နိုင်နိုင်ဇော်
ပထမမြန်မာရင်းနှီးမြုပ်နှံမှုကုမ္ပဏီ FMI နှင့် Lighting Specialist Co.,Ltd(LSC) တို့ပူပေါင်း၍နေပြည်တော်တွင် ကန်ဒေါ်လာ ၂၄သန်းတန်ဖိုးရှိ လူနေ တိုက် ခန်းများနှင့် စီးပွားရေး ရုံးခန်းများပါဝင်သည့် ကွန်ဒိုအိမ်ရာ သစ် Kris Plaza Nay Pyi Taw အရောင်းပြခန်း ဖွင့်လှစ်သွားမည်ဟု FMI လုပ်ငန်းစုက မေလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် အကောင်အထည်ဖော်နေသည့် ယင်းစီမံကိန်းတိုက် ခန်းများကို ယခုနှစ် မတ်လအတွင်း ရန်ကုန်တွင်ရောင်း ချခဲ့ပြီး ဖြစ်သော်လည်း စိတ်ဝင်စားမှု မြင့်တက်နေခြင်း ကြောင့် Kris Plaza Nay Pyi Taw အရောင်းပြခန်းကို ထပ်မံဖွင့်လှစ်ရခြင်းဟု ယင်းထုတ်ပြန်ချက် တွင်ဖော် ပြထားသည်။
LSC မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မိုးအောင်က“ နေပြည်တော်ကို အခြေခံအဆောက်အအုံ အပြည့်စုံ ဆုံးမြို့တစ်ခုအဖြစ် ယုံကြည်သလို ကျွန်တော်တို့ရဲ့ Kris Plaza ကိုလည်း နိုင်ငံတကာအဆင့်မီတဲ့ အဆောက်အဦး တစ်ခုအဖြစ်အကောင်အထည်ဖော်မှာပါ”ဟုပြောသည်။
အဆိုပါ Plaza အဆောက်အအုံတွင် ခေတ်မီအသုံးအဆောင်ပစ္စည်းများဖြင့် ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ခေတ်မီရုံးခန်းများ၊ ၂၄ နာရီပြည့်စုံသော လျှပ်စစ်မီးစနစ်၊ ရေနှင့်အခြား ခြေခံအဆောက်အအုံများ အပြည့်စုံဆုံးဖြစ်အောင် တည်ဆောက်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် ဟိုတယ်နှင့် ဆိုင်ခန်းအဆောက်အအုံနှစ်ခုတွင် အခန်းအရေအတွက် တစ်ထောင်ကျော် ပါဝင်မည့်ခေတ်မီ အဆောက်အအုံအဖြစ် အကောင် အထည်ဖော်နေခြင်း ဖြစ်ပြီး ယင်းစီမံကိန်းအနီးတွင် ခေတ်မီရေပန်း ဥယျာဉ်များ၊ တိရစ္ဆာန်ဥယျာဉ်များအနီးတွင် တည်ရှိသည့် စီမံကိန်းတစ်ခုအဖြစ် ထုတ်ပြန် ချက်တွင်ထပ်မံဖော်ပြ သည်။
ယင်း Kris Plaza အကောင်အထည်ဖော်မှု နှင့်ပတ်သက်၍ FMI ၏ ဈေးကွက်အကြီးအကဲ Mr.Gavriel Cheng က“ Kris Plaza ဟာ အနာဂတ်ကာလ နေပြည်တော် ကြီးပွားတိုးတက်ရေးမှာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ယုံကြည်ပါတယ်”ပြောသည်။
Lighting Specialist Co Ltd (LSC) ကို၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံရှိ KrislitePte Ltd နှင့်အတူ မဟာဗျူဟာ မိတ်ဖွဲ့ခဲ့သည်။ ထို့အတူ Krislite နှင့် Lighting Specialist Company Ltd သည် ရန်ကုန်နှင့် နေပြည်တော်၏ ဖွံ့ဖြိုးမှုတွင် ပါဝင်လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဟု အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment