ဖြိုးဝေအောင်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကယား(ကရင်နီ) ပြည်နယ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူများသည် ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်များကိုသာ ဖြစ်စေလိုသည်ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီက ပြောသည်။
ရှားတော၊ ဖားဆောင်းနှင့် ဘောလခဲမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးအောင်မင်း၊ ဦးဝင်းမြင့်၊ ဦးစိုးသိန်းတို့က ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“သူတို့က နေရာယူချင်တာပဲဖြစ်တယ်၊ ဒီဒေသက အကြောင်းကိုလုံးဝသိတာမဟုတ်ဘူး၊ ဒီတော့ ဒီဒေသအတွက် ဘာမှ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး၊ နေရာယူချင်တာ သက်သက်ပဲ၊ ဦးတို့အနေနဲ့တော့ ဒီဒေသကလူတွေပဲ ဖြစ်စေချင်တယ်” ဟု ဥက္ကဋ္ဌ ဦးဒယ်နီယာက ပြောသည်။ ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ကိုယ်စားလှယ်လောင်းအမည်စာရင်း တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသည့် အတွက် တစုံတရာ သဘောထား ထုတ်ဖော်မပြောနိုင်ဟု ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြန်ကြားရေးဌာန ဦးကျော်မြင့်က ပြောသည်။
“လျာထားစာရင်းမရှိသေးဘူး၊ လျာထားစာရင်းနဲ့ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းပြီးကြေငြာတဲ့အချိန်မှာ ပြည်နယ်ကြံ့ခိုင်ရေးရုံးရဲ့ သဘောထားထုတ်ပြန်ပြော ဆိုပါမယ်” ဟု ပြောသည်။
၎င်း ၃ မြို့နယ် ပြည်ထောင်စု ၀န်ကြီးများက ဘော်ဒါဆောင်ဆောက်လုပ်လှူရန် မြေနေရာများ သတ်မှတ်ထားခဲ့ပြီး ဘော်ဒါဆောင်နှင့် ကားတစ်စီး လှူဒါန်းရန်ရှိသည်ဟု မြို့ခံများထံမှ သိရပါသည်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ဒေသခံတိုင်းရင်းသားတစ်ပါတီကို အာဏာပိုင်များက တားဆီးပိတ်ပင်ခံရသည်။
လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဒေသခံပါတီ ၃ ခုက မဟာမိတ်ပြုလုပ်ကာ ပြည်နယ်တ၀န်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။
No comments:
Post a Comment