သူဇာ
မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ငါး ထောင်ပေါင်းများစွာ သေဆုံးမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် တောင်သမန်အင်းအတွင်း ရေဆိုး စွန့်ထုတ်သည့် စက်ရုံ ၁၇ ခုကို လုပ်ငန်း လုပ်ကိုင်ခွင့် ယာယီ ပိတ်သိမ်းလိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) က ပြောသည်။
MCDC ကော်မတီဝင် (၅) ဒေါက်တာ သွင်ကျော်ကျော်က “ကျနော်တို့ ညွှန်ကြားထားတဲ့ ရေဆိုးထုတ်လုပ်မှု စနစ်တွေကို လိုက်နာမှုမရှိတဲ့အတွက် ဒီစက်ရုံတွေကို ကျနော်တို့က လုပ်ငန်းလိုင်စင် ယာယီ ပိတ်သိမ်းပါတယ်။ ကျနော်တို့ရဲ့ ညွှန်ကြားချက်တွေကို ဆက်ပြီး လိုက်နာ ဆောင်ရွက်ပါတယ်ဆိုတဲ့ စစ်ဆေးမှုတွေ လုပ်နိုင်တဲ့ အခြေအနေကို ပြန်လည် တင်ပြလာရင် လုပ်ကိုင်ခွင့် ပြန်လည်ပေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယာယီ ပိတ်သိမ်းခံရသည့် စက်ရုံများထဲတွင် စက္ကူစက်၊ သကြားစက်နှင့် အရက်ချက်စက်ရုံများ ပါဝင်ပြီး ယင်းစက်ရုံများကို MCDC ရေနှင့် သန့်ရှင်းမှုဌာနက ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ MCDC အနေဖြင့် တောင်သမန် အင်းအနီးတွင် ပြည်တွင်းဖြစ် ရေဆိုးသန့်စင် စက်ရုံကို လာမည့် ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် အပြီးတည်ဆောက်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က တောင်သမန်အင်းအတွင်း ကျက်စားနေသည့် ငါး ထောင်ပေါင်းများစွာ အောင်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရပြီး ရေပေါ်တွင် ငါးသေများ မြင်မကောင်းအောင် ပေါ်ပေါက်ခဲ့သည့် အတွက် မန္တလေးမြို့ ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများ ရှိခဲ့သည်။
ထို့ကြောင့် အမရပူရမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူးက တရားလို ပြုလုပ်ကာ တောင်သမန် အင်းအတွင်းသို့ ရေဆိုးစွန့်ပစ်သည့် စက်ရုံ ၁၂ ခုကို ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၃၈ ဖြင့် ၂၀၁၅ ခုနှစ်၊ မေလ ၄ ရက်နေ့က အမရ ပူရ မြို့နယ် ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။
တောင်သမန်အင်းအတွင်း ငါးများ သေဆုံးမှု ဖြစ်ရပ်သည် ယခုကဲ့သို့ ပူပြင်းသည့် ရာသီတွင် မကြာခဏ ဖြစ်ပွား တတ်သော်လည်း ငါး ထောင်ပေါင်းများစွာ သေဆုံးရသည့် ဖြစ်ရပ်မျိုးမှာ ၁၉၉၈ ခုနှစ်တွင် တကြိမ်၊ ယခု တကြိမ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း မန္တလေး ဒေသခံများက ပြောသည်။
မန္တလေးမြို့ခံ သတင်းစာဆရာတဦး ဖြစ်သူ ဦးစန်းယုကျော်က “အခုလို ရေဆိုးစက်ရုံတွေက စွန့်ပစ်တဲ့ ဓာတုဆေးတွေနဲ့ ရှင်သန်နေတဲ့ ငါးတွေကို စားသုံးမိရင် စားမိတဲ့ ကျနော်တို့တွေမှာလည်း ကျန်းမာရေး ထိခိုက်မှုတွေ ရှိနိုင်တယ်။ ဒါတွေ ကို သေချာစိစစ် ကြီးကြပ်ဖို့ လိုတယ်။ တောင်သမန်အင်းကို သဘာဝအင်းကြီးအတိုင်း ဖြစ်စေချင်တယ်” ဟု ပြောဆိုသည်။
၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်က တောင်သမန်အင်းသည် ဧရာဝတီမြစ်အတွင်း ရေ၀င်ရေထွက် ရှိနေသည့် သဘာဝ အင်းကြီးတခုဖြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် တောင်သမန်အင်းထဲမှ ရေများကို ရေထိန်းတံခါးများ တည်ဆောက်၍ ရေသေအဖြစ် ပိတ်လှောင်ခဲ့သည်။ ထို့နောက် ၁၉၉၅ ခုနှစ်မှ စတင်ပြီး တောင်သမန်အင်းအတွင်း ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
No comments:
Post a Comment