Saturday, May 9, 2015

ပုသိမ်းကြီးမြို့ နန်းဦးလွင်ရွာတွင် လယ်မြေကို သိန်းထောင်ချီပေါက်ဈေးဖြင့် အကွက်ရိုက်ရောင်းနေ၍ ဒေသခံများ တိုင်းအစိုးရထံတိုင်မည်

အောင်ကိုဦး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာ လယ်ယာမြေများကို ကျေးရွာအုပ်ချုပ်ရေးမှူးကို အသိသက်သေထားကာ ပေ ၄၀× ၆၀ ကွက်များ ရိုက်ရောင်းပြီး သိန်းထောင်ချီပေါက်နေ၍ လယ်ယာမြေစိုက်ပျိုးဆဲ ဒေသခံများက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားရန် စီစဉ်လျက်ရှိ သည်။

မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်၊ မဲကင်းကုန်း၊ သဲကုန်း၊လိမ်ပင်တောနှင့် ဘူးကုန်းကျေးရွာတို့မှ လယ်ယာမြေများ အားရောင်းချနေခြင်းဖြစ် သည်ဟုဒေသခံများက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ထိုမြေကွက်များမှာ သိန်းထောင်ချီ ပေါက်ဈေးရှိနေပြီး ကျေးရွာနှင့် နီးသည့် မြေကွက်များမှာ သိန်း တစ်ထောင်မှနှစ်ထောင်ပေါက်ဈေး ရှိကာကျေး ရွာ နှင့် အလှမ်းဝေးသည့် မြေကွက်များသည် သိန်း ၅၀၀ဝန်းကျင်ထိ ပေါက်ဈေးရှိသည်ဟုလည်း အရောင်းအဝယ် လုပ်နေသူများ ကပြောသည်။

"ကိုယ့်လယ်ကိုကိုယ်ရောင်းနေကြတာဆိုပေမယ့် စိုက်လို့ပျိုးလို့ရတာကိုတော့ စိစစ်ပြီးတားသင့်ပါတယ်။ မတားဘဲအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်ရောင်းပေးနေတော့ ကျွန်တော်တို့ မရောင်းချင်တဲ့သူကျတော့ အခက်တွေ့နေတယ်။ ဝယ်တဲ့သူက ဝယ်ပြီးရင် ခြံခတ်သွားတယ်။ ခြံခတ်သွားတော့ စိုက်ဖို့ခက်သွားတယ်။ ရောင်းတာကိုမတားပါဘူး။စိုက်ပျိုးနေဆဲနေရာတွေကိုတော့ မရောင်းဖို့တားသင့်တယ်။ အခုစာတင်ဖို့ လုပ်တာကလည်း တားပေးဖို့ပါ။ တစ်ဦးတစ်ယောက်ကို ဒုက္ခရောက်စေချင်တဲ့ ဆန္ဒနဲ့လုပ်တာမဟုတ်ပါဘူး။"ဟု ကုန်းတန်းကျေးရွာမှ ဦးစိုးမောင်က ပြောသည်။

အဆိုပါ လယ်ယာမြေကို ဝယ်ယူကာ အိမ်ဆောက်နေထိုင်သူ ၃၀၀ကျော် ရှိနေပြီး စိုက်ပျိုးနေဆဲ လယ်သမားအချို့မှာ အခက်အခဲ ဖြစ်နေသည့်အတွက် လယ်ပိုင်ရှင် ၅၀ကျော်က လယ်ယာမြေ တရားမဝင် ရောင်းချမှုကို စာတင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

"ကျွန်မက ၃ ဧက ရှိတာ အခုရောင်းပြီးသွားပြီ အိမ်လည်းဆောက်နေကြတယ်။ ဘာမှပြသနာမရှိပါဘူး။ လယ်နီးခြင်းအတော် များများကလည်း ရောင်းနေကြ တာပါ။အခုလယ်မရှိတော့ပေမယ့် လိုင်းကားဝယ်ပြီး လိုင်းဆွဲစားတယ်။ စိုက်တဲ့သူကနည်းသွားပါပြီ ရွာတွေဆက်ကုန်တာလည်းပါတယ်။

အခုလိုရောင်းဖြစ်တာကတော့ ငွေလုံးငွေရင်း တစ်ခါတည်းရတယ်ဆိုတော့ တခြားစီးပွားရေးပြောင်းလုပ်လို့လည်း အဆင်ပြေပါတယ်။"ဟု နန်းဦးလွင်ကျေးရွာမှ လယ်ယာမြေရောင်းချထားသူ ဒေါ်အေးတင် က မဇ္ဈိမကို ပြောသည်။

အဆိုပါ လယ်ယာမြေများကို ၂၀၁၂ ခုနှစ်ခန့်မှ စတင် အရောင်းအဝယ်ဖြစ်နေပြီး ဝယ်ယူသူအများစုကလည်း နေထိုင်ရန် ဝယ်ယူခြင်း ဖြစ်သည်ဟု ဆိုသည်။

"အဘတို့ မြို့ထဲမှာအဆင်မပြေလို့ အိမ်ကိုရောင်းခဲ့ပြီး ဒီဘက်ကိုလာဝယ်တာပါ။ ပိုတဲ့ပိုက်ဆံနဲ့ စီပွားရေးလုပ်ပေါ့။ အထွေအထူးတော့ပြောစရာမရှိဘူး။ သူများတွေဝယ်တော့ လိုက်ဝယ်နေတဲ့သဘောပဲ။ ပိုင်ဆိုင်ခွင့်အထောက်အထားတော့မရှိဘူး။ နှစ်ဦးသဘောတူ စာချုပ်ချုပ်ပြီး ဝယ်ခဲ့ကြတာပါ။"ဟု ကုန်းတန်း ရွာမှ ဦးလှမင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါနှစ်ဦးသဘောတူဝယ်ယူရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လက်မှတ်ထိုး ဝယ်ယူကြခြင်းဖြစ်သည်ဟု ဝယ်ယူသူများကဆိုသည်။

"စာချုပ်ချုပ်ပြီးတာနဲ့ ရပ်ကွက်ရုံးကို သုံးသောင်းပေးရတယ်။ စာချုပ်တစ်ခုကို ရုံးမှာပေးထားခဲ့ရတယ်။"ဟု အရောင်းအဝယ်ပြုလုပ်နေသူ ဒေါ်စန္ဒာဝင်း ကပြော သည်။

စိုးစံမြေအကျိုးတော်ဆောင် ကိုစိုးစိုးမင်းကလည်း "ဒါတွေက ပြောရတာခက်တယ်။ ယုံကြည်မှုနဲ့လုပ်နေကြတာပါ။ အန္တရာယ်များတယ်။ အာမခံချက် ဘာမှမရှိ ဘူး။ကျွန်တော်တို့ကတော့ အဲဒါမျိုးတွေ အကျိုးဆောင်မပေးဘူး။ အရပ်ပွဲစားတွေ လုပ်နေကြတာများတယ်။"ဟုပြောသည်။

ပုသိမ်ကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း "ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကိုမေးပါ။ သူတို့က ပိုပြီးသိပါလိမ့်မယ်။" ဟုပြောသည်။

ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး က "အခုရောင်းနေ ဝယ်နေတာတွေက တရားတော့မဝင်ပါဘူး။ နိုင်ငံတော်က ဖယ်ဆို ဖယ်ရမယ်။သူတို့ဆီကနေ ငွေတောင်းတာငွေယူတာမရှိပါဘူး။ စာချုပ်ပဲယူထားတယ်။ သိရှိကြောင်းပေါ့ဗျာ။ သူတို့ အရှုပ်အရှင်းဖြစ်လာရင် ကျွန်တော်တို့က စီခန့်အဖွဲ့နဲ့ဖြေရှင်းပေးတာရှိတယ်။ တရားရုံးရောက်တဲ့အမှုတွေကိုတော့ ဖြေရှင်းမပေးပါဘူး။ ရောင်းမယ်ဆိုရင် လယ်နီးချင်းတွေကို ခေါ်မေးတာတွေလုပ်ပါ တယ်။ အဆင်ပြေမှ ရောင်းဝယ်ကြတာပါ။ ဘာကြောင့် တိုင်လည်းတော့မသိဘူး။ အခုချိန်မှာ တားဖို့လည်းမဖြစ်တော့ဘူး။"ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါမြေများအား ရွာမြေပေါက်ရန်အတွက် ၂၀၁၄ခုနှစ်ဇူလိုင်လ ကလျှောက်ထား ထားကြောင်းနှင့်ရောင်းချထားသော အကွက်များမှာ တစ်ထောင်ကျော်နေ ပြီဖြစ်ကြောင်း ဦးခင်စိုး ကဆိုသည်။

အဆိုပါ လယ်ယာမြေများ ဆက်လက်ရောင်းချနေမှုအား တားဆီးပေး ရန်အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံတိုင်ကြားရန် လက်မှတ်ထိုးများစတင် စုဆောင်းနေသည်။

No comments: