၊ ၃၀ တောင် မရှိပါဘူး။ ၁၅ သိန်း ဝန်းကျင်ပဲ။ ဈေးအပြောင်း အလဲ ကောင်း ကောင်း ဖြစ်တာက ဒီ ၁ နှစ် နဲ့ ၂ နှစ်ကြားပဲ” ဟု ရေးမြို့ဒေသခံ ဦးအောင်ရင်ဦးက ဧရာဝတီကို ပြောသည်။

ကမ်းခြေ အရှည် ၈ မိုင်ခန့် ရှည်လျားသော ကဗျာဝကမ်းခြေရှိ မြေယာဈေးနှုန်းများသည် ၂၀၁၄ ခုနှစ်တွင် အလျားပေ ၄၀ အနံပေ ၆၀ မြေတကွက်လျှင် ကျပ် ၁၅ သိန်း ပတ်ဝန်းကျင်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၁၀၀ မှ ၂၀၀ ကြားအထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသခံတချို့က ဆိုသည်။

“ကဗျာဝ” ကမ်းခြေကို အပန်းဖြေစခန်းအဖြစ် တည်ဆောက်ရန် မွန်ပြည်နယ် အစိုးရက စီစဉ်ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ လတွင် ပြည်တွင်း စီးပွားရေး လုပ်ငန်းစု တခုဖြစ်သည့် Aurun ကုမ္ပဏီကို အပန်းဖြေကမ်းခြေ တည်ဆောက် ခွင့် ပေးခဲ့ကြောင်း၊ အဆိုပါအပန်းဖြေကမ်းခြေ စီမံကိန်းသည် ၂၀၁၇ ခုနှစ်တွင် အပြီးသတ် တည် ဆောက် ရန် လျာထားကြောင်း အဆိုပါကုမ္ပဏီထံမှ သိရှိရသည်။

ကမ်းခြေစီမံကိန်း တည်ဆောက်မည့် သတင်းကြောင့် ကဗျာဝ ကမ်းခြေရှိ မြေကွက်များတွင် စီးပွားရေး လုပ်ကိုင်ရန် ရန်ကုန်၊ ချောင်းသာ၊ သံဖြူဇရပ်၊ ရေး၊ မြဝတီစသည့် မြို့များမှ လုပ်ငန်းရှင်များက မြေကွက်များ လာရောက် ဝယ်ယူ ကြပြီး အပန်းဖြေစခန်း လုပ်ကိုင်မည့် ကုမ္ဗဏီသို့ ပြန်လည် ရောင်းချရန် ရင်းနှီးမြှုပ်နှံထားမှုများ ရှိနေကြောင်း ဦးအောင်ရင်ဦး က ဆက်ပြောသည်။

Aurun ကုမ္ပဏီသည် အပန်းဖြေကမ်းခြေစခန်း ဆောက်လုပ်ရန် မြေနေရာများ ထပ်မံဝယ်ယူလိုသော်လည်း မြေဈေး များ ဆက်တိုက် တက်နေသဖြင့် စီမံကိန်းကို စတင်ရန် အခက်အခဲ ရှိနေသည်ဟု မွန်ပြည်နယ်၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီး နိုင်လဝီအောင်က ပြောသည်။

“ကြားထဲမှာ မြေကစားတဲ့သူတွေ ရှိနေတော့ လုပ်လို့မရဘူး ဖြစ်နေတယ်။ မြေပွဲစားတွေပေါ့” ဟု ၎င်းက ဆိုသည်။

Aurun ကုမ္ပဏီသည် အပန်းဖြေကမ်းခြေစခန်း တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်း ရင်းနှီးမြှုပ်နှံ သွား မည် ဖြစ်ပြီး ကမ်းခြေတွင် အဆောက်အအုံများ အကောင်အထည်ပေါ်လာပါက နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်း ၍ အပန်းဖြေ ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း Aurun ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ဧရာဝတီကို ပြောဆိုခဲ့ဖူးသည်။

လတ်တလော “ကဗျာဝ” ကမ်းခြေသို့ နေ့စဉ်လာရောက် လည်ပတ်သူ ၁၀၀ ၀န်းကျင်ရှိနေပြီး အပန်းဖြေစခန်း အမြန် ဆုံး အကောင်အထည် ပေါ်လာရန် ဒေသခံများက မျှော်လင့်နေကြကြောင်း၊ “ကဗျာဝ” ကမ်းခြေ အပန်းဖြေ စခန်း စီမံကိန်း အကောင်အထည် ပေါ်လာမည်ဆိုပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း သစ်များ ပိုမို ရရှိလာနိုင်ကြောင်း သိရှိရသည်။

ယခင်က “ကဗျာဝ” ကမ်းခြေသည် နယ်မြေ မတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် လာ ရောက် လည်ပတ်သူ မရှိသလောက် နည်းပါးခဲ့ကြောင်း၊ “ကဗျာဝ” ကမ်းခြေသည် ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ တွင် တည်ရှိပြီး ရေးမြို့မှ ဆိုင်ကယ်ဖြင့် တနာရီခန့်ကြာ မောင်းနှင်ရကာ “ကဗျာဝ” ကျေးရွာတွင် မိသားစု ၃၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

No comments: